အအေးမိဖျားနာတဲ့အခါ၊ ရာသီဥတုကအေးတဲ့အခါ လူအတော်များများဟာ ခြေဖျားလက်ဖျားအေးတာ၊ နေရထိုင်ရတာချမ်းသလိုခံစားရတာမျိုး ဖြစ်တတ်ကြပါတယ်။ သို့သော် အအေးမမိမဖျားဘဲနဲ့ ပတ်ဝန်းကျင်ရာသီဥတုကလည်း မအေးဘဲနဲ့လည်း အမြဲတမ်းနီးပါး ချမ်းစိမ့်စိမ့်ဖြစ်တဲ့ဝေဒနာခံစားရတဲ့ လူတချို့လည်းရှိပါတယ်။
ဒါကြောင့် ဒီတပတ်မှာ အအေးမိဖျားလို့ ချမ်းစိမ့်စိမ့်ဖြစ်တာအပြင် ချမ်းစိမ့်စိမ့်ဝေဒနာကို ဖြစ်စေနိုင်မယ့် တခြားအကြောင်းလေးတွေကို သိသလောက်တင်ပြချင်ပါတယ်။
၁။ သွေးအားနည်းခြင်း(Anaemia)
ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ နေရာတွေဆီ အောက်စီဂျင်သယ်ပေးသော သွေးနီဥတွေ မလုံလောက်တဲ့အခါမှာ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ သွေးအားနည်းတဲ့အခါမှာ မောတာ၊ အားမရှိသလိုဖြစ်တာ၊ လူကမလန်းဘဲ မူးနောက်နောက်နုံးချိချိဖြစ်တာ မျိုးတွေဖြစ်တာမျိုးတော့ လူအတော်များများကြားဖူးကြပါတယ်။
ဒါတွေအပြင်သွေးအားနည်းတဲ့အခါမှာ ချမ်းစိမ့်စိမ့်ဝေဒနာပါ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ခြေတွေလက်တွေ အေးနေတာမျိုး ဖြစ်တတ်ပါတယ်။
၂။ သိုင်းရွက်ဟော်မုန်းနည်းခြင်း (Hypothyroidism)
သိုင်းရွက်ဟော်မုန်းကို လည်ပင်းမှာရှိတဲ့ သိုင်းရွက်ဂလင်းကနေ ထုတ်ပေးပါတယ်။ သိုင်းရွက်ဟော်မုန်းဆိုတာ ကျွန်တော်တို့တွေ အသက်ရှင်လှုပ်ရှားဖို့အတွက် အရေးပါတဲ့ ဟော်မုန်းပါ။ အကြောင်းတခုခုကြောင့် သိုင်းရွက်ဂလင်းကနေ ဟော်မုန်းထုတ်တာ နည်းသွားတဲ့အခါမှာ သိုက်ရွက်ဟော်မုန်းနည်းခြင်းရဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အဲ့ဒါတွေကတော့ ဝမ်းချုပ်တာ၊ အသားအရေခြောက်တာ၊ ကိုယ်အလေးချိန်များလာတာနဲ့ အအေးဒဏ်ကိုမခံနိုင်ဘဲ အမြဲလို ချမ်းစိမ့်စိမ့် ဖြစ်တာတွေပါ။
၃။ ရေးနော့ရောဂါရှိခြင်း (Raynaud’s Disease)
ရေးနော့ရောဂါဆိုတာဟာ ခြေဖျားလက်ဖျားလေးတွေမှာရှိတဲ့ သွေးကြောလေးတွေကို ထိခိုက်တဲ့ရောဂါပါ။ အဲ့ရောဂါရှိနေရင် သင့်သွေးကြောလေးတွေက စိတ်ဖိစီးမှုဒဏ်နဲ့ ပြင်ပက အအေးဒဏ်တွေကို ခံစားရတဲ့အခါ တရားလွန်တုံ့ပြန်ပါတယ်။ ဒီလိုတရားလွန်တုံ့ပြန်တဲ့အခါမှာ သွေးကြောလေးတွေကကျဉ်းလာပြီး သွေးကောင်းကောင်းမလျှောက်တော့တဲ့အတွက် ခြေဖျားလက်ဖျားထိပ်လေးတွေဟာ
အေးလာပြီး ထုံတာတွေ ခံစားရနိုင်ပါတယ်။
၄။ ကျောက်ကပ်ရောဂါဖြစ်ခြင်း
ကျောက်ကပ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ဓါတ်ပစ္စည်းတွေနဲ့ အဆိပ်တောက်ဖြစ်စေနိုင်မယ့် အရာတွေကို ဆီးကနေတဆင့် စွန့်ပစ်ပေးပါတယ်။
ဒါ့အပြင် သွေးနီဥတွေဖြစ်ပေါ်ဖို့ရာအတွက် လိုအပ်တဲ့ Erythropoietin ဟော်မုန်းကိုလည်း ထုတ်ပေးပါတယ်။
အကြောင်းတခုခုကြောင့် ကျောက်ကပ်ရောဂါဖြစ်တဲ့အခါ ကျောက်ကပ်က အဲ့ဒီလုပ်ငန်းတာဝန်တွေကို မလုပ်နိုင်တော့ပါဘူး။
အဲ့အခါမှာ ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေများလာတာ၊ သွေးနီဥတွေနည်းလာပြီး သွေးအားနည်းတာတွေဖြစ်လာတဲ့အတွက် ပတ်ဝန်းကျင်ကနွေးနေရင်တောင် လူက နေရထိုင်ရတာ ချမ်းစိမ့်စိမ့်ဖြစ်လာနိုင်ပါတယ်။
၅။ ခြေလက်ရှိသွေးကြောများ သွေးကောင်းကောင်းမလျှောက်ခြင်း (Peripheral Artery Disease)
ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ အဆီအဆိမ့်အစားများတာ စတဲ့အကြောင်းတွေကြောင့်သွေးကြောနံရံတွေမှာ အဆီတွေကပ်ပြီး သွေးကောင်းကောင်းမလျှောက်တာတွေ ဖြစ်လာပါတယ်။
ဒီလိုဖြစ်တဲ့အခါ ဖြစ်တဲ့ဖက်က ခြေထောက် သို့မဟုတ် လက်ဟာ သွေးကောင်းကောင်းမရတဲ့အတွက် အေးစက်စက်ဖြစ်တာ၊ ထုံတာ၊ ကျင်တာ၊ နာတာတွေ ခံစားရနိုင်ပါတယ်။
၆။ ခြေလက်ရှိ အာရုံကြောတွေ ရောဂါဖြစ်ခြင်း(Peripheral Neuropathy)
ဆီးချိုရောဂါဖြစ်တာ၊ သွေးတိုးရောဂါဖြစ်တာ၊ ပိုးဝင်တာ၊ ကျောက်ကပ် သို့မဟုတ် အသည်းရောဂါဖြစ်တာ၊ အစာအာဟာရချို့တဲ့တာ၊ ဒဏ်ရာရတာ စတဲ့အကြောင်းတွေကြောင့် ခြေလက်ရှိအာရုံကြောတွေထိခိုက်ပြီး ပျက်စီးတတ်ပါတယ်။ အဲ့အခါမှာ ခြေဖျားလက်ဖျားတွေ အေးသလိုမျိုး ခံစားရနိုင်ပါတယ်။
ဒါပေမယ့် တကယ်တမ်းကိုင်ကြည့်တဲ့အခါမှာ အေးနေတာမျိုးမရှိဘဲ နွေးနေတတ်ပါတယ်။ အာရုံကြောပျက်စီးတဲ့အတွက် နွေးရဲ့သားနဲ့ အေးသလိုမျိုးခံစားရတာပါ။
၇။ သံဓါတ်နဲ့ ဗီတာမင်ဘီတွဲချို့တဲ့ခြင်း
သံဓါတ်နဲ့ ဗီတာမင်ဘီတွဲချို့တဲ့သောအခါ သွေးအားနည်းရောဂါ ဖြစ်နိုင်တဲ့အတွက် ချမ်းစိမ့်စိမ့်ဖြစ်သလိုခံစားရနိုင်ပါတယ်။
ဒီအခါမျိုးမှာတော့ ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှု ပိုမိုအားကောင်းစေဖို့အတွက် ဗိုက်တာမင်စီကြွယ်ဝနေစေဖို့ပါ သတိပြုရပါတယ်။
အဖျားဟုတ်မဟုတ် သေချာစေဖို့တော့ ကိုယ်ပူချိန်တိုင်းတဲ့ သာမိုမီတာနဲ့သေချာတိုင်းကြည့်ဖို့လိုအပ်ပါတယ်။
ကိုယ်ပူချိန်၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ထက် တက်နေခဲ့ရင်တော့ အဖျားအစစ်ဖြစ်တာမို့ သေချာဂရုစိုက်ဖို့လိုပါတယ်။
အလွယ်တကူမဖျားမနာဖို့အတွက်တော့ ကိုယ်ခံအားကောင်းနေစေဖို့ အမြဲသတိထား နေထိုင်စားသောက်ဖို့လိုပါတယ်။
Dr 528