မိုးတွင်းကာလဟာ အေးစိမ့်ပြီး စိုစွတ်နေတဲ့ရာသီကာလ ဖြစ်တဲ့အပြင် အပြင်သွားရင်းလာရင်းနဲ့ မကြာခဏဆိုသလို မိုးမိတတ်ကြတဲ့အတွက် မိုးရာသီရောက်ပြီဆိုရင် လူအတော်များများဟာ အအေးမိ၊ တုပ်ကွေး ဖြစ်လေ့ရှိပါတယ်။
ဒီလိုမျိုး အအေးမိ၊ တုပ်ကွေးဖျားနာဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားပိုးတွေ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက် ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ ဖြစ်ပြီဆိုရင် ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေးနှာပိတ်ဖြစ်တာ၊ လည်ချောင်းနာတာ စသဖြင့်ခံစားရနိုင်ပါတယ်။
အဖျားပျောက်သွားရင်တောင်မှာ ချောင်းဆိုး၊ နှာစေး၊ နှာပိတ်ဖြစ်တာဟာ တပတ်လောက်ထိ ဆက်ခံစားရနိုင်ပါတယ်။ အဲဒီအခါမှာ နေရထိုင်ရတာလည်း မအီမသာဖြစ်တဲ့အပြင် ရက်ရှည် အလုပ်အကိုင်ပျက်တာ ကျောင်းပျက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ အအေးမိတုပ်ကွေးဖျားနာမဖြစ်အောင် ဆောင်ရန် ရှောင်ရန်များကို ရေးသားတင်ပြလိုက်ရပါတယ်။
၁။ နွေးနွေးထွေးထွေးနေပါ
အေးစိမ့်တဲ့ မိုးရာသီမှာ ပါးတဲ့အကျီဘောင်းဘီ အဝတ်အစားတွေဝတ်ဆင်တာဟာ အအေးမိ၊တုပ်ကွေးဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ သင့်တင့်တဲ့ အထူရှိတဲ့ အကျီရှည်၊ ဘောင်းဘီရှည်၊ ပုဆိုး စတာတွေကို ဝတ်ဆင်သင့်ပါတယ်။
၂။ မိုးမမိပါစေနဲ့
မိုးရာသီမှာ အပြင်ထွက်တိုင်း ထီး၊ မိုးကာ တစ်ခုခုကို မမေ့အောင် အမြဲယူဆောင်သွားပါ။
၃။ ရေဓာတ်လုံလောက်စွာရအောင်
တစ်နေ့ကို အနည်းဆုံး ရေ နှစ်လီတာသောက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းဟာ အလွယ်တကူ တုပ်ကွေးဖျားနာ ကူးစက်ခံရခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၄။ လက်ကိုမကြာခဏသန့်ရှင်းစင်ကြယ်စွာဆေးကြောပါ
လက်ကိုသေချာဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးခြင်းဟာ ရောဂါပိုးတွေဝင်ရောက်ကူးစက်ခြင်းကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်ပါတယ်။
၅။ အိပ်ရေး၀၀အိပ်ပါ
တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈ နာရီရှိပါစေ။ အိပ်ရေးပျက်တာ များရင်၊ အိပ်ချိန်မလုံလောက်ရင် ခန္ဓာကိုယ်က အားမရှိဘဲ ကိုယ်ခံအားနည်းနေနိုင်ပါတယ်။ ကိုယ်ခံအားနည်းနေချိန်မှာ အအေးမိတုပ်ကွေးပိုးတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။
၆။ ပူနွေးသောအစားစာများကိုစားပါ
ဗိုက်တာမင်စီကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို များများစားပါ။ မိုးရာသီမှာ အမှည့်လွန် သစ်သီးတွေစားတာ၊ အရင်နေ့က ကျန်တဲ့ အစားအသောက်တွေ ပြန်နွေးစားတာတွေ မလုပ်သင့်ပါ။ ဝမ်းပျက်ဝမ်းလျှော ဝမ်းဖောဝမ်းရောင်ဖြစ်နိုင်ပါတယ်။ အာဟာရပြည့်ဝမယ့် အစားအစာတွေကို စားပေးဖို့လိုပါတယ်။ ဒါမှသာ ခန္ဓာကိုယ်က ခွန်အားပြည့်ဝပြီး ကိုယ်ခံအားကောင်းနေမှာပါ။
၇။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခံအားကိုလည်း မြင့်တက်စေနိုင်ပါတယ်။
၈။ တုပ်ကွေးကာကွယ်ဆေးထိုးပါ
အထူးသဖြင့် ကိုယ်ခံအားနည်းသေးတဲ့ ကလေးအရွယ်တွေ၊ ကိုယ်ခံအားသိပ်မကောင်းတော့တဲ့ သက်ကြီးရွယ်အိုတွေ ဆိုရင် တုပ်ကွေးကာကွယ်ဆေးထိုးထားတာအကောင်းဆုံးပါ။
Author: Dr. 528