တောထဲက စိမ့်စမ်းရေသောက်မိရင်၊ ငှက်ပျောသီးစားမိရင် ငှက်ဖျားဖြစ်တယ်လို့ လူတချို့က ခုထိ ထင်နေကြဆဲပါ။ အဲဒါဟာမှားပါတယ်။ တကယ်တော့ ငှက်ဖျားရောဂါဆိုတာဟာ Plasmodium Parasites ဆိုတဲ့ ကပ်ပါးကောင် (ငှက်ဖျားပိုး) သွေးထဲကို ဝင်ရောက်ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။
အများအားဖြင့်တော့ Plasmodium Parasites ဆိုတဲ့ ကပ်ပါးကောင် (ငှက်ဖျားပိုး) ကို သယ်ဆောင်ထားတဲ့ Anopheles အနောဖီးလီးခြင်မ ကိုက်ခံရခြင်းမှ တစ်ဆင့် ငှက်ဖျားပိုးဟာသွေးထဲဝင်ရောက်ကူးစက်တတ်ပါတယ်။ ဒါ့ပြင် Plasmodium Parasites ကပ်ပါးကောင် (ငှက်ဖျားပိုး) ပါတဲ့ သွေးကို သွင်းမိရာကနေတစ်ဆင့်လည်း ငှက်ဖျားဖြစ်တတ်ပါတယ်။
Plasmodium Parasites မျိုးနွယ်တွေအများကြီးရှိတဲ့ထဲက လူကိုကူးစက်ပြီးရောဂါဖြစ်စေသော Plasmodium Parasites ၅ မျိုးရှိပါတယ်။
အဲ့ဒါတွေကတော့
– Plasmodium falciparum,
– Plasmodium vivax,
– Plasmodium ovale,
– Plasmodium malaria နဲ့
– Plasmodium knowlesi တို့ဖြစ်ကြပါတယ်။
ဒီငါးမျိုးထဲက Plasmodium Falciparum အမျိုးအစားဟာ အဖြစ်များဆုံးဖြစ်ပြီး အချို့တွေမှာ ပြင်းထန်တဲ့ငှက်ဖျားရောဂါကိုဖြစ်စေနိုင်ပါတယ်။
ငှက်ဖျားပိုးဝင်ရောက်ကူးစက်ခံရရခြင်းမှာ ငှက်ဖျားလက္ခဏာတွေ ပြလေ့မရှိပါဘူး။ ငှက်ဖျားရောဂါ လက္ခဏာတွေဟာ အများအားဖြင့် ငှက်ဖျားပိုး ဝင်ရောက်ကူးစက်ခံရပြီးနောက် ၁၀ရက်လောက်အကြာမှ စပြလေ့ရှိပါတယ်။ Anopheles ခြင်မ ကိုက်ခံရတဲ့အခါမှာ ငှက်ဖျားပိုးဟာ သွေးကြောတွေမှတစ်ဆင့် အသည်းဆီကိုရောက်ရှိသွားကာ အသည်းဆဲလ် (Liver cell) ထဲမှာနေပြီး စတင်ကြီးရင့်ပွားများပါတယ်။
ကြီးရင့်ပွားများလာတဲ့ ငှက်ဖျားပိုးတွေဟာ သွေးနီဥထဲကို ထပ်မံ ဝင်ရောက်ကူးစက်ပြီး သွေးနီဥထဲမှာ ဆက်လက်ပွားများပါတယ်။
သွေးနီဥထဲမှာ ငှက်ဖျားပိုးတွေ တအားပွားများလာတဲ့အခါမှာ အဲဒီသွေးနီဥဟာ ပေါက်ထွက်သွားပါတယ်။ အဲဒီလိုပေါက်ထွက်တဲ့အခါ ငှက်ဖျားပိုးတွေဟာသွေးထဲမှာပျံ့သွားပြီး တခြားကျန်တဲ့ သွေးနီဥတွေကိုပါ ထပ်မံဝင်ရောက်ကူးစက်ပါတယ်။ အဲဒီအခါမှာ ငှက်ဖျားရောဂါလက္ခဏာတွေကို စတင်ခံစားရပါတယ်။
ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုးအမျိုးအစား၊ လူနာရဲ့ကိုယ်ခံအားအခြေအနေ၊ လူနာမှာရောဂါအခံရှိမရှိပေါ်မူတည်ပြီး သာမန်ငှက်ဖျားရောဂါလည်းဖြစ်နိုင်သလို ပြင်းထန်ငှက်ဖျားရောဂါမျိုးလည်းဖြစ်နိုင်ပါတယ်။
သာမန်ငှက်ဖျားရောဂါလက္ခဏာတွေကတော့
– ချမ်းတုန်ပြီးနောက် အဖျားတက်ကိုယ်အရမ်းပူလာကာ ချွေးတွေတအားထွက်ခြင်း
– ကိုယ်လက်မအီမသာဖြစ်ခြင်း
– အန်ခြင်း၊ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း စသဖြင့်ဖြစ်ပါတယ်။
ပြင်းထန်ငှက်ဖျားရောဂါလက္ခဏာတွေကတော့
– အလွန်အမင်းအဖျားတက်တာ
– အလွန်အမင်းဖြူဖျော့လာတာ
– ဆီးမည်းတွေသွားတာ၊ ဝမ်းမည်းတွေသွားတာ
– ကျောက်ကပ်ထိပြီး ဆီးနည်းနည်းပဲသွားတာ၊ ဆီးလုံးဝမသွားတော့တာ
– အသက်ရှုရခက်တာ
– ခြေဖျားလက်ဖျားတွေအေးစက်လာတာ
– ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်ပြီး စိတ်တိုလွယ်တာ၊ မှိန်းလွန်းတာ၊ နေ့မှန်းညမှန်းမသိတာ၊ ဘယ်နေရာရောက်နေမှန်းမသိတာ၊ ကယောင်ကတမ်းတွေပြောတာ၊ စိတ်ရှုပ်ထွေးတာ၊ တက်တာ၊ သတိလစ်တာ
– နှာခေါင်း၊ပါးစပ် စတဲ့နေရာတွေကနေ သွေးယိုစီးတာ စသဖြင့်ဖြစ်ပါတယ်။
ဒီလိုတွေဖြစ်ပါက အမြန်ဆုံး နီးစပ်ရာဆေးရုံ၊ဆေးခန်းပြဖို့လိုပါတယ်။
ရောဂါစစ်ဆေးမှုနှင့် ကုသမှု
ငှက်ဖျားရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုအနေနဲ့ကတော့ သွေးစစ်ကြည့်နိုင်ပါတယ်။ ဒါ့ပြင် လိုအပ်ပါက အာထရာဆောင်းရိုက်တာ၊ အီးစီဂျီဆွဲတာ၊ ရင်ဘတ်ဓာတ်မှန်ရိုက်တာ စတဲ့စစ်ဆေးမှုတွေလည်း လုပ်ဖို့လိုနိုင်ပါတယ်။ ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေနဲ့လူနာအခြေအနေပေါ်မူတည်ပြီး သောက်ဆေးနဲ့ပဲကုတာရှိသလို ဆေးရုံတက်ပြီး ထိုးဆေးရော သောက်ဆေးရော နှစ်မျိုးလုံးနဲ့ကုရတာမျိုးလည်းရှိနိုင်ပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားနိုင်ခြေ နည်းအောင်
– ခြင်ကိုက်မခံရအောင်နေပါ။
– အကျီလက်ရှည်၊ ဘောင်းဘီလက်ရှည် ဝတ်အိပ်ပါ။
– ဘယ်နေရာမှာ ဘယ်အချိန်မှာအိပ်အိပ် အိပ်တဲ့အခါခြင်ထောင်နဲ့အိပ်ပါ။
– ရိုးရိုးခြင်ထောင်အစား ဆေးစိမ်ခြင်ထောင်သုံးနိုင်ရင်ပိုကောင်းပါတယ်။
– မိမိနေအိမ်ကို ခြင်လုံသံဆန်ခါကာပါ။
– နေအိမ်ဝန်းကျင်ကို ခြင်ဆေးဖျန်းပါ။
– ငှက်ဖျားရောဂါအဖြစ်များတဲ့ဒေသတွေကိုသွားမယ်ဆိုရင် မသွားခင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတွေယူသွားပါ။
Author: Dr. 528