အခုလိုပူပြင်းလာတဲ့ ရာသီမှာ လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ ချွေးထွက်ခြင်းဟာ ကိုယ်ခန္ဓာအပူချိန်အပေါ်လိုက်ပြီးထွက်တာသလို စိတ်လှုပ်ရှားလျှင်လည်း ချွေးထွက်များတတ်ပါတယ်။
(၁)ချွေးထွက်များတဲ့နေရာများ
– လက်မောင်းကြား
– မျက်နှာ
– လက်ဖဝါး၊ ခြေဖဝါးမှာ အထွက်များတတ်ပါတယ်။
ချွေးထွက်များခဲ့လျှင် ဒါမှမဟုတ် လုံးဝမထွက်ခဲ့လျှင် အောက်ခံအကြောင်းအရင်းကို သေချာရှာဖွေသင့်ပါတယ်။ ချွေးထုတ်တဲ့ ဂလင်းများမှ ချွေးထွက်ပြီး ဗက်တီရီးယားပိုးများရောနှောပြီး လူတွေအတွက် ပြဿနာဖြစ်လာတတ်ပါတယ်။ ချွေးမှာ ရေနဲ့ဆား၊ အဆီဓာတ်တွေ ပါဝင်ပါတယ်။
(၂) ချွေးထွက်တဲ့ အကြောင်းအရင်းများ
– ကိုယ်ပူချိန်များခြင်း
ကိုယ်ပူချိန်များခြင်း ဒါမှမဟုတ် ပတ်ဝန်းကျင်အပူချိန် များနေတဲ့အခါ ချွေးထွက်များနိုင်ပါတယ်။
– စိတ်လှုပ်ရှားမူများခြင်းနဲ့ စိတ်ဖိစီးမှုများခြင်း
စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းစတဲ့အခြေအနေတွေမှာ ချွေးထွက်များတတ်ပါတယ်။
– အစာအစားများ
မိမိစားတဲ့အစာအစားတွေ ဥပမာ အပူအစပ်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်ဘီယာ စတာတွေကြောင့်လည်း ချွေးထွက်များပါတယ်။
– အခြားသောရောဂါအခံတွေနဲ့ ဆေးဝါးတချို့
ချွေးထွက်များခြင်းဟာ ရောဂါအခံတွေနဲ့ ဆေးဝါးတွေကြောင့် ချွေးထွက်များတတ်ပါတယ်။ ဥပမာ
– ကင်ဆာ
– ကိုယ်ပူကျစေတဲ့ဆေးများ
– ကူးစက်ရောဂါများ
– အကိုက်အခဲပျောက်ဆေးများ
– သိုင်းရွိုက်ဟော်မုန်းများ မညီမျှမှု
– သွေးဆုံးခြင်း
အမျိုးသမီးများအနေဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ချွေးထွက်များခြင်း၊ ကိုယ်ပူရှိန်ခြင်းစတာတွေ ဖြစ်စေပါတယ်။
(၃) ချွေးထွက်လျှင် ပြုလုပ်သင့်တဲ့အရာများ
ပုံမှန်ချွေးထွက်လျှင် ဆေးကုသရန် မလိုအပ်ပါ။ ဒါပေမဲ့ သက်သောင့်သက်သာရှိရန်နဲ့
ချွေးထွက်နည်းရန် အောက်ပါတို့ကို ပြုလုပ်ပါ။
– ပါးလွှာ၍ သက်တောင့်သက်သာရှိတဲ့ အသက်ရှုချောင်တဲ့ အဝတ်တွေ ဝတ်ပါ။
– အပူစုပ်တဲ့ ထူထပ်တဲ့အဝတ်အစားတွေ မဝတ်ပါနဲ့။
– မျက်နှာနဲ့ ကိုယ်ကို ချွေးသုတ်ပေးပါ။
– ချွေးစိုနေတဲ့ အဝတ်အစားတွေ လဲလှယ်ပါ။
– ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို ရေများများသောက်ခြင်းနဲ့ ဓာတ်ဆားရည်သောက်ခြင်းဖြင့် ပြန်လည်ဖြည့်တင်းပါ။
– ချွေးနံ့ သက်သာစေတဲ့ချွေးနံ့ပျောက်ဆေး လိမ်းပါ။
– ချွေးထွက်လွန်တဲ့အစာအစားတွေ ရှောင်ပါ။
(၄) ချွေးထွက်များခြင်းရဲ့ဆိုးကျိုးများ
ချွေးထွက်များခြင်းကြောင့် ဖြစ်နိုင်တဲ့အခြေအနေတွေကတော့
– ရင်ဘတ်အောင့်ခြင်း
– မူးမောခြင်း
– အသက်ရှုမဝခြင်း
– မူးမေ့လဲခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။
Author: Dr. ပြည့်ရှင်း