ကြီးမှ ဝက်သက်ပေါက်တာ အန္တရာယ်သိပ်ကြီးတယ်
ဦး လှမောင် ရုံးခန်းထဲသို့ ဝင်လိုက်သည်။ ဒီနေ့ စားပွဲ ခုံတော်တော်များလွတ်နေသည်။ မနေ့ကလည်း ရုံးတွင်လူမရှိ။
” မောင်စိန် ဒီနေ့ရော ဝန်ထမ်းတွေ မလာကြဘူးလား ”
“မလာဘူးဆရာရေ မောင်အောင်ထူးနဲ့ မောင်စိုးပိုင်တို့လည်း နေမကောင်းလို့တဲ့ ခွင့်တိုင်ထားကြတယ်။ ”
” ဒီတစ်ပတ်အတွင်း ရုံးတွင်းကလူတွေ တော်တော် ဖျားကြတာပဲနော်။” ဦးလှမောင် စိတ်ညစ်စွာ ငြီးတွားမိသည်။
” ဝက်သက်ပဲ ဖြစ်မှာပေါ့ဆရာရယ်။ ကျွန်တော်တို့ တစ်ရုံးလုံးလည်း ကြီးမှ ဝက်သက်ပေါက်နေကြပြီ”
မောင်စိန်က သူရထားသည့် သတင်းနှင့် အထင်ကို တွဲပြီးကောက်ချက်ချလိုက်သည်။
” ဟုတ်ပကွာ။ မကြီးမငယ်တွေနဲ့ အသက်တွေကြည့်လိုက်ဦး ၂၀ ကျော် တွေ။ အသက်ကြီးမှ ဝက်သက် ထပေါက်နေကြတယ်။ ”
ဦးလှမောင်တို့ရုံးတွင် ဝက်သက်ပေါက်လို့ ခွင့်တိုင်ထားကြသူတွေရှိသည်။ တစ်ရုံးလုံးများ ဝက်သက်ပေါက်ဦးမလားလို့ ဦးလှမောင် စိုးရိမ်မိသည်။ အောင်ထူးနှင့် စိုးပိုင်လည်း ဝက်သက် ဖြစ်ချင် ဖြစ်နေမှာ။ မိမိကိုယ်တိုင်လည်း နေလို့မကောင်းသလို ဖြစ်နေသည်။ ညနေ ဆေးခန်းဝင်ဦးမှဟု ဆုံးဖြတ်လိုက်သည်။ ညနေ ဆေးခန်းသည်လည်း လူနာ များလိုက်တာ။ လူတွေ တော်တော် ဖျားကြ နာကြတာပဲ ဟု တွေးမိသည်။
” ဆရာရေ နေလို့ ထိုင်လို့ မကောင်းချင်တာနဲ့ ဆေးခန်းလာပြတာ ။ ”
ဆရာဝန်သည် ဦလှမောင်အား စမ်းသပ်လိုက်သည်။
“ရုံးကလူတွေလည်း ဝက်သက် ပေါက်ကြတယ်ဆရာ။ ခွင့်တွေလည်း တိုင်လိုက်ကြတာ။ ရုံးမှာလူနည်းတော့ ရှိသမျှအလုပ် သိမ်းကျုံးလုပ်နေရတာနဲ့ပဲ ပင်ပန်းလို့ ဖျားတာလား ဝက်သက်ပေါက်ချင်လို့ ဖျားချင်တာ လားလဲ သိချင်တယ် ဆရာ ”
” ဝက်သက်က အစောပိုင်း လက္ခဏာက တုပ်ကွေးနဲ့တော်တော် တူပါတယ်။ နှာရည်ယိုမယ်။ နှာစေးမယ်။ ချောင်းဆိုးမယ်။ အဖျားရှိမယ်။ တစ်ချို့ ဆိုရင် အဖျားတော်တော် ကြီးပါတယ်။ ”
” ချောင်းတော့ မဆိုးဘူးဆရာ။ ”
“နောက်ပြီး မျက်လုံးနီတာတွေဖြစ်မယ်။ အလင်းရောင်ကို မကြည့်နိုင်တာမျိုး ဖြစ်တတ်တယ် ”
” အဲဒါတော့ မဖြစ်ဘူး ဆရာ ” ဦးလှမောင် အားတက်သရော ဖြေမိသည်။
” ရင်ဘတ်မှာ မီးခိုးရောင်လို အဖြူ ရောင်လို အစပ်အပျောက်တွေ ဖြစ်တတ်တယ် ”
” ဒါလည်းမရှိဘူး ဆရာ ” ဦးလှမောင်သည် အင်္ကျီကို လှန်ပြီးကြည့်လိုက်သေးသည်။
” လေး ငါးရက်ကြာမှ ဝက်သက်ဆိုတဲ့ အနီရင့်ရောင် အစက် အပျောက်တွေ ထွက်လာမယ်။”
” ဟုတ်ကဲ့ပါဆရာ ”
” လူကြီးတွေမှာ ဖြစ်ရင်တော့ ကလေးတွေထက် ပိုစိုးရိမ်ရတတ်ပါတယ်။ နောက်ဆက်တွဲ ဖြစ်ရပ်တွေဟာ လူကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ချို့ ဆိုရင် ဝမ်းပျက်တာတွေ အန်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ နားကိုက်တာတွေ မျက်လုံးရောင်တာတွေလည်း ဖြစ်တတ်တယ်။ နမိုးနီးယားရောဂါ လေပြွန်ရောင်တာတွေလည်း ဝက်သက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လူကြီးတွေမှာ အဖြစ်များပါတယ် ။ တစ်ချို့ အဖျားကြီးပြီး တက်တာ မျိုးတွေလည်း ဖြစ်တတ်ပါတယ်”
” ဟုတ်လား ဆရာ။ ”
” နောက် အဖြစ်နည်းတဲ့ complication တွေ လည်း ရှိပါတယ်။ အသည်းရောင်မယ်။ မျက်စိစွေတာတွေ ဦးနှောက် ရောင်တာ ဦးနှောက် အမြေးပါးရောင်တာတွေလည်း ဝက်သက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်တတ်ပါတယ်။ တစ်ချို့ အမြင်ချိုတဲ့ သွားတာတွေလည်း ရှိပါတယ် ”
“လူကြီးမှာဖြစ်ရင် တော်တော် ကြောက်ဖို့ကောင်းတာပဲနော် ” ဦးလှမောင် ဆရာဝန်ပြောစကားများကို နားထောင်ရင်း လန့်သွားသည်။
” ကိုယ်ဝန်ဆောင် မိခင်တွေမှာဆိုရင် ကလေးပျက်ကျတာ ကလေးအသေမွေးတာတွေလည်း ဖြစ်တတ်တယ်။ ဒါမှမဟုတ် ကလေးကို ပေါင်မပြည့် လမပြည့်ပဲ မွေးတာတွေလည်း ဖြစ်တတ်ပါတယ် ”
” သတိထားရမဲ့ ရောဂါ တစ်ခုပဲ ” သူ့ဘာသာ မှတ်ချက်ချလိုက်သည်။
” ဘယ်လို အခြေအနေမျိုးမှာ ဆေးရုံကို လာရမလဲ ဆိုရင် အသက် ရူကျပ်လာတာ ။ အသက်ရူရတာ မဝတာ။ အသက်ရူလိုက်တိုင်း ရင်ဘတ်အောင့်ရင်၊ ချောင်းဆိုးသွေးပါရင်၊ အရမ်းမိန်းနေရင် ၊ ကယောင်ခြောက်ခြားဖြစ်လာရင်၊ တတ်တာတွေ ဖြစ်ရင် အရေးပေါ် အခြေအနေလို့ သတ်မှတ်ရပါမယ်။ ဆေးရုံကို ချက်ချင်း သွားရမဲ့ အခြေအနေလို့မှတ်ထားရမယ် ”
” ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်ရော ဝက်သက် ဖြစ်နိုင်လား ဆရာ ” ဦးလှမောင် သူသိချင်တာကိုပဲ တိုက်ရိုက်မေးလိုက်သည်။
” အခုကြည့်ရတာတော့ ဝက်သက် မဖြစ်နိုင်ပါဘူး။ အရမ်း ပင်ပန်းနေလို့ ဖြစ်မှာပါ။ အဖျားလည်း မရှိတော့ စိုးရိမ်စရာတော့ မရှိပါဘူး။” ဆရာဝန် စကားသည် ဦးလှမောင်အား အင်အားဖြစ်စေသည်။
” ကျေဇူးတင်ပါတယ်ဆရာ။ ”
” အဖျားရှိရင်တော့ ပြန်လာခဲ့ပါ”
” ဟုတ်ကဲ့ပါဆရာ
ဦးလှမောင် ဆေးခန်းထဲမှ ရင်မော စွာထွက်ခဲ့သည်။ နောက်ဆက်တွဲ complication တွေက ကြောက်ဖို့ကောင်းလိုက်တာ။ ဒါကြောင့်လည်း ကလေးတွေကို ဝက်သက်ရောဂါကာကွယ်ဆေးထိုးဖို့ ကျန်းမာရေး ဝန်ထမ်းတွေက အမြဲ တိုက်တွန်းနေတာပဲဟု တွေးရင်း အိမ်အပြန်ခြေလှမ်းများက နှေးကွေးလျှက်။
Dr. အေးချမ်းမိုး