ဝူဟန်ဗိုင်းရပ်စ်အတွက် ကြောက်တာအပြင် ကျွန်တော်တို့လုပ်နိုင်တာဘာရှိလဲ
လတ်တလောအခြေအနေမှာတော့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို နာဖျားစေခဲ့ပြီလို့ ဆိုရမလိုပါဘဲ။
အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်တဲ့အခါ ကျွန်တော်တို့အားလုံး ကြောက်ရွံ့စိတ်တွေနဲ့ စိတ်ထဲမှာအရင်ဖျားသွားစေခဲ့ပါတယ်။
ဒီစာကိုရေးနေချိန်အထိ မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး နဲ့ မိတ္ထီလာမြို့တွေမှာ သံသယရှိလူနာတစ်ဦးစီနဲ့ အနည်းဆုံး(၃)ဦးရှိနေပြီလို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာလည်း ဒီဝူဟန်ကိုရိုနာဗိုင်းရပ်စ်အတွက် စိုးရိမ်မှုရေချိန်တော်တော်မြင့်တက်နေပြီး ဈေးကွက်ထဲမှာလည်း mask တွေဈေးတက်ကုန်တာ ဝယ်မရတာ စတဲ့ ပြဿနာတွေလည်း ဖြစ်လာနေပြီဖြစ်ပါတယ်။
ဒီနေရာမှာ လူထုရဲ့ ကြောက်ရွံ့မှုကို အပြစ်မဆိုသာပါဘူး။
လူမှန်ရင်သေရမှာကြောက်ကြသလို..ရောဂါဆိုးတွေအကြောင်းကြားရတိုင်း ကြောက်ကြစမြဲပါ။
ဒါပေမဲ့ အကြောက်လွန်ခြင်းရဲ့ နောက်ကွယ်မှာ ပြည်သူလူထုရဲ့ အကြောက်တရားကို အသုံးချမဲ့ ဝိသမလောဘသားတွေ..လူထုအာရုံစိုက်မှုရဖို့ သတင်းမှားဖြန့်ဖြူးမှုတွေနဲ့ ကုသမှုကာကွယ်မှုနည်းလမ်းအမှားတွေပေးမဲ့လူတွေရဲ့ အန္တရာယ်ကိုလည်း သတိထားဖို့လိုပါတယ်။
ဒီတော့ ကြောက်တာအပြင် လတ်တလောမှာ ကျွန်တော်တို့အားလုံးအတူတူလုပ်နိုင်တဲ့ အရိုးရှင်းဆုံးကာကွယ်နိုင်မဲ့နည်းလမ်းတွေကို အရေးတကြီးပြောပြချင်ပါတယ်။
(၁) ကိုယ်ခံအား
အရေးအကြီးဆုံးအရာဖြစ်ပါတယ်။
ဘာရောဂါပိုးပဲ ဝင်လာလာ ကိုယ်ခံအားတပ်မတော်ကြီးမှာ လက်နက်အပြည့်အဝတပ်ဆင်ထားရင် သိပ်မှုစရာမလိုပါဘူး။
ဒီတော့…
စားပါ
…များများစားပါ..အားရှိမဲ့အရာမှန်သမျှ အာဟာရစုံလင်မျှတအောင်စားပါ။ အသီးအနှံများများစားပါ။
သောက်ပါ
…အရက်ဘီယာကလွဲရင် အရေမှန်သမျှ များများသောက်ပါ။
အိပ်ပါ
… အိပ်ရေးလုံးဝမပျက်ပါစေနဲ့..ကြောက်စိတ်နဲ့ သတင်းတွေပဲလိုက်ဖတ်နေတာမျိုးမလုပ်ပါနဲ့။ အချိန်တန်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ စိတ်မွေးပါ။
ရတဲ့အချိန်အိပ်နေပါ။
ပျော်ပျော်နေပါ
… စိတ်ဖိစီးလေ ကိုယ်ခံအားကျလေဖြစ်ပါတယ်။ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နေပါ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ။ ကိုယ်တစ်ယောက်တည်းစိတ်ပူနေရတာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးတစ်ပြိုင်တည်း စိတ်ပူနေရတာမို့ ပြုံးပြုံးလေးပဲ နေ့စဉ်ဖြတ်သန်းပါ။
(၂) လက်ဆေးပါ
ဒီဝူဟန်ကိုရိုနာဗိုင်းရပ်စ်မှမဟုတ်ပါဘူး။ ကူးစက်ရောဂါတွေအားလုံးကို ကာကွယ်ဖို့အတွက် လက်ကိုမကြာခဏ ဆပ်ပြာ၊ရေတို့နဲ့ စက္ကန့်၂၀ကြာအောင် ဆေးပေးဖို့လိုပါတယ်။
အထူးသဖြင့် အပြင်ကနေပြန်လာတဲ့အခါမျိုးမှာ လက်ကိုသေချာဆေးဖို့လိုပါတယ်။
ပိုက်ဆံတွေကိုင်အပြီးနဲ့ တိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့အပြီးတွေမှာလည်း လက်ဆေးဖို့မမေ့ပါနဲ့။
ပါးစပ်နဲ့ နှာခေါင်းနဲ့ မျက်နှာကို ဘာကြောင့်ဖြစ်ဖြစ်မကိုင်ခင်တိုင်း ကိုယ့်လက်ကို မသန့်ဘူးလို့ အမြဲသဘောထားပါ။
ရေနဲ့ဆပ်ပြာ မရနိုင်တဲ့ အခြေအနေတွေအတွက် အပြင်သွားတိုင်း ရေမလိုတဲ့ လက်သန့်ဆေးဘူးလေးဆောင်ထားပါ။
(၃) ရောဂါပိုးကိုယ့်ဆီမဝင်လာအောင်နဲ့ သူများဆီထပ်မပြန့်ဖို့
– လူထူတဲ့နေရာတွေ တတ်နိုင်သမျှရှောင်ပါ
– မရှောင်နိုင်ရင် Mask ကို စနစ်တကျတပ်ပါ
– Mask မပါခဲ့ရင် တစ်ယောက်ယောက်ချောင်းဆိုး နှာချေသံ ကြားတာနဲ့ ဝေးဝေးရှောင်ပါ။ လက်ကိုင်ပုဝါ(သို့မဟုတ်) တံတောင်ဆစ်ကွေးနဲ့ နှာခေါင်းနဲ့ ပါးစပ်ကိုပိတ်ထားပါ။
– နေမကောင်းရင် အိမ်မှာပဲနေပါ.. လူကြားထဲမသွားပါနဲ့ .. တွေ့ကရာဆေးတွေ သူများညွှန်တာတွေ မသောက်ပါနဲ့..ဆေးစပ်မသောက်ပါနဲ့ ..လိုအပ်ရင် ဆရာဝန်ပြပါ
– ဘာကြောင့်ပဲနှာချေချေ..ချောင်းဆိုးဆိုး အမြဲတမ်း နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ပါ..ကိုယ့်ကြောင့်ဘယ်သူ့ကိုမှ ဘာပိုးမှ မကူးပါစေနဲ့
နိဂုံးချုပ်ပြောရရင်တော့
စိတ်ပူပါ။ သတိထားပါ။ အရမ်းတော့မကြောက်ပါနဲ့။
ကျွန်တော်တို့အားလုံး အတူတူ စနစ်တကျ ကာကွယ်ရင်ဆိုင်ကြရအောင်။
ပြီးတော့ ဒီကာကွယ်တဲ့နည်းလမ်းတွေကို ဒီအခြေအနေဆိုးကြီးကနေ လွန်မြောက်သွားတဲ့အခါမှာလည်း မေ့မပစ်လိုက်ကြပါနဲ့။
ဒါကျွန်တော်တို့အားလုံး နေ့စဉ်လိုက်နာဖို့ တကယ်လိုအပ်နေတဲ့ ဘယ်ရောဂါကမဆို ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတွေ ဖြစ်လို့ပါ။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း
(၁.၂.၂၀)