ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာ
ပဋိဇီဝဆေးဆိုတာဟာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေတဲ့ဆေးဖြစ်ပါတယ်။
ဆေးပညာအရတော့ Antibiotics လို့ခေါ်ပါတယ်။
အရပ်အခေါ်အနေနဲ့တော့ ပိုးသတ်ဆေးလို့ခေါ်ပါတယ်။
ပိုးသတ်ဆေးတွေ အများကြီးရှိတဲ့ထဲက ကျွန်တော်တို့မြန်မာနိုင်ငံက လူအတော်များများသိတဲ့ အသုံးများတဲ့ ပိုးသတ်ဆေးနှစ်မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ ပင်နီဆလင်နဲ့ အမောက်ဆလင် (ခါးပတ်ကြား) ပါ။
ပဋိဇီဝဆေးယဉ်ပါးခြင်းဆိုတာဟာ ဆေးမတိုးတော့ခြင်း ဖြစ်ပါတယ်။
(ဥပမာပြောရရင် ယခင်က ပင်နီဆလင်သောက်ရင်ပျောက်တဲ့ ရောဂါမျိုးတွေက အခုအခါ ပင်နီဆလင်သောက်ပေမယ့် ရောဂါမပျောက်တော့တာမျိုးပါ။)
ဖြစ်တဲ့ရောဂါနဲ့ဝင်တဲ့ ပိုးကတော့ ယခင်ဖြစ်တာနဲ့အတူတူပါပဲ။
ဒါပေမယ့်ပိုးက ပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာတဲ့အတွက် ယခင်ကဖြစ်တဲ့ရောဂါမျိုးမှာ ယခင်ပိုးသတ်ဆေး ပေးပေမယ့် ပိုးမသေတာကြောင့် ရောဂါကယခင်လို ပျောက်ကင်းသက်သာခြင်းမရှိပါဘူး။
ပဋိဇီဝဆေးယဉ်ပါးမှုဖြစ်တဲ့အခါ အရင်ထက်ပြင်းတဲ့ ပိုးသတ်ဆေးမျိုး သို့မဟုတ် တခြားအုပ်စုမတူတဲ့ ပိုးသတ်ဆေးမျိုးတွေ ပေးရပါတယ်။
အဲ့အခါကျ ဆေးကုသရာမှာ အချိန်ကြန့်ကြာပြီး ငွေကုန်လူပန်းဖြစ်ပါတယ်။
ပင်နီဆလင်လို ပိုးသတ်ဆေးမျိုးကို ယဉ်ပါးခြင်းဖြစ်ရင် တခြားပိုးသတ်ဆေးပေးလို့ရတဲ့အတွက် အချိန်ကြန့်ကြာပြီး ငွေကုန်လူပန်းဖြစ်တဲ့ပြဿနာလောက်ပဲ ရှိပေမယ့်
တီဘီပိုး၊ ငှက်ဖျားပိုး၊ အေအိုင်ဒီအက်စ်ပိုးတွေကို ကုသတဲ့ပိုးသတ်ဆေးတွေကို ယဉ်ပါးတာမျိုးဆိုရင်တော့ တခြားပေးရမယ့် ပိုးသတ်ဆေးမျိုးက မရှိသလောက်ရှားတာမို့ ရောဂါကို ကုမရ ထိန်းမရဘဲ အသက်ဆုံရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
ပဋိဇီဝဆေးယဉ်ပါးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့ ဆေးကို သတ်မှတ်ထားတဲ့အကြိမ်အရေ ပြည့်အောင် မသောက်ဘဲ ရောဂါသက်သာတာနဲ့ မိမိသဘောနဲ့မိမိဆေးသောက်ရပ်တာ၊
သောက်တဲ့ပိုးသတ်ဆေးက အရည်အသွေးမပြည့်မှီတာ
ဖျားနာတဲ့အခါ ဆရာဝန်နဲ့သေချာမပြဘဲ ရပ်ကွက်ဆေးဆိုင် သို့မဟုတ် ကွမ်းယာဆိုင်က စပ်ဆေးတွေဝယ်သောက်တာ
မလိုအပ်ဘဲ မိမိသဘောနဲ့မိမိ ပိုးသတ်ဆေးတွေဝယ်သောက်တာ စတဲ့အကြောင်းတွေကြောင့်ဖြစ်ပါတယ်။
ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြုံနေရတဲ့ ကျန်းမာရေးပြသာနာတခုဖြစ်ပါတယ်။
ဒါပေမယ့် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာဟာ ဖွံ့ဖြိုးပြီးချမ်းသာတဲ့နိုင်ငံတွေနဲ့ယှဉ်ရင် ကျွန်တော်တို့မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲဖြစ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ပိုဆိုးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဖွံ့ဖြိုးပြီးချမ်းသာတဲ့နိုင်ငံတွေမှာ ပဋိဇီဝဆေးများကို ဆရာဝန်ရဲ့ညွန်ကြားချက်မပါဘဲ ဆေးဆိုင်တွေမှာ လွယ်လွယ်နဲ့ဝယ်မသုံးနိုင်အောင် စည်းမျဉ်းစည်းကမ်းတွေထုတ်ထားတာကြောင့်ပါ။
ဒါ့အပြင် သူတို့နိုင်ငံက ပိုးသတ်ဆေးတွေကို ကိုယ်တိုင်ထုတ်နိုင်ပြီး ထုတ်လုပ်ရာမှာလည်း အရည်အသွေးစစ်ဆေးမှု စံချိန်စံညွန်းတွေနဲ့ ကိုက်ညီအောင် တင်းကျပ်ထားတဲ့အတွက် သူတို့ဆီက ပိုးသတ်ဆေးတွေဟာ အရည်အသွေးပြည့်မှီပါတယ်။
ကျွန်တော်တို့နိုင်ငံလို ဖွံဖြိုးဆဲဖြစ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ဆေးဝါးတွေက တခြားနိုင်ငံမှတင်သွင်းရခြင်း၊ ဆေးဝါးတင်သွင်းမှုအပေါ်မှာ နည်းဥပဒေဆိုင်ရာ ကြီးကြပ်မှုအားနည်းခြင်း၊ တရားမဝင်အရည်အသွေးမပြည့်မှီသော ဆေးဝါးများကို မှောင်ခိုနည်းဖြင့်သွင်းခြင်း၊ ပဋိဇီဝဆေးများကို ဆေးဆိုင်၊ ကွမ်းယာဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရခြင်း၊ ပြည်သူတွေ အတော်များများကလည်း ငွေကြေးအခက်အခဲ၊ ကျန်းမာရေးဗဟုသုတ အားနည်းမှုတွေကြောင့် နေမကောင်းဖြစ်ရင် ဆရာဝန်နဲ့မပြဘဲ စပ်ဆေးတွေသောက်ခြင်း စတဲ့အချက်များကြောင့် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားကို ခုလက်ရှိရောက်ရှိနေပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးချင်တာက ပဋိဇီဝဆေးယဉ်ပါးမှုဖြစ်တာနည်းအောင်
ပြည်သူတွေအနေနဲ့ ပဋိဇီဝဆေးတွေကို ဆရာဝန်ညွန်ကြားချက်မရှိဘဲ မသောက်ပါနဲ့။ ဆရာဝန် ညွန်ကြားလို့သောက်တဲ့အခါမှာလည်း ဆေးပတ်လည်အောင်သောက်ပါ။ ရောဂါသက်သာပြီဆိုတာနဲ့ ဆေးကုန်အောင်မသောက်ဘဲ ချန်ထားတာမျိုးမလုပ်ပါနဲ့။ စပ်ဆေးတွေ မသောက်ပါနဲ့။
အစိုးရအနေနဲ့လည်း နိုင်ငံခြားကတင်သွင်းလာတဲ့ ဆေးဝါးတွေအပေါ်မှာ အရည်အသွေးသေချာစစ်ဆေးပြီးမှ တင်သွင်းခွင့်ပြုခြင်း၊ မှောင်ခိုမသွင်းနိုင်အောင် သေချာကြပ်မတ်ခြင်း၊ ကိုယ်တိုင်ထုတ်နိုင်အောင် ဆေးဝါးစက်ရုံများ အဆင်မြှင့်တင်တည်ထောင်ခြင်း၊ စပ်ဆေးရောင်းချမှုကို တားမြစ်ခြင်း၊ လူထုကို ပဋိဇီဝဆေးယဉ်ပါးခြင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်ပါတယ်။
Dr. 528