အသည်းရောင်ခြင်းကို ဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုးတွေကို အသည်းရောင်အေပိုး(Hepatitis A virus)၊အသည်းရောင်ဘီပိုး(Hepatitis B virus)၊အသည်းရောင်စီပိုး(Hepatitis C Virus) ၊အသည်းရောင်ဒီပိုး(Hepatitis D Virus)၊အသည်းရောင်အီးပိုး(Hepatitis E virus)၊အသည်းရောင်ဂျီပိုး(Hepatitis G Virus) ဆိုပြီး ခြောက်မျိုးခွဲခြားနိုင်ပါတယ်။
ဒီထဲမှာမှ လူအသိများကြတာကတော့ အသည်းရောင် ဘီပိုး နဲ့ စီပိုး ဖြစ်ပါတယ်။
ကျန်တဲ့အသည်းရောင်ပိုးတွေကိုတော့ လူသိနည်းကြပါတယ်။
ဘာလို့လဲဆိုတော့ ဘီပိုး၊စီပိုးဟာ တခြားအသည်းရောင်ပိုးတွေထက်စာရင် ပိုပြီးဆိုးဝါးပြင်းထန်ကာ ပိုပြီးကူးစက်မှုများလို့ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ အသည်းရောင်စီပိုးအကြောင်းရေးသားတင်ပြချင်ပါတယ်။
လေ့လာမှုတွေအရ ကမ္ဘာ့တဝှမ်းရှိ လူဦးရေ သန်း၁၇၀ လောက်ဟာ အသည်းရောင်စီပိုး ကူးစက်ခံထားရကြောင်းသိရပါတယ်။
စီပိုးဟာ ဘီပိုးလိုပဲ ခန္ဓာကိုယ်က ထွက်တဲ့သွေး၊အရည်တွေကနေဆင့် တယောက်ကနေတယောက်ကို ကူးစက်နိုင်ပေမယ့် အဓိကအားဖြင့်တော့ သွေးကနေတဆင့်ပဲကူးစက်တာများပါတယ်။
စီပိုးပါတဲ့သွေးသွင်းမိတာ၊ကိုယ်အရေပြားစုတ်ပြဲပွန်းရှဒဏ်ရာနဲ့စီပိုးပါတဲ့သွေးနဲ့ထိမိတာ၊ စီရောဂါပိုးပါသော အပ်များ(စီရောဂါပိုးရှိသူကိုထိုးထားသောအပ်များ)နဲ့ဆေးမင်ကြောင်တက်တူးအထိုးခံရတာ၊အပ်စိုက်ကုသခံရတာ၊နားဖောက်ခံရတာ
စီရောဂါပိုးရှိသောလူနာအား ဆေးထိုးရာမှ မတော်တဆ အပ်စူးမိတာ
စီပိုးရှိတဲ့သူနဲ့မုတ်ဆိတ်ရိတ်ဒါး၊ဂျူတ်၊လက်သည်းညှပ်၊သွားတိုက်တံ၊ဆေးထိုးအပ်၊နားကပ်နားကွင်းတွေ မျှဝေသုံးစွဲတာ တွေကနေတဆင့် စီပိုးဝင်ရောက်ကူးစက်ခံရလေ့ရှိပါတယ်။
ဘီပိုးနဲ့မတူတာက
စီပိုးရှိသူနဲ့ရေခွက်တခွက်တည်းအတူသောက်တာ၊တပန်းကန်ထဲအတူစားတာ မျိုးတွေကနေ စီပိုးမကူးစက်နိုင်ပါဘူး။
ဒါ့အပြင် စီပိုးရှိသူနဲ့ လိင်ဆက်ဆံတာ၊နှုတ်ခမ်းချင်း နမ်းတာတွေ လုပ်ရာကနေ လည်း စီပိုးကူးစက်နိုင်ခြေဟာ အလွန်နည်းပါတယ်။
သို့ပေမယ့် လိင်ဆက်ဆံတဲ့အခါ ကြမ်းတမ်းစွာဆက်ဆံပြီး သွေးထွက်တာ၊ရာသီလာနေစဉ်ဆက်ဆံတာ၊လိင်အင်္ဂါမှာကြွက်နို့၊ရေယုန်လို့အနာရှိနေတာ မျိုးဆိုရင်တော့ လိင်ဆက်ဆံရာကနေတဆင့်ကူးစက်နိုင်ပါတယ်။
ထို့အတူ နှုတ်ခမ်းချင်းနမ်းတဲ့အခါမှာ သွေးထွက်တာ၊ပါးစပ်ထဲအနာရှိနေတာမျိုးဆိုရင်တော့ ကူးစက်နိုင်ပါတယ်။
စီပိုးရှိသူမိခင်ကနေ သန္ဓေသားကိုကူးစက်နိုင်ခြေဟာ ၄ရာခိုင်နှုန်း(အယောက်၁၀၀မှာ၄ယောက်နှုန်း)ရှိပါတယ်။
ပိုးရှိတဲ့မိခင်က မွေးလာတဲ့ကလေးကို မိခင်နို့တိုက်နိုင်ပါတယ်။မိခင်နို့ကနေတဆင့်မကူးစက်တတ်ပါ။
စီပိုးဝင်ရောက်ကူးစက်ခံရပြီး ၁၄ရက်ကနေ ရက်၈၀ အတွင်းမှာ ရောဂါလက္ခဏာပြသလေ့ရှိပါတယ်။
ဆီးဝါတာ၊အသားဝါတာ၊ပျို့အန်တာ၊အစားအသောက်ပျက်တာ၊ဗိုက်အောင့်ဗိုက်နာတာ၊ဖျားတာ၊အားမရှိသလိုဖြစ်တာ တွေကို ခံစားရနိုင်ပါတယ်။
သို့ပေမယ့် စီပိုးရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းလောက်ဟာ ဘာလက္ခဏာမှ မပြတာမျိုးလည်းရှိပါတယ်။
ရောဂါလက္ခဏာမပြတဲ့အခါ စီပိုးရှိနေမှန်း သိနိုင်ဖို့ခဲယဉ်းပါတယ်။ရှိနေမှန်းမသိလို့ မကုဘဲထားရင် နာတာရှည်အသည်းရောင်တာဖြစ်ပြီး နောက်ပိုင်းမှာအသည်းခြောက်တာ၊အသည်းကင်ဆာဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။
အသည်းကင်ဆာဖြစ်ပွားတဲ့အကြောင်းတွေမှာ ၅၀ ကနေ ၆၀ ရာခိုင်နှုန်းလောက်က စီပိုးကြောင့် ဖြစ်တာဖြစ်ပြီး ၁၀ ကနေ ၁၅ရာခိုင်နှုန်းက ဘီပိုးကြောင့်ဖြစ်တာဖြစ်ပါတယ်။
ဘီပိုးမှာ ကာကွယ်ဆေးရှိပေမယ့် စီပိုးကတော့ကာကွယ်ဆေးမရှိပါ။
သို့ပေမယ့် အခုအခါမှာ စီပိုးကို ကုသနိုင်တဲ့ဆေးတွေရနေပါပြီ။
ပိုးကောင်ရေစစ်ပြီး ဘာနောက်ဆက်တွဲဆိုးကျိုးမှမရှိသေးခင်
သေချာစောစီးစွာ ကုသမှုခံယူရင် လပိုင်းလောက်နဲ့ ပျောက်ကင်းနိုင်ပါတယ်။
စီပိုးဝင်ရောက်ကူးစက်နိုင်ခြေနဲအောင် တခြားသူတွေနဲ့ တကိုယ်ရေသုံးပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိတ်ဓါး၊သွားတိုက်တံ၊လက်သည်းညှပ် စတာတွေကို မျှဝေမသုံးစွဲပါနဲ့။
အပျော်ပါးလိုက်စားတာရှောင်ပါ။မရှောင်နိုင်ပါက ကွန်ဒုံးသုံးပါ။
မူးယစ်ဆေးဝါးမသုံးပါနဲ့။အထူးသဖြင့် အပ်နဲ့ထိုးသွင်းတာမျိုးတွေရှောင်ပါ။
တက်တူးထိုးတာ၊အပ်စိုက်ကုသတာတွေ လုပ်မယ်ဆိုပါက တခါသုံးအပ်ကိုသုံးတဲ့ဆီမှာပဲ သေချာစုံစမ်းမေးမြန်းပြီး လုပ်ပါ လို့ အကြံပေးချင်ပါတယ်။
Author : Dr. 528