ဆီးချိုသွေးချိုဖြစ်လာပြီဆိုရင် ဆီးချိုထိန်းဆေး သောက်တာ၊ထိုးတာနဲ့တင် မလုံလောက်ပါဘူး။
ပုံမှန်သွေးချိုဆီးချိုကုသမှုအရ သောက်ဆေး၊ထိုးဆေးများ သောက်တာထိုးတာ အပြင် ကျန်းမာစေသောအစားအစာများစားခြင်း၊ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေကိုလည်း လုပ်ရပါမယ်။
ဆီးချိုသွေးချိုဖြစ်လာပြီဆိုရင် အစားသောက်စားသောက်တဲ့အခါမှာ အာဟာရဓါတ်အချိုးညီညီနဲ့မျှတလုံလောက်အောင်စားတတ်ဖို့လိုပါတယ်။
ဒီလိုအာဟာရဓါတ်အချိုးညီညီနဲ့မျှတလုံလောက်အောင်စားသောက်ခြင်းဖြင့် သင့်ရဲ့ကိုယ်အလေးချိန်နဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးရုံသာမက သင်၏ သွေးပေါင်ချိန်နဲ့သွေးထဲရှိ အဆီဓါတ်များကိုလည်း လျော့ကျစေနိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါဖြစ်လာပြီဆိုရင် သင်ကြိုက်သည့်စားနေကျ အစားသောက်များကိုလုံးဝမစားရတော့ဘဲ ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် သီးသန့်ထုတ်ထားသော အစားသောက်များကိုပဲစားရတော့မယ်လို့ မဆိုလိုပါ။
ပုံမှန်လူတွေစားသလိုပဲစားနိုင်ပါတယ်။
သို့ရာတွင် ဆီးချိုဝေဒနာရှင်အနေနဲ့ အစားစားသည့်အခါ သတိထားရမည့်အချက်တွေကိုတော့ လိုက်နာရပါမယ်။
အဲ့ဒါတွေကတော့
အဆီများတဲ့အစားအသောက်တွေကိုရှောင်ပါ။
လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်များကိုများများစားပါ၊ကြိုက်သလောက်စားပါ။
ထမင်းစားတဲ့အခါဆီးချိုတက်မှာစိုးရိမ်ပြီး ဆန်ကြမ်း၊ဆန်ညံတွေစားဖို့မလိုပါ။စားနေကျဆန်ကို အသင့်တင့်စားသုံးနိုင်ပါတယ်။အလွန်အကျွံ့စားသုံးတာကိုတော့ရှောင်ရပါမယ်။ဆီးချိုဝေဒနာရှင်များအနေနဲ့ထမင်းစားရာမှာတနေ့ကိုထမင်းစားဇွန်း ဇွန်းသုံးဆယ်ထက်ပိုမစားသင့်ပါ။
အသားနဲ့ငါးကိုလည်း သင့်တင့်သလောက် (တနေ့ကို လေးတုံးကနေ ငါးတုံးထိ)စားသုံးနိုင်ပါတယ်။
သစ်သီးဝလံတွေအနေနဲ့ကတော့ ချိုလွန်းသောသစ်သီးဝလံတွေ(ဥပမာ သရက်သီးမှည့်၊ငှက်ပျောသီးမှည့်၊ဒူးရင်းသီး)ကိုတော့ရှောင်ရပါမယ်။
သကြားနဲ့ပြုလုပ်ထားသောအစားအသောက်များကိုတော့ ရှောင်ပါ။
အစာကိုစားရမည့်အချိန်မှာပုံမှန်စားသုံးပါ။အကြောင်းတခုခုကြောင့် အစာမစားဘဲနေခြင်းမျိုးတွေ မလုပ်ပါနဲ့။
အဆမတန်၊အလွန်အကျွံ့စားခြင်းကိုရှောင်ပါ။
ကိုယ်အလေးချိန် အဆမတန် တိုးမလာအောင်ထိန်းညှိစားသောက်ပါ။
အရက်သောက်တတ်ပါက လျှော့သောက်ပါ။
ဆေးလိပ်သောက်တတ်ရင်တော့ ဆေးလိပ် ချက်ချင်းဖြတ်ပစ်တာ အကောင်းဆုံးပါ။
ဆီးချိုဝေဒနာရှင်များအနေနဲ့ စားသောက်ရာမှာ အထက်ပါအချက်များကို လိုက်နာဖို့လိုပါတယ်။
ဒါ့အပြင် ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ဖို့လိုပါတယ်။
ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာဟာလည်း ဆီးချိုသွေးချိုရောဂါကို ပိုမဆိုးအောင် ထိန်းပေးသည့်နေရာတွင် တော်တော်ကြီးကိုအထောက်အကူပေးပါသည်။နောက်ပြီးနေ၇ထိုင်၇တာလည်း ပိုမိုကောင်းမွန်လာပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင်ရဲ့သွေးထဲမှာရှိသော အချိုဓါတ်ပမာဏကို ထိန်းညှိပေးခြင်း၊အင်ဆူလင်ရဲ့အာနိသင်ကို ကောင်းစွာရရှိခြင်း၊နှလုံးရောဂါ၊ သွေးတိုးနှင့်လေဖြတ်လေငန်းရောဂါများဖြစ်ပွားမှုနှုန်းကို လျော့ကျစေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို တပတ်လျှင် အနည်းဆုံးသုံးကြိမ်ခန့်လုပ်သင့်ပါတယ်။တခါလုပ်လျှင် ပျမ်းမျှမိနစ်နှစ်ဆယ်မှ သုံးဆယ်ခန့်လုပ်သင့်ပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းမျိူးတွေလုပ်ရမလဲ။
သင်ကြိုက်နှစ်သက်သော ကိုယ်လက်လှုပ်၇ှားမှုတွေ ဥပမာ ရေကူးတာ လမ်းလျှောက်တာ ကခုန်တာ တင်းနစ်ရိုက်တာ ခြင်းခတ်တာ ဘောလုံးကန်တာ အိမ်အလုပ်လုပ်တာ စသဖြင့် လုပ်နိုင်ပါတယ်။
Dr 528