“အဖေကြီးရေ ထမင်းစားကြရအောင်လေ ရှင်ကြိုက်တဲ့ ပုဇွန်ထုပ်ဆီပြန်လေးချက်ထားတယ်”
“တော်ပါပြီကွာ ငါသိပ်မစားချင်ဘူး
စားပြီးရင် ရင်ကပြည့်သလို ကယ်သလိုနဲ့ နေလို့မကောင်းဘူး စားချင်စိတ်လည်းမရှိပါဘူးကွာ”
“ဟောတော့ ဒုက္ခပါပဲ အဖေကြီးရယ်
ဒီတလော ရှင်အစားသေချာမစားလို့ ရှင်ကြိုက်တတ်တာလေး ချက်ထားတာတောင် မစားချင်ပြန်ဘူးလား
ဆေးလေးဘာလေး သွားစစ်ရမယ်ထင်တယ် ဗိုက်ထဲဘာတွေများဖြစ်နေပါလိမ့်တော်”
“မစစ်ချင်ပါဘူးကွာ ရှုပ်ရှုပ်ယှက်ယှက် ငါနေကောင်းပါတယ် အဘွားကြီးရဲ့
ငါ့ခန္ဓာငါသိပါတယ်ကွ ဆေးရုံဆေးခန်းဆိုတာမျိုးကလည်း သွားလို့ကောင်းတဲ့နေရာမဟုတ်ဘူးကွ
ဘာမဟုတ်တဲ့ ရင်ပြည့်ရင်ကယ်တာလေးနဲ့တော့ ငွေကုန်မခံချင်ပါဘူးကွာ
မင့်သား နောက်တစ်ပတ်ဆို မြို့ကနေပြန်လာတော့မှာမဟုတ်လား
သူ့ကျောင်းစရိတ်ပေးဖို့ ငွေလိုသေးတယ်လေကွာ
ငါကအရေးမကြီးပါဘူး”
“ပြောမရလည်းသဘောပဲ တော်ရေ”
.
.
ဒီနေ့တော့ ရာသီဥတုက သာယာသည်။ ဦးဘမောင်တစ်ယောက် အိမ်ရှေ့ကွပ်ပစ်မှာထိုင်ရင်း ရာသီဥတုသာယာသဖြင့် စိတ်ကျေနပ်နေမိသည်။ မနေ့ကထိ မိုးတွေရွာသကိုး။ ဒီနေ့ သားပြန်လာမယ့်နေ့မို့ ရာသီဥတုသာယာတာကို စိတ်ကျေနပ်နေမိသည်လေ။
.
.
“အဘရေ အဘ ……”
“ဟော… သားရောက်လာပြီ … လာ လာ သားရေ မနက်တည်းက မျှော်နေတာ”
“အဘွားကြီးရေ မင့်သားကိုထွက်လာကြိုဦးဟ”
ညိုမှောင်၍ မျက်တွင်းများချိုင့်နေသော ဖခင်တစ်ယောက်၏မျက်နှာမှာ အပြုံးတွေဝေလျှက်……
“အဘ ပိန်လှချည်လား အဘရယ်
မတွေ့ရတဲ့ သုံးလအတွင်းမယ် ဘာလို့ ဒီလောက်တောင်ပိန်သွားရတာလဲ အဘရဲ့”
“မပြောတတ်ပါဘူး သားရေ
မင့်အဘ အစာစားပြီးတိုင်း ရင်ပြည့်တယ် မစားချင်ဘူး မစားချင်ဘူးပြော ပြောနေတာပဲအေ
မစားမှတော့ ပိန်ပြီပေါ့
အသက်ကြီးလာတော့လည်း ကဂျီကဂျောင်ကျပါ့အေ”
မောင်ညွန့်မောင်တစ်ယောက် ဖခင်ကြီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ ပါးတွင်းတွေလည်းချိုင့်လို့ အရင်သုံးလကထက် ထက်ဝက်မက ပိန်ကျသွားလိုက်တာ……
“မဖြစ်ဘူးအဘရယ်
ဒီတစ်ခါ ပြန်ရင် အဘပါလိုက်ခဲ့ မြို့မှာဆေးစစ်မှဖြစ်မယ်”
“ဟာ… မလိုက်ချင်ပါဘူးကွာ
ငါနေကောင်းပါတယ် အသက်ကြီးလို့ အစားအသောက်ပျက်တာ ဘာများထူးဆန်းလဲ
ရှုပ်ရှုပ်ယှက်ယှက်ကွာ”
.
.
ဒီတစ်ခါ အိမ်ပြန်လာရတာ မောင်ညွန့်မောင် သိပ်မပျော်နိုင်၊ ဖခင်ကြီးကို ဆေးစစ်ဖို့ စည်းရုံးမှဖြစ်မည်။
.
.
“လာပါ အဘရယ် …
စမ်းသပ်ရုံပါပဲ အဘရဲ့”
သားခေါ်လို့သာ မြို့လိုက်လာပြီး ဆေးခန်းလာပြရတယ်၊ ဦးဘမောင်တစ်ယောက် သိပ်ပြီး ဆေးစစ်ချင်လှတာမဟုတ် အပိုအလုပ်တွေဟုသာထင်သည်။
.
.
ဆရာဝန်မှ ဦးဘမောင်အားမေးခွန်းများမေးသည်၊ စမ်းသပ်သည်၊ ဗိုက်ကို အာထရာဆောင်းရိုက်ရမည်ဆိုသဖြင့် အာထရာဆောင်းခန်းမှာ သွားရိုက်ရသည်။ ဆရာဝန်က မောင်ညွန့်မောင်အားခေါ်ပြီး အာထရာဆောင်းအဖြေကို ရှင်းပြသည်။
“ပြောရမှာတော့ စိတ်မကောင်းပါဘူး
လူနာရဲ့အစာအိမ်မှာ အကျိတ်တွေ့နေတယ်
အစာအိမ်ကင်ဆာလို့ သံသယရှိနေပါတယ်
သေချာအောင် ဗိုက်ကို ကွန်ပြူတာဓာတ်မှန် CT ထပ်ရိုက်ရပါမယ်”
“ဟာ ဟုတ်လား ဆရာ
ဒုက္ခပါပဲဗျာ
အဘက အစာမကြေဘူး ရင်ကယ်တယ်ပဲပြောတာ
ဘယ်လိုဖြစ်လို့ အစာအိမ်ကင်ဆာအထိ ဖြစ်ရတာလဲဗျာ”
“ကျွန်တော်လည်းစိတ်မကောင်းပါဘူးဗျာ
ရင်ပြည့်ရင်ကယ်တာမျိုးက ခဏဖြစ်တာဆိုရင် ပြဿနာမဟုတ်ပေမယ့် ကာလကြာရှည်ဖြစ်လာမယ်၊ တစ်ဖြည်းဖြည်းပိန်လာမယ်၊ အစားအသောက်ပျက်လာမယ်၊ ကော်ဖီရောင်အန်တာမျိုး ကတ္တရာစေးလိုဝမ်းမည်းမည်းသွားတာမျိုးတွေရှိတယ် ဆိုရင်တော့ စိတ်ပူရတယ်ဗျ၊ အထူးသဖြင့်အသက်ကြီးတဲ့သူတွေမှာဆိုပါတော့၊ ရင်ပြည့်ရုံလေးပေမယ့် ဒါရောဂါအကြီးကြီးရဲ့ လက္ခဏာဖြစ်နေနိုင်တယ်
သိပ်လည်းစိတ်မညစ်သွားပါနဲ့ဗျာ
ဆေးပညာတိုးတက်တဲ့ခေတ်ပဲ
စစ်ဆေးစရာရှိတာတွေ အမြန်စစ်ဆေးပြီး အကောင်းဆုံး ကုသရမှာပေါ့ဗျာ”
“ဟုတ်ကဲ့ပါ ဆရာ
အဘကိုသေချာလေး ကုပေးပါဗျာ”
.
.
ဆေးခန်းအဝ ခုံတန်းလေးမှာထိုင်နေတဲ့ ဖခင်ဖြစ်သူဆီ မောင်ညွန့်မောင် ကြိုးစားပြုံးရင်းလာခဲ့သည်။
ကုသဖို့ သိပ်နောက်မကျပါစေနဲ့လို့ ဆုတောင်းရင်း ……
ဒေါက်တာ စုလှိုင်ဖြိုး