ကြွက်တက်တာစိုးရိမ်ရသလား
အရင်ဆုံး ကြွက်တက်တယ်ဆိုတဲ့ မြန်မာစကားကို ရှင်းလင်းဖို့ လိုပါတယ်။ သေချာတာကတော့ အခုပြောမှာက မီးဖိုချောင်ထဲက ဟင်းအိုးကို ကြွက်တက်နှိုက်တဲ့ အကြောင်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကြွက်သားတွေ ရုတ်တရက်ကျုံ့သွားခြင်း (muscle cramp) ကို အရပ်သုံးစကားနဲ့ ကြွက်တက်တယ်လို့ ပြောကြတဲ့ ကိစ္စပါ။ ကြွက်သားတွေက ကျုံ့သွားရင် အရင်းပိုင်းကို တိုဝင်သွားတတ်လို့ တစ်နည်းအားဖြင့် အပေါ်ပိုင်းကိုတက် လာတတ်လို့ ကြွက်တက်ခြင်းလို့ သမုတ်သလားမဆိုနိုင်ပါ။ ဖြစ်တာများတဲ့ ကြွက်သားကလည်း ခြေသလုံးကြွက်သား (gastrocnemius) နေရာမှာ ဖြစ်တတ်တော့ ခြေထောက်ကနေ အပေါ်ကို ကြွက်တွေတက်လာတယ်လို့ ဆိုလိုချင်တာလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လူအများစုက ကြွက်တက်တာကို လန့်တတ်ကြပါတယ်။ အဓိကအကြောင်းအရင်းကတော့ ဖြစ်တဲ့အချိန်မှာ အတော်နာကျင်လို့ပါ။ ပြီးရင်တော့ အများအားဖြင့် သူဘာသာသူ ပြန်ပျောက်သွားတတ်တဲ့အတွက် အရေးမကြီးလောက်ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်အရေးကြီးမကြီးဆိုတာကတော့ ကြွက်တက်ရတဲ့အကြောင်းအရင်းပေါ်မှာ မူတည်တယ်လို့ပြောပါရစေ။
ကြွက်တက်ရခြင်း အကြောင်းအရင်းတွေက အမျိုးမျိုးရှိပါတယ်။ ကြွက်သားတွေကို ဆက်တိုက်လှုပ်ရှားအသုံးပြုတာများသွားလို့ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်တွေ ဆုံးရှုံးနေလို့လည်း ဖြစ်နိုင်ပါတယ။် ကြွက်သားလှုပ်ရှားဖို့အတွက် လိုအပ်တဲ့ဓါတ်တွေ ဖြစ်တဲ့ ကယ်လစီယမ်တို့၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် စတဲ့ ဓါတ်တွေ နည်းပါးနေလို့လည်း ဖြစ်နိုင်ပါတယ်။ အာရုံကြောတွေထိခိုက်မိရင်လည်း ဖြစ်နိုင်သေးသလို သွေးကြောကျဉ်းတဲ့ရောဂါတွေမှာလည်း ကြွက်တက်တာ ဖြစ်နိုင်ပါသေးတယ်။
အားလုံးကတော့ ကြွက်သားလှုပ်ရှားမှုကို ပုံမမှန်ဖြစ်စေတဲ့အတွက် ကြွက်တက်ခြင်းကို ဖြစ်စေတာပါ။ ပုံမှန်ကြွက်သားလှုပ်ရှားမှုဆိုတာ ကိုယ်စိတ်ကထိန်းချုပ်ပြီးလှုပ်ရှားခိုင်းမှ လှုပ်ရှားတာမျိုးပါ။ Voluntary muscle contraction လို့ခေါ်ပါတယ်။ အခုက ကြွက်သားတွေအားနည်းလာတဲ့အခါမှာ ထိန်းချုပ်ထားတဲ့အောက်က လွတ်သွားပြီး သူ့အလိုလို ဆတ်ကနဲ ထကျုံ့ပြီး ခြေထောက်ကွေးသွားတာတို့၊ တစ်ဆတ်ဆတ်တုန်သွားတာတို့ ဖြစ်လာတာဖြစ်ပါတယ်။ ခြေတွေလက်တွေကပ် တယ်ဆိုတာလည်း ကြွက်တက်တာနဲ့ သိပ်မကွာပါဘူး။ အကြောင်းရင်းခံတူပါတယ်။
ဆိုတော့ ကြွက်တတ်တာနဲ့ ဆရာဝန်ဆီပြေးပြီး ဆေးကုသမှုခံယူဖို့လိုသလားမေးရင် ယေဘုယျအားဖြင့် မလိုပါဘူး။ ဆေးတွေဘာတွေသောက်ဖို့လည်း ချက်ချင်းမလိုပါဘူး။ ဒါပေမယ့် သတိထားပါ၊ စောင့်ကြည့်ပါ။
ခဏ ခဏ ကြွက်တတ်နေတယ်ဆိုရင် ဒါမှမဟုတ် ကြွက်တက်တာက ကိုယ့်အတွက် အတော်အနှောင့်အယှက်ဖြစ်နေရင် (ဥပမာ-ကားမောင်းနေရင်း ကြွက်တယ်တယ်ဆိုရင်၊ အိပ်ပျော်နေတုန်း ကြွက်တက်ပြီး အိပ်မရတော့ဘူး ဆိုရင်) ဆေးကုသမှုခံယူပါ။ ကြွက်တက်ရတဲ့အကြောင်းအရင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေခံယူပြီး ရှာဖွေပါ။
နောက်ထပ်ကြွက်မတက်အောင်လည်း နေထိုင်မှုပုံစံအချို့ ပြောင်းလဲပြင်ဆင်ပါ။ နို့များများသောက်ပါ။ နို့ထွက်ပစ္စည်းများများစားသုံးပါ (ဥပမာ-ဒိန်ချဉ်၊ မလိုင်)။ နေ့စဉ် ရေများများသောက်ပါ။ အကြောလျော့လေ့ကျင့်ခန်းများ များများပြုလုပ်ပါ။ ဒါဆိုရင် ကြွက်တက်တာက သင့်အတွက် အရေးကြီးတဲ့ ရောဂါကြီး ဖြစ်တော့မှာ မဟုတ်ပါဘူး။
ဒေါက်တာထွန်းလင်း
Ref; www.mayoclinic.org/disease-conditions/muscle-cramp