တစ်နေ့သ၌ ကျွန်ုပ်ဆေးခန်းထိုင်နေတုန်းမှာ လူငယ်တစ်ယောက် ရောက်လာပါတယ်။
“ဆရာ ကျွန်တော် ဆေးခန်းပြချင်လို့ပါ။”
“ေဩာ်၊ အေး၊ ဘာဖြစ်လို့လဲ ပြောပါဦး။”
“ကျွန်တော် ရေချိုးမရတာ ၆ လလောက်ရှိပြီဆရာ။”
“ဟေ။” (သူဖြစ်ပုံက ထူးဆန်းနေတော့ အံအားသင့်သွားမိတယ်။) “ရေချိုးရင် ဘာဖြစ်လို့လဲ။ ပြောပါဦး။ ချမ်းတုန်ပြီး ဖျားသလား၊ ဘာများဖြစ်လို့လဲ။”
“မဟုတ်ဘူး ဆရာ ၊ ဘာမှမဖြစ်ဘူး။ ကျွန်တော် ချိုးချင်စိတ်ကို မရှိတာ၊ ဘာမှကို မလုပ်ချင်တာ။”
“တခြားရောဘာတွေ ခံစားရသေးလဲ။”
“ကျွန်တော် အာရုံစူးစိုက်လို့မရဘူးဖြစ်နေတယ်ဆရာ၊ စာကျက်လို့လည်းမရ၊ အလုပ်လုပ်လို့လည်းမရ၊ ပင်ပန်းနေသလိုကြီးပဲ။ ပြီးတော့ ခေါင်းတွေလဲကိုက်တယ်ဆရာ။”
“ညဖက်တွေကော အိပ်ပျော်လား။”
“ဟုတ်တယ်ဆရာ၊ ညဖက်တွေလဲ ကောင်းကောင်းအိပ်မပျော်ဘူး။”
“အစားအသောက်ကော ပျက်သေးလား”
“အစားအသောက်တော့ မပျက်ဘူးဆရာ၊ အရင်ကထက်တောင်ပိုစားလို့ အမေကတောင် အံ့သြနေသေးတယ်၊ လူလည်း တော်တော်လေး ဝလာတယ်ဆရာ။”
“ဒီလို မတိုင်ခင် ပြဿနာတစ်ခုခုဖြစ်တာ ရှိခဲ့လား။”
“ရှိတယ်ဆရာ ကျွန်တော်အလုပ်မှာ အဆင်မပြေဘူး ဆရာ။ ကျွန်တော် ဘာရောဂါဖြစ်နေတာလဲ ဆရာ။”
“မင်းပြောတဲ့ လက္ခဏာတွေကတော့ စိတ်ကျရောဂါနဲ့ တူနေတယ်ကွ။”
“စိတ်ကျရောဂါဆိုတာ ဘာလဲဆရာ။”
“စိတ်ကျရောဂါဆိုတာ ဝမ်းနည်းမှုတွေကိုအမြဲခံစားနေရတာ၊ ဘယ်အရာကိုမှ စိတ်ဝင်စားမှု မရှိတော့တာတွေကို ခံစားနေရတဲ့ စိတ်ရောဂါတစ်ခုပဲကွ၊ ကြာလာတဲ့အခါမှာ မင်းရဲ့နေ့စဉ်လုပ်နေကျ အလုပ်တွေကို မလုပ်နိုင်တော့တာ၊ ဘဝကြီးက နေမပျော်တော့တာတွေပါ ဖြစ်လာနိုင်တယ်။”
“စိတ်ညစ်ရင်လည်း အဲလိုတွေ ခံစားရတာပဲမလားဆရာ။ အဲဒါဆို လူတော်တော်များများ စိတ်ကျရောဂါဖြစ်နေကြတာလားဆရာ။”
“စိတ်ကျရောဂါသည်တစ်ယောက်ကတော့ ဒီရောဂါလက္ခဏာတွေကို ၂ပတ်ကျော် ဒါမှမဟုတ် ရက်တော်တော်များများ ဒါမှမဟုတ်ရင် နေ့တိုင်းနီးပါးခံစားနေရတာကွ။”
“စိတ်ကျရောဂါသည်တစ်ယောက်ဟာ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲဆရာ။”
“ဒီလို လက္ခဏာတွေ ခံစားရနိုင်တယ်။
ဝမ်းနည်းနေမယ်၊ မျှော်လင့်ချက်မဲ့သလိုခံစားရမယ်။
ကိစ္စအသေးအဖွဲတွေအပေါ်တောင် စိတ်တွေ တိုနေမယ်။
စိတ်ဝင်စားမှုတွေ ပျောက်ဆုံးနေမယ်၊ ဝါသနာပါတဲ့အရာတွေမှာတောင် ပျော်ရွှင်မှုတွေ ဆုံးရှုံးနေမယ်။
အိပ်မပျော်တာတွေ ဒါမှမဟုတ် အရမ်းအိပ်နေတာတွေဖြစ်လာမယ်။
လိင်ကိစ္စတွေအပေါ်မှာလည်း စိတ်ဝင်စားမှုမရှိဖြစ်လာမယ်။
စားချင်သောက်ချင်စိတ်မရှိတော့တာတွေ၊ ကိုယ်အလေးချိန်ကျဆင်းတာတွေ ဖြစ်နိုင်သလို မင်းဖြစ်သလို တချို့တွေမှာအရမ်းစားပြီး ဝလာတွေလည်း ရှိနိုင်တယ်။
ပူပင်သောကတွေဖြစ်လာတယ်၊ ဂဏာမငြိမ်ဖြစ်တာတွေ ရှိလာမယ်။
ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားရတာတွေ၊ ကိုယ့်ကိုကိုယ် အသုံးမကျဘူးထင်လာတာတွေ ရှိလာမယ်။
ခေါင်းကိုက်တာတို့၊ ခါးနာတာတို့လိုမျိုး ခံစားလာရမယ်။
အာရုံစူးစိုက်မှုနည်းလာမယ်၊ ဆုံးဖြတ်ချက် ချမှတ်တာတွေမှာ အခက်တွေ့လာတာမျိုးတွေ ဖြစ်လာမယ်။
ပင်ပန်းနွမ်းနယ်နေမယ်။
သေချင်နေတာတွေ၊ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြံစည်မှုတွေတောင် ရှိလာနိုင်တယ်။”
“ဘုရား ဘုရား၊ ကြောက်စရာ ကြီးပါလား ဆရာရယ်။ အဲဒါဆို ကျွန်တော် ကုလို့ရပါဦးမလား။ ကယ်ပါဦး ဆရာ။”
“ပျောက်တာပေါ့ကွာ။ ဒါပေမယ့် ဆရာပေးတဲ့ဆေး သောက်ရုံနဲ့တော့မရဘူး။ မင်းကိုယ်တိုင် လုပ်ရမှာတွေလည်း ရှိတယ်။”
“လုပ်ပါ့မယ်ဆရာ၊ ကျွန်တော် ဘာလုပ်ရမလဲ။”
“မင်းလေ့ကျင့်ခန်းလုပ်ရမယ်။ တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးရမယ်။ အာဟာရ ပြည့်ဝအောင် စားသုံးရမယ်။ တစ်နေ့ကို အိပ်ချိန်၇နာရီက၉နာရီအတွင်း ရှိရမယ်။ အပေါင်းအသင်းမိတ် ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေးနေရမယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျော့ချရမယ်။”
“ဟာ၊ ဆရာ အဲဒါဆို ကျွန်တော့်ကို ပရဟိတအဖွဲ့တစ်ခုမှာ volunteer လုပ်ဖို့ သူငယ်ချင်းတွေ ခေါ်ထားတာရှိတယ်။”
“ကောင်းတယ်ကွ၊ ပရဟိတလုပ်တာ သူများကို ကူညီရာလည်း ရောက်တယ်၊ လုပ်နေတုန်းမှာ ရတဲ့ ပီတိလေးတွေ ပျော်ရွှင်ကျေနပ်မှုလေးတွေကနေ ကိုယ်ခံစားနေရတဲ့ စိတ်ကျရောဂါကို ကုနေရာလည်း ရောက်တယ်။ လိုက်သာသွားကွ၊ ကောင်းတယ်။”
“ကျေးဇူးတင်ပါတယ်ဆရာ။”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်နှစ်လလောက်အကြာမှာတော့ မောင်မင်းကြီးသားတစ်ယောက် ဆေးခန်းကို တက်ကြွ မွှေးကြိုင်ပြီး ရောက်လာပါလေရဲ့။
“ဆရာရေ ကျွန်တော် အခု ခံစားနေရတာတွေ ဘာမှမရှိတော့ဘူး။ ဆရာပေးတဲ့ ဆေးကိုသောက်ပြီး ဆရာ ပြောသလိုနေလိုက်တာ အခု အားလုံးပျောက်သွားပြီ။”
“အေး၊ အဲလိုလေး လုပ်ပါကွ။”
“ကျွန်တော်သိသွားပြီဆရာ။ ဘဝမှာ ဒါလေးတော့လိုတယ်”
“ဟေ။ ဘာလိုတာလဲကွ၊ မျှပါဦး။”
“ပျော်ရွှင်မှုလေဆရာ ၊ ပျော်ရွှင်မှုပေါ့”
“အေး၊ ဟုတ်တယ်ကွ။ ဘဝမှာပျော်ရွှင်က သိပ်ကိုလိုအပ်တယ်။ ငါ့တူလည်း လိုချင်တဲ့ ပျော်ရွှင်မှုကို အမြဲရပါစေလို့ ဆရာ ဆုတောင်းပေးလိုက်ပါတယ်။”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာဖတ်သူအားလုံး စိတ်ကျရောဂါကင်းဝေးပြီး ပျော်ရွှင်နိုင်ကြပါစေ။
Author: Dr.မေ