မကြာခဏသတိမေ့တတ်ခြင်း နှင့် ဦးနှောက်တွင်းသွေးယိုစီးမှု
အသက်ကြီးလာတာနဲ့ အမျှ မှတ်ဉာဏ် ချို့ယွင်းမှုတွေကို အနည်းနဲ့ အများကြုံတွေ့လာရတတ်ပါတယ်။ တစ်ချို့ကျတော့ မှတ်ဉာဏ် တစ်ရွေ့ရွေ့ နဲ့ လျော့နည်းလာတတ်တယ်။ တစ်ချို့ကျတော့ ရုတ်တရက်ဆိုသလို မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတတ်တယ်။တစ်ချို့တွေမှာတော့ မှတ်ဉာဏ်ကပျောက်လိုက် ပြန်ကောင်းလိုက်နဲ့ ဖြစ်တတ်ပါတယ် ။အသက်ကြီးပိုင်းတွေမှာ အလိုလိုနေရင်း မှတ်ဉာဏ် ပျောက်သလိုဖြစ်လိုက် ပြန်ကောင်းလာလိုက်ဖြစ်နေပြီဆိုရင် သတိထားရမယ့် ရောဂါတစ်ခုက ဦးနှောက်ထဲ သွေးယိုစီးနေတဲ့ ရောဂါပါ ။
Subdural Haematoma လို့ ခေါ်တဲ့ ဦးနှောက်ထဲ သွေးယိုစီးတဲ့ ရောဂါတစ်မျိုးက အသက်ကြီးပိုင်းတွေမှာ ဖြစ်မှန်းမသိ ဖြစ်နေတတ်တဲ့ ရောဂါပါ ဦးခေါင်းတစ်ခုခုနဲ့ စောင့်မိထားတာမျိုးကနေ သွေးတစ်ဖြည်းဖြည်းယိုစိမ့်နေပြီး အချိန်ကြာမှ ရောဂါလက္ခဏာတွေ ဖြစ်လာတတ်တာမျိုးပါ ။သွေးတိုးရောဂါ အခံရှိသူတွေမှာလည်း ဒီရောဂါဖြစ်နိုင်ချေရှိပါတယ် သွေးကျဲဆေးသောက်နေတဲ့သူတစ်ချို့မှာလည်း တစ်ခါတစ်လေ ဖြစ်နိုင်တတ်ပါတယ် သွေးကျဲဆေးကြောင့်ဖြစ်တဲ့သွေးယိုစိမ့်တာကတော့ ဦးနှောက်အပြင် တစ်ခြားနေရာတွေမှာပါ ဖြစ်တတ်ပါတယ် ။
Subdural haematoma ရောဂါခံစားရပြီဆိုရင် ပုံမှန်ပြုမူပြောဆိုနေရာကနေ ရုတ်တရက်ဆိုသလို စကားတွေလျှောက်ပြောတာမျိုး ကြောင်သလိုလိုဖြစ်လာတာမျိုး အိမ်ကလူတွေကို မှတ်မိလိုက်မမှတ်မိလိုက်ဖြစ်တာမျိုးတွေ ဖြစ်လာတတ်ပါတယ် မသိရင် လူပြောင်းသွားသလို ခံစားရတတ်ပါတယ် ဒီလိုတွေဖြစ်ပြီးရင်လည်း အလိုလိုပြန်ကောင်းလာတတ်တယ် ကောင်းလိုက်ဆိုးလိုက်နဲ့ တစ်လနှစ်လလောက် ကြာလာတတ်ပါတယ် ။
သွေးယိုစီးမှုကြောင့် ဦးနှောက်ထဲ သွေးခဲနေတာကတော့ တစ်ဖြည်းဖြည်း ကြီးလာတတ်ပါတယ် သွေးခဲကြီးလာတာနဲ့အမျှ ခံစားရတဲ့ ရောဂါလက္ခဏာတွေ ပိုဆိုးလာတတ်ပါတယ် သွေးခဲပမာဏများလာတာက ဦးနှောက်ထဲက သွေးဖိအားကို များလာစေတတ်ပြီး မနက်စောစောပိုင်းတွေ အထိုင်အထတွေမှာ ထိုးထိုးပြီး အန်တာတွေ ခေါင်းကိုက်တာ အမြင်ဝါးတာတွေနဲ့ ဇက်တောင့်နေတာတွေ ဖြစ်တတ်ပါတယ် ။တစ်ချို့သူတွေမှာ လေဖြတ်တဲ့ အဆင့်ထိရောက်နိုင်ပါတယ် လေဖြတ်တယ်လို့ဆိုရာမှာ သွေးခဲကဖိထားတဲ့ ဦးနှောက်အစိတ်အပိုင်းနဲ့ အာရုံကြောအစိတ်အပိုင်းတွေ အလုပ်ကောင်းကောင်းမလုပ်တော့တာမျိုးပါ လေဖြတ်တိုင်း ခြေလက်ကိုယ်တစ်ခြမ်း ထိရတယ်မဟုတ်ပါဘူး တစ်ချို့လေဖြတ်တာတွေမှာ အစာမြိုချမရတာ သီးတာ စကားပြောလေးလာတာ ထုံကျင်လာတာ ခြေလက်တစ်ချောင်းတည်းကွက်ထိတာ စသဖြင့်အမျိုးမျိုးဖြစ်နိုင်ပါတယ် ။
ဒီလိုရောဂါလက္ခဏာမျိုးတွေ တွေ့နေရပြီဆိုရင် သွေးယိုစီးတာကြောင့် ဟုတ်မဟုတ်ကို စစ်ဆေးဖို့ ဦးခေါင်းပိုင်းကို CT scan ရိုက်ဖို့လိုပါတယ် ဒီရောဂါဆိုရင်တော့ သွေးယိုစီးမှုပမာဏ သွေးခဲပမာဏကိုကြည့်ရမှာပါ ။သွေးခဲပမာဏကြီးတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုလည်းလိုအပ်နိုင်ပါတယ် ဦးနှောက်ထဲကသွေးဖိအားကိုလည်း ဆေးနဲ့ လျှော့ချပေးရပါမယ် လူနာကရောဂါကြောင့် လေဖြတ်တာတစ်ခုခုပါခံစားနေရတယ်ဆိုရင်တော့ လေ့ကျင့်ခန်းနဲ့ တစ်ခြားဆေးကုသမှုတွေပါ လိုအပ်ပါတယ် အပြီးပြန်ကောင်းဖို့ကတော့ အာမမခံပါဘူး ။Subdural haematoma ရောဂါက လူနာအတွက် အရမ်းမပြင်းထန်သေးဘူးဆိုရင်တော့ ဆေးကုသမှုတွေပြီးတဲ့အခါ မှတ်ဉာဏ်လည်း အကောင်းအတိုင်းပြန်ရနိုင်ပါတယ် ။
Dr. CST