“သောက်ခြောက်”ရောဂါ
” ရင်ခေါင်းကြီး တောင့်တောင့်နေတယ်ကွာ ။ အစာလည်း သိပ်မကြေသလိုပဲ ”
မောင်ဦးတစ်ယောက် ညနေဖက် ထမင်း စားအပြီး ဇနီးဖြစ်သူအား လှမ်းပြောလိုက်သည်။
” အစာကြေဆေးလေး သောက်လိုက်လေ ” မအေးသည် အစာကြေဆေး ဗူးလေးယူပြီး မောင်ဦးအား တိုက်လိုက်သည်။
” ဆေးခန်းလေး ဘာလေး သွားပြပါလား ”
” ရင်ခေါင်းတောင့်တာလောက်နဲ့ ဆေး ခန်းသွားပြစရာလား မအေးရယ်။ လမ်းထိပ်က ဆေးဆိုင်ကနေ ဆေးစပ်သောက်လိုက်ရင် ရပါပြီ။ ”
” ဒါဆိုရင်လည်း ခဏနေဦး ကျုပ် လမ်းထိပ်ပြေးလိုက်ဦးမယ်။ ဆေးစပ်ခိုင်းလိုက်မယ် ”
မအေးသည် လမ်းထိပ်သို့သွားကာ ဆေးစပ်ခိုင်းလိုက်သည်။ ဆေးဆိုင်မှ အစာအိမ် မကောင်းသောကြောင့် ဖြစ်သည်ဟု ပြောကာ ဆေးစပ်ပေးလိုက်သည်။ လမ်းထိပ်ဆေး ဆိုင်က ဆေး ကားထိရောက်သည်။ ဆေးသောက်ပြီးတော့ မောင်ဦး ရင်ခေါင်းတောင့်နေတာကြီး ပျောက်သွားတော့သည်။ စပ်ဆေး ကား ထိရောက်သည်။ မောင်ဦးတစ်ယောက် ရင်ခေါင်း တောင့်လာရင် ဆေးသောက်လိုက်သည်။ လေပွတာကိုလည်း ဆေးသောက်လိုက်သည်။ ဒီလိုနှင့် လမ်းထိပ်ဆေးဆိုင်ကား မောင်ဦးတို့လင်မယားအတွက် အားကိုးရာ ဖြစ်လာတော့သည်။ အခုတစ်လော ရင်ခေါင်းအောင့်တာအပြင် ညာဖက် ခြမ်းကပါ အောင့်အောင့်လာသည်။ လမ်းထိပ်ဆေးဆိုင်မှ စပ်ပေးသော ဆေးများကလည်း သိပ်မထိရောက်တော့လို့ ထင်သည်။ လေပွတာကလည်း သိပ်ပြီး သိသာလာသည်။ အစာစားပြီးလျှင်လည်း အစာ မကျေချင်။ လူလည်း ပိန်သွားသလိုရှိလာသည်။
” ရှင် ဆရာဝန်လေး ဘာလေးတော့ ပြရမယ်ထင်တယ် ကိုဦး။ ရှင် အစာမကြေတာ က သိပ်ကို သိသာနေပြီ။ ရောဂါ တစ်ခု ဖြစ်နေပြီဆိုရင်လည်း ကုရတာပေါ့။ ဆေးဆိုင်က စပ်ဆေး နဲ့တော့ မပျောက်တော့ဘူး။ အနာ နဲ့ ဆေးနဲ့ မတည့်တော့ ဘူး ” မအေး ၏ ကြိုးစားမှုကြောင့် ဆေး ခန်းသို့ ရောက်ခဲ့သည်။ ဆေးခန်းထဲ ရောက်ရောက်ချင်း ဆရာဝန်၏ အမေးကား
“အရက်သောက်တတ်သလား ”
” တစ်ခါ တစ်လေ သောက်ပါတယ်ဆရာ ” ဖော့ပြောလိုက်သည်။
” တစ်ခါတစ်လေ ဆိုတာ တစ်ပတ် ဘယ်နှစ်ကြိမ်ကို ပြောတာလဲ”
ဒီဆရာဝန် စပ်စုလှချည်းလားဟု မောင်ဦး ထင်သည်။
“ပုံမှန် အိမ်မှာတော့ လုံး၀ မသောက်ပါဘူးဆရာ။ အလုပ်ကိစ္စ ရှိလို့ သောက်တတ်ပါတယ်။ တစ်ခါ တစ်လေ သူငယ်ချင်းတွေ နဲ့ တွေ့လို့ သောက်တာလောက်ပဲ ရှိပါတယ်။ နေ့တိုင်းပုံမှန် ကြီးတော့ မသောက်ပါဘူး ” မောင်ဦးသည် ဆရာဝန်အား အမှန်အတိုင်း ပြောလိုက်သည်။ သို့သော် လျှို့ဝှက်ထားတာတော့ ရှိသည်။ မအေး နှင့် မယူခင်အထိ နေ့တိုင်းသောက်ပြီး မအေးနှင့် လက်ထပ်ပြီးမှ အရက် လျှော့သောက်လိုက်သည်ကိုတော့ ဆရာဝန်အား အသိမပေးတော့။ မအေးကလည်း ဘေးကနေ ဘာမှ ဝင် မပြော။
” သောက်တဲ့ နေ့ဆိုရင်ရော အမူးသောက်လား။ အများကြီးသောက်လား ”
” မသောက်ပါဘူးဆရာ။ ကျွန်တော် အနည်းငယ်ပဲ သောက်တာပါ ”
မောင်ဦး တစ်ယောက် ဆရာဝန်အား အနည်းငယ်ဖော့ပြောလိုက်သည်။ ဘေးတွင် မအေးပါနေသောကြောင့် စကားလည်း အများကြီးမပြောချင်ပါ။
” USG လေး ရိုက်။ သွေးလေးစစ်ကြည့်ပါ။ ပြီးရင် ပြန်လာပြပါ။
အခု လက်နဲ့ စမ်းကြည့်ရသလောက်တော့ အသည်း ကြီးနေပါတယ်။ ” ဆေး စစ်ပြီး နောက်တစ်ပတ် ဆေးခန်းသို့ ပြန်လာပြရသည်။
“အသက် က ၂၈ နှစ်ပဲ ရှိသေးတယ်နော် ” ဆရာဝန်သည် ဆေးစစ်ချက်များကို ကြည့်ပြီးမောင်ဦးကို စကားစလိုက်သည်။
” ဟုတ်ကဲ့ပါဆရာ ကျွန်တော်အ သက် ၂၈ နှစ်ပဲ ရှိပါသေးတယ်။ ”
“အရက် ကို တစ်ခါ တစ်လေမှ သောက်တယ်လို့ ပြောတယ်။ အခု အာထရာဆောင်းမှာ အသည်း အဆီဖုံးနေတယ်လို့ ပေါ်နေပါတယ်။ နောက်တစ်ခု က အသည်း Enzyme တွေ တက်နေပါတယ်။။ Cholesterol တွေလည်း တက်နေပါတယ်။ ”
” ဟုတ်ကဲ့ ဆရာ။ ဘာဖြစ်လို့လဲ ခင်ဗျာ ” အရက်ကြောင့်လား တစ်ခြားအကြောင်းများကြောင့်ဖြစ်တာလဲ သိချင်သောကြောင့် ဆရာဝန် အရဲစွန့်ကာ မေးလိုက်သည်။
“အရက်သောက်လို့ ဖြစ်တာပါ။ ” ဆရာဝန်သည် အမှန်အတိုင်းဖြေသည်။
“ကျွန်တော် တစ်ခါတစ်လေမှ သောက်တာပါ ဆရာ ။ နေ့တိုင်း မသောက်ဖြစ်ပါဘူး ”
” နေ့တိုင်း မသောက်ဖြစ်ပေမဲ့လည်း တစ်ခါသောက်တိုင်း သောက်တိုင်း အများကြီး သောက်ရင်လည်း အသည်းကို ထိခိုက်ပါတယ်။ အခုပဲ ကြည့်လေ။ ခင်ဗျား အသက် ငယ်ငယ်လေးနဲ့ အသည်း အဆီဖုံးနေပြီ။ အသည်း အဆီ ဖုံးနေတဲ့အတွက် ခင်ဗျား အစားစားပြီးရင် ရင်ခေါင်းတောင့်မယ်။ အစာမကြေ ဖြစ်မယ်။ ဒါမျိုးတွေ ဖြစ်နေတာပါ။ အရက်ကြောင့် အစာအိမ် ထိပြီး ရင်ပြည့်ရင်ကယ်တာတွေ ရင်ခေါင်းကြီး ပူနေတာမျိုးတွေ၊ လေပွတာတွေ ဖြစ်နေတယ်လေ။ ဒါတွေအားလုံးဟာ ခင်ဗျားအသည်းမကောင်းလို့ ဖြစ်နေတာပါ။ ”
” ဟုတ်ကဲ့ပါဆရာ။ ဆရာပေးတဲ့ ဆေးတွေကို ကျွန်တော် သေသေချာချာ သောက်ပါမယ် ” မောင်ဦး ဆရာဝန်ကို ကတိပေးလိုက်သည်။ ကိုယ်ကိုတိုင်လည်း ရောဂါပျောက်ချင်သည်။
” ဆေးသောက်ရုံနဲ့ အသည်း အဆီဖုံးတာက ပျောက်သွားမှာ မဟုတ်ဘူး။ အသည်းအဆီဖုံးတာကို ထပ်ပြီး ဆိုးမလာဖို့နဲ့ အသည်းအဆီဖုံးတာက တစ်ဆင့်ဖြစ်တတ်တဲ့ အသည်းခြောက်တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ရမယ်။ အဲဒါကြောင့် အသည်းကို တိုက်ရိုက်ထိခိုက်စေတဲ့ အရက်သောက်ခြင်းကို ရှောက်ကျဉ်သင့်တယ်။ ” ဆရာဝန်စကားသည် မောင်ဦးကို စိတ်ညစ်စေသည်။ တစ်ခါ တစ်လေ တော့ သောက်ချင်သေးသည်။
” ဟုတ်ကဲ့ပါဆရာ ” ရင်ထဲတွင်တော့ မကောင်းပါ။
” ခင်ဗျားကသာ တစ်ခါတစ်လေ သောက်တယ်ပြောတယ်။ ခင်ဗျားအသက်အရွယ်နဲ့ အသည်း အဆီဖုံးနေပြီ။ ခင်ဗျား ဒီအတိုင်းသာ အရက် မဖြတ်ပဲ ဆက်သောက်သွား။ ခင်ဗျား အသည်းခြောက်မယ်။ ပြီးရင် အသည်းကင်ဆာ အထိဖြစ်နိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ကို ဖြစ်မှာ ” ဆရာဝန်သည် မောင်ဦးကို အသိပေးလိုက်သည်။ ဂရုဏာ ဒေါသော သံလေးတောင် ပါနေသေးသည်။ သို့သော် ဆရာဝန်ကို စိတ်မဆိုးပါ။ ဆရာဝန်သည် လူနာတိုင်းအပေါ်တွင် ကောင်းသည်ကို မောင်ဦးသိပါသည်။
” ကျွန်တော် က ပိန်ပိန်လေးပါ။ ဝလည်း မဝပါဘူး။ မဝပဲနဲ့ အသည်းအဆီဖုံးပြီး ဘာလို့ သွေးတွင်း Cholesterol တက်နေရတာလည်း ဆရာ။ ”
” တစ်ချို့လူတွေဟာ မျိုးရိုးကြောင့် ကိုယ်ခန္ဓာပိန်ပိန်ပါးပါးရှိတတ်ကြတယ်။ ဒါပေမဲ့ သွေးတွင်း Cholesterol များနေတတ်တယ်။ ပြီးတော့ အသည်းအဆီဖုံးလည်း ဖြစ်တတ်ကြတယ်။ ပိန်တာ ဝတာနဲ့ မဆိုင်ပါဘူး။ Cholesterol တွေ များနေလား သိချင်ရင် သွေးဖောက် စစ်ကြည့်မှ သိတာပါ။ ”
” ဟုတ်ကဲ့ပါဆရာ။ ဆရာလမ်းညွန်တဲ့အတိုင်းနေထိုင်စားသောက်ပါမယ်။ ” မောင်ဦးသည ကတိတစ်ခုကို လွယ်လွယ်ပေးလိုက်သည်။
“ဆေး ကတော့ သေချာ သောက်မှာ ကျွန်တော် သိပါတယ်။ အရက်ကိုသာ ရှောင်ပါလို့ ပြောပါရစေ။ ” ဆရာဝန်သည် နောက်တစ်ကြိမ် မောင်ဦးကို သတိပေးလိုက်သည်။
“ဟုတ်ကဲ့ ပါဆရာ။ ကျွန်တော် ကြိုးစားပါမယ် ” မအေး၏ မျက်စောင်းကား ကိုဦးအပေါ်။ ဆရာဝန်အား ကတိမပေးနိုင်ခဲ့။ သို့သော် ကြိုးစားကြည့်မည်ဟုတော့ သံဓိဌာန် ချလိုက်သည်။
မအေးကတော့ ဆေးခန်းတွင်းမို့ ဘာမှ မပြော။ အိမ်ရောက်မှ ပြောတော့မည်ထင်သည်။
” လမ်းထဲက ဦးကျင်ထွေးကြီး အသည်းခြောက်ပြီး သေသွားတာ မကြာသေးဘူးနော်။ ”
” အသည်းခြောက်လို့ သေတာ မဟုတ်ပါဘူး။ အဆုတ်တီဘီကြောင့်သေတာပါ။ ”
” အဆုတ်တီဘီက သူ့မှာ ဘာလို့ ဖြစ်လဲ ဆိုတော့ အသည်း မကောင်းလို့ ဖြစ်တာလေ။ အသည်း ခြောက်တဲ့ သူတွေက ကိုယ်ခံစွမ်းအားတွေ ကျပြီး ရောဂါပိုးတွေ ခဏခဏ ဝင်ပြီးဖျားတတ်တယ်။ တစ်ခြားသူတွေကျတော့ အဆုတ်တီဘီမဖြစ်ပဲ ဦးကျင်ထွေးမှာပဲ ဖြစ်ပြီး သေသွားတာ ရှင် သိတယ်နော် ” မအေးသည် သူသိသော အကြောင်းအရာများနှင့် မောင်ဦးကို အရက်ပျက်သွားစေရန် နားချနေတော့သည်။
မအေးကတော့ တစ်လမ်းလုံး စကားအမျှင် မပြတ်။ ကိုဦးတစ်ယောက် ရင်မောရင်းနှင့် အိမ်သို့ ပြန်ခဲ့ရသည်။