fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေစဉ်ကာလအတွင်း  စိုးရိမ်စိတ်နှင့်  စိတ်ဖိစီးမှုကို  ဘယ်လိုလျှော့ချမလဲ (၂)

အခုလို Covid-19 ရောဂါ ကူးစက်နေစဉ် အချိန်ကာလ အတွင်းမှာ စိတ်ဖိစီးမှုများကို တက်နိုင်သလောက် လျော့ချနိုင်စေရန် အသုံးဝင်မည့် အကြံပြုချက်များကို အပိုင်း ၂ အဖြစ် ဆက်လက် ဖော်ပြပါမယ်။ အပိုင်း (၁) မှာတော့ အနာဂတ်ကို ကြိုတင်တွေးတောစိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ရန် ကြိုးစားပါ ဆိုသည့် အကြံပြုချက်နှင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရခြင်းကြောင့် စိတ်ဓါတ်ကျခြင်း၊ အထီးကျန်ခြင်း မဖြစ်ပါစေနှင့် ဆိုသည့် အကြံပြုချက်များကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

 

၃။     သတင်းမီဒီယာများ/လူမှုကွန်ယက်များကို အလွန်အကျွံဖတ်ရှုပြီး အကြောက်လွန်ခြင်း၊ အစိုးရိမ်လွန်ခြင်း မဖြစ်အောင် ဂရုစိုက်ပါ။

ယခုအခါ Stay at home နှင့် Work from home အခြေအနေများကြောင့် လူအများစုသည် internet ကို ပိုမို အသုံးပြုလာကြပါသည်။ ထို့အပြင် Covid-19 နှင့် ပတ်သတ်သည့် သတင်းများကိုလည်း ပိုမို ရှာဖွေကြည့်ရှုဖြစ်ကြသည်။ ထိုသို့ ကြည့်ရှုရာတွင် ဒီနေ့ ပိုးတွေ့ လူနာသစ် ဘယ်နှစ်ယောက်ထပ်တိုးလာသည်၊ ဒီနေ့ ဘယ်နှစ်ယောက် ထပ်မံ သေဆုံးသွားသည်၊ တိုင်းပြည်နှင့် လူအများရဲ့ စီးပွားရေးအခြေအနေများ ဘယ်လို ထိခိုက်ကုန်ပြီ၊ ဒီလို ကပ်ရောဂါဆိုးကြီး အခြေအနေသည် မည်မျှထပ်ကြာနိုင်မည်၊ ဘယ်အချိန်မှာမှ ကာကွယ်ဆေးတွေ ဖြန့်ချီနိုင်မည်၊ ဘယ်အချိန်မှာမှ ကုသဆေးတွေ ပေါ်မည် စသည်ဖြင့် သတင်းများကို ဖတ်ရှုစုံစမ်းကြလေ့ရှိပါသည်။ ထိုသတင်းများကို စုံစမ်းလေ့လာသင့်သည်မှာ မှန်ကန်သော်လည်း မလိုလားအပ်ဘဲနှင့် အစိုးရိမ်လွန်ခြင်း၊ အကြောက်လွန်ခြင်းတို့ကို မဖြစ်စေရန် ဂရုပြုရပေမည်။

ထိုသို့ ဖြစ်ပွားခြင်းကို ကာကွယ်ရန် ဖုန်းများ၊ လူမှုကွန်ယက်များကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကို လျှော့ချသင့်ပေသည်။ သတင်းများကို ကြည့်ရှုမည်ဆိုပါကလည်း ခဏတစ်ဖြုတ်သာ ကြည့်ရှုသင့်ပါသည်။

ထို့ပြင် Covid-19 နှင့် ပတ်သတ်သော သတင်းများကို ကြည့်ရှုရာတွင်လည်း ယုံကြည်စိတ်ချရသော သတင်း အရင်းအမြစ်များက ထုတ်ပြန်သော သတင်းများကိုသာ ကြည့်ရှုယုံကြည်သင့်ပါသည်။ ပြန်လည်ဝေမျှသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် မိမိသာမက မိမိ၏ မိတ်ဆွေ သူငယ်ချင်းများကိုပါ သတင်းအမှားများကြောင့် စိုးရိမ်ပူပန်ခြင်း မဖြစ်စေရန် ကူညီပေးရာ ရောက်ပါသည်။

 

၄။  အလွန်အကျွံစိုးရိမ်တုန့်ပြန်မှုမဟုတ်ပေမဲ့ လုပ်သင့်တာကို လုပ်ပါ။

Covid-19 ကြောင့် စိုးရိမ်ပူပန်မှုမရှိပါနှင့်လို့ ပြောခြင်းသည် ဘာမှမလုပ်ဘဲ အေးအေးဆေးဆေးထိုင်နေရမည် လို့တော့ မဆိုလိုပါ။ လုပ်သင့်တာကိုတော့ လုပ်ဆောင်ရပါမယ်။  ထိုသို့ လုပ်ဆောင်တဲ့နေရာမှာ အလွန်အကျွံမဖြစ်စေရန်သာ ဆိုလိုပါတယ်။ ဥပမာ မိမိ မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေကို တွက်ချက်ကာ ကြိုတင် အစီအစဉ်များ ဆွဲထားခြင်းမျိုး၊ အကယ်၍ မတော်တဆ Q ဝင်ရမည်ဆိုပါက/ ဆေးရုံတက်ရမည်ဆိုပါက မည်သည့်ပစ္စည်းများကို ယူဆောင်သွားမည်/အိမ်တွင် မည်သို့ စီစဉ်ထားရှိခဲ့မည် စသဖြင့် ကြိုတင် တွေးတောကာ ပြုလုပ်ရမည့်အရာများကို  စီစဉ်မှတ်သားထားရပါမည်။ စာရွက်ပေါ်တွင် ချရေးသင့်လျှင် ချရေးထားရပါမည်။ တကယ်လက်တွေ့ ကြုံတွေ့ရသည့်အချိန်တွင် အလွန်အမင်းစိုးရိမ်ပူပန်မှုများကြောင့် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ ထောင့်စေ့အောင် တွေးတောစဉ်းစား စီစဉ်နိုင်ရန် ခဲယဉ်းလှပေသည်။ ထို့ကြောင့် ပုံမှန်အချိန်တွင် ကြိုတင် တွေးတောစဉ်းစားထားခြင်းသည် တစ်စုံတစ်ရာ အထောက်အကူရစေမည် ဖြစ်ပါသည်။ သို့သော် ထိုသို့ ကြိုတင်တွေးတော စီစဉ်ထားမှုက မိမိအပေါ် စိတ်ဖိစီးမှုများ မဖြစ်စေရန်တော့ ဂရုပြုရမည်ဖြစ်ပါသည်။

၅။ ကျန်းမာသော အလေ့အကျင့်ကောင်းများကို စတင်လုပ်ဆောင်ပါ သို့မဟုတ် ဆက်လက်လုပ်ဆောင်ပါ။

အကယ်၍ယောဂနှင့် တရားထိုင်ခြင်းကဲ့သို့သော ကျန်းမာစေသော အလေ့အကျင့်ကောင်းများကို ပြုလုပ်လျက်ရှိပါက ထိုအလေ့အကျင့်များကို မပျက်မကွက် ဆက်လက်လုပ်ဆောင်ရန် အရေးကြီး ပါသည်။    Covid-19 ကြောင့်ဖြစ်ပေါ်လာသောစိတ်ဖိစီးမှုများ၊ အကျပ်အတည်းများကြောင့် ထိုအလေ့အကျင့်များကို ဆက်လက်မပြုလုပ်ပဲ မရပ်တန့်လိုက်သင့်ပါ။ ထိုအရာများ သည် အခုလိုအရာရာမသေချာသော အချိန်အခါတွင် ပိုမိုလိုအပ်သောအရာများ ဖြစ်ပါသည်။ အကယ်၍ ယောဂနှင့်တရားထိုင်ခြင်းကဲ့သို့သော အလေ့အကျင့်များ ကို တစ်ခါမှမပြုလုပ်ဖူးပါက ယခုအချိန်သည် ထိုအရာများကို စတင်ပြုလုပ်ရန် အကောင်းဆုံး အချိန်ဖြစ်ပါသည်။ ထိုကဲ့သို့ စိတ်တည်ငြိမ်အေးချမ်းမှုကိုရရှိစေသော အလေ့အကျင့်ကောင်းများကို ယခုလို Covid-19 အခြေအနေတွင်သာမက ဘဝတစ်လျှောက်လုံး ဆက်လက်လုပ်ဆောင်သွားသင့်ပါသည်။

ထို့အပြင် ယခုအချိန်သည် မိမိ၏ စိတ်ထဲတွင် အချိန်ကာလရှည်ကြာစွာ ပြုလုပ်ရန်ဆန္ဒရှိပြီး မပြုလုပ်ဖြစ်သေးသော  အရာများကို စတင် လုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။  ထိုသို့ပြုလုပ်ခြင်းအားဖြင့် မိမိ၏စိတ်ဆန္ဒလည်း ပြည့်ဝစေနိုင်သလို စိတ်အပြောင်းအလဲဖြစ်ကာ စိတ်ဖီစီးမှုများကိုလည်း ပြေလျော့စေနိုင်ပါသည်။ ယခုလို Covid-19 အခြေအနေကာလတွင် စိတ်ဖိစီးသည့်ဒဏ် ခံရသူများရှိနိုင်သလို ယခုအခြေအနေကိုအကောင်းဆုံးအသုံးချ၍ မိမိဘဝကို ပိုမိုတိုးတက်အောင်၊ မိမိအရည်အချင်းများကို ပိုမိုမြင့်မားလာအောင် လုပ်ဆောင်မည့် သူများလည်း ရှိမည်မှာ မလွဲဖြစ်ပါသည်။ မည်မျှပင်စိုးရိမ်ပူပန်နေပါစေ တချို့သော အရာများသည် ပြောင်းလဲသွားမည်မဟုတ်သောကြောင့် မိမိ၏စိတ်ဖိစီးမှုကို လျော့ချရုံသာ ကြိုးစားရမည်ဖြစ်ပါသည်။

အောက်ပါတို့သည် စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်သော လုပ်ဆောင်ချက်များထဲမှ အချို့ဖြစ်ပါသည်။

–        အသက်ကို အားရပါးရ ရှူပါ။

–        ယောဂလေ့ကျင့်ပါ။

–        တရားထိုင်ပါ။

–        ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

–        စိတ်ဓါတ်ခွန်အားဖြစ်စေမည့် စာများဖတ်ပါ။

–        ပန်းချီဆွဲပါ။

–        စာရေးပါ။

–        ဇာထိုး ၊ ချည်ထိုးများ ၊ သိုးမွေးထိုးခြင်းများ၊ အဝတ်အထည်ချုပ်လုပ်ခြင်းများ ပြုလုပ်ပါ။

–        မုန့်ဖုတ်ခြင်း ၊ ဟင်းအမယ်သစ်များ ချက်စားခြင်းများ ပြုလုပ်ပါ။

အထက်ပါတို့ကို ပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို ပမာဏအားလုံးမဟုတ်လျှင်တောင်မှ  အတိုင်းအတာ တစ်စုံတစ်ရာအထိတော့ လျော့ချပေးနိုင်မှာဖြစ်ပါသည်။

 

စိုးရိမ်ပူပန်စိတ်များကို အတတ်နိုင်ဆုံးလျော့ချပြီး Covid-19 ကပ်ဆိုးကြီးဘေးကို ကျန်းမာစွာ ကျော်ဖြတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

Author : Dr. Hein Htut

ဆက်စပ် ဆောင်းပါးများ