fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

သားသားမီးမီးတွေ အမြဲမျက်စိကျနေတဲ့ ရေခဲသေတ္တာကို မေမေတွေ ဘယ်လိုစီမံထိန်းသိမ်းသင့်လဲ

သားသားမီးမီးတွေ ဗိုက်ဆာလာတဲ့အခါ အရင်ဆုံး ရေခဲသေတ္တာထဲမှာ ဘာမုန့်ရှိလဲဆိုပြီး ရှာဖွေတတ်ကြစမြဲ ဖြစ်ပါတယ်။ ရေခဲသေတ္တာဆိုတာ မီးဖိုချောင်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့အရာြဖစ်ပါတယ်။ တစ်အိမ်သားလုံးအတွက် ပြင်ဆင်ချက်ပြုတ်စားသောက်မယ့် အစားအသောက်တွေကို သိမ်းဆည်းပေးထားတဲ့နေရာကလည်း ရေခဲသေတ္တာပါပဲ။ ရေခဲသေတ္တာထဲမှာ အစားအသောက်မျိုးစုံကို ထည့်ထားရတဲ့အခါမျိုးမှာ သန့်ရှင်းမှုမရှိဘူးဆိုရင် ရောဂါပိုးတွေ ခိုအောင်းပေါက်ပွားနေနိုင်တဲ့အပြင် အစာအဆိပ်သင့်တာတွေပါ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် မိသားစုဝင်တိုင်းရဲ့ ကျန်းမာရေးအတွက်အရေးပါတဲ့ အစားအသောက်တွေ သိမ်းဆည်းတဲ့နေရာဖြစ်တဲ့ ရေခဲသေတ္တာကို သန့်သန့်ရှင်းရှင်းထားရှိနိုင်ဖို့ မေမေတို့အတွက် သိထားသင့်တဲ့ ထိန်းသိမ်းရေးနည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရေခဲသေတ္တာကို သန့်စင်ပေးပါ။

အစားအသောက်တွေ ကျန်းမာရေးနဲ့ညီညွတ်ဖို့ သိုလှောင်ထားတဲ့ ရေခဲသေတ္တာက သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ ရေခဲသေတ္တာကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ မေမေတို့က ဂရုစိုက်ရပါမယ်။

 ရေခဲသေတ္တာကို တစ်ပတ်ကို တစ်ခါ အချိန်ခဏပေးပြီး အထဲက အစားအသောက်တွေကို စစ်ဆေးလဲလှယ်ပါ။ ညှိုးနွမ်းနေတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ၊ မှိုတက်နေတဲ့ အစားအစာတွေနဲ့ အနံ့မကောင်းတော့တဲ့ သောက်စရာတွေကို စွန့်ပစ်ရပါမယ်။ တစ်ပတ်တစ်ခါ အစားအသောက်အဟောင်းတွေ စွန့်ပစ်ပြီး အသစ်တွေ ဝယ်ယူသိမ်းဆည်းထားသင့်ပါတယ်။

ရေခဲသေတ္တာ အတွင်း၊ အပြင် အကုန်လုံးကိုတော့ (၃) လ တစ်ခါ သန့်ရှင်းရေးလုပ်ပေးရပါမယ်။ ရေခဲသေတ္တာအတွင်းထဲက အစိတ်အပိုင်းတွေဖြစ်တဲ့ စင်တွေ၊ အဆင့်တွေ၊ ဘေးနံရံတန်းတွေနဲ့ ဟင်းသီးဟင်းရွက်ထည့်ပုံးတွေ စတဲ့အရာတွေအပြင် အတွင်းနံရံတွေနဲ့ အပြင်ဘက်တွေ အကုန်လုံးကို သန့်စင်သွားအောင်ဆေးကြောရမှာ ဖြစ်ပါတယ်။ 

  • ရေခဲသေတ္တာအတွင်းနံရံကို ပန်းကန်ဆေးဆပ်ပြာရည်နဲ့ ရေကို အသုံးပြုပြီး ရေမြုပ်နဲ့ ပွတ်တိုက်ဆေးကြောပါ။
  • အတွင်းနံရံပေါ်က စွန်းထင်းနေတဲ့အရာတွေ၊ ညစ်ပေနေတဲ့ရေခဲတွေ စတာတွေကို အချိန်ပေးဆေးကြောပေးပါ။ ရှာလကာရည်နဲ့စိမ်ပြီးတော့လည်း ဆေးကြောပေးနိုင်ပါတယ်။
  • ရေခဲသေတ္တာထဲက စင်တွေ၊ အဆင့်တွေ၊ ပုံးတွေကို အကုန်ဖြုတ်ပြီး အပြင်မှာ ရေနွေးနွေးနဲ့ ဆပ်ပြာရည်နဲ့ဆေးကြောပြီး အခြောက်ခံထားပါ။ 
  • ပြီးရင် ရေခဲသေတ္တာအပြင်ဘက်နံရံက ကပ်ငြိနေတဲ့ဖုန်တွေ သန့်ရှင်းရေးလုပ်ပါ။ 
  • နောက်ပြီး ရေခဲသေတ္တာကို နေရာနည်းနည်းရွှေ့ပြီး ရေခဲသေတ္တာအနောက်နဲ့ အောက်ကြမ်းခင်းက ဖုန်တွေ၊ အမှိုက်တွေကို တံမြက်စည်းလှဲပါ ဒါမှမဟုတ် ဖုန်စုပ်စက်နဲ့ စုပ်ပါ။ 
  • ပြီးတဲ့အခါမှာတော့ သန့်စင်သွားတဲ့ ရေခဲသေတ္တာအတွင်းပိုင်း အစိတ်အပိုင်းတွေကို ပြန်တပ်ဆင်ပြီး အစားအသောက်တွေ ထည့်နိုင်ပါပြီ။ 
  • ဒီလိုရေခဲသေတ္တာ အတွင်းရောအပြင်ပါ သန့်ရှင်းရေးကို (၃) လ တစ်ကြိမ် မမေ့မလျော့ လုပ်ပေးဖို့ လိုအပ်ပါတယ်။

၂။ အစားအသောက်တွေကို စနစ်တကျ ထည့်သွင်းသိမ်းဆည်းပါ။

ရေခဲသေတ္တာဖွင့်လိုက်တာနဲ့ စိတ်ပျော်ရွှင်စေဖို့ အစားအသောက်တွေကို စနစ်တကျနဲ့ နေရာတကျ သိမ်းဆည်းသိုလှောင်တတ်မှုကလည်း အရေးကြီးပါတယ်။ ရေခဲသေတ္တာကို ပြည့်ကြပ်နေအောင် အစားအသောက်တွေ အများကြီး သိုလှောင်တာကို ရှောင်ရပါမယ်။ အစားအစာ သိုလှောင်တဲ့အခါမှာ စနစ်တကျ သိုလှောင်တတ်စေဖို့ နေရာတွေ ခွဲခြားထားသင့်ပါတယ်။ 

  • သောက်စရာထားမယ့်နေရာမှာ သီးသန့် ဥပမာ -အချိုရည်ဘူး၊ နွားနို့ဘူးစသဖြင့် ထားသင့်ပါတယ်။
  • သစ်သီးဝလံတွေကိုလည်း အိတ်နဲ့ ဒါမှမဟုတ် ဘူးနဲ့ စနစ်တကျသိမ်းဆည်းထားရပါမယ်။ 
  • အသားစိမ်း၊ ငါးစိမ်းတွေကိုတော့ ရေခဲသေတ္တာရဲ့ အအေးဆုံးနေရာမှာ ထားသင့်ပြီး အိတ်နဲ့ ဒါမှမဟုတ် Aluminium foil အလွှာပြားနဲ့ စနစ်တကျ ထုတ်ထားရပါမယ်။
  • ဟင်းသီးဟင်းရွက်တွေကိုလည်း အိတ်နဲ့သိုလှောင်သင့်ပြီး ရေခဲသေတ္တာအောက်ခြေက ဆွဲထုတ်လို့ရတဲ့ ပုံးထဲမှာ သိမ်းဆည်းသိုလှောင်နိုင်ပါတယ်။ 

အစားအသောက်တွေကို တစ်ပတ် တစ်ခါ စစ်ဆေးသင့်ပြီး ရက်လွန်နေတဲ့ အစားအသောက်တွေနဲ့ ညှိုးနွမ်းနေတဲ့ ဟင်းသီးဟင်းရွက်တွေကို စွန့်ပစ်သင့်ပါတယ်။ တစ်နေ့တာ စားမကုန်လို့ ကျန်တဲ့ အစားအသောက်တွေ သိမ်းဆည်းတဲ့အခါမှာလည်း စနစ်တကျ သိမ်းဆည်းသင့်ပြီး လတ်ဆတ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေနဲ့ တစ်နေရာတည်း ထားတာကို ရှောင်သင့်ပါတယ်။ ဟင်းတွေကို ရက်အကြာကြီးထားပြီး ခဏခဏနွှေးစားတာထက် တစ်နေ့တာ ကုန်သလောက်ပဲ ချက်စားတာက အကောင်းဆုံးဖြစ်ပါတယ်။


၃။ သားသားမီးမီးတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ဝယ်ယူပါ။

ဗိုက်ဆာတိုင်း ရေခဲသေတ္တာထဲ မုန့်ပြေးရှာတတ်တဲ့ သားသားမီးမီးတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်တွေ၊ သွားရည်စာတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အသင့်စား အာလူးကြော်မုန့်တွေ၊ သကြားပါဝင်မှုများတဲ့ အချိုရည်ဘူးတွေ၊ သကြားလုံးတွေ အများကြီးဝယ်ထားတာထက်စာရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဖြစ်စေတဲ့အစားအသောက်တွေ ဝယ်ထည့်ထားပါ။

  • ဂျုံပေါင်မုန့်နဲ့ သီးနှံဘီစကစ်မုန့်တွေအပြင် ဥအမျိုးမျိုးကို ဝယ်ထည့်ထားပါ။ 
  • နွားနို့၊ ပဲနို့၊ ဒိန်ချဥ် စတဲ့ သောက်စရာတစ်မျိုးမျိုးကို မပြတ်လတ်ရအောင် ဝယ်ထားပါ။
  • မြေပဲ၊ သီဟိုဠ်စေ့ စတဲ့ အစေ့အစံအမျိုးမျိုး၊ ဘယ်ရီသီးအမျိုးမျိုး ဥပမာ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ သစ်သီးဝလံအမျိုးမျိုး ဥပမာ ပန်းသီး၊ လိမ္မော်သီး စတဲ့ အစားအသောက်တွေကို ဝယ်ထည့်ထားပါ။
  • မနက်စာအပြင် အဆာပြေအနေနဲ့ စားနိုင်ဖို့ Cereal လို့ခေါ်တဲ့ ကွေကာအုပ်တွေကိုလည်း ဝယ်ထည့်ထားပါ။

အစားအစာတွေကို ဝယ်ယူတဲ့အခါ ကုန်ဆုံးရက်ကို သတိထားသင့်ပြီး ရက်လွန်အစားအသောက်တွေကိုလည်း ပုံမှန်စွန့်ပစ်ပေးပါ။ ကလေးတွေက မသိလိုက်ဘဲ စားမိတဲ့အခါ အစာအဆိပ်သင့်တာမျိုး ဖြစ်တတ်ပါတယ်။

အထက်က ပြောပြခဲ့တာတွေကတော့ မေမေတို့အနေနဲ့ မီးဖိုချောင်က ရေခဲသေတ္တာလေးကို သန့်ရှင်းနေအောင် ဘယ်လိုထားရမလဲဆိုတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ မိသားစုကျန်းမာရေးအတွက် အရေးကြီးတဲ့ ရေခဲသေတ္တာလေးကို သန့်သန့်ရှင်းရှင်းနဲ့ အစားအသောက်တွေ စနစ်တကျ သိုလှောင်ထားမယ်ဆိုရင် ဖွင့်လိုက်တိုင်း စိတ်ချမ်းသာရပြီး သားသားမီးမီးတို့လည်း သဘောကျတဲ့ ရေခဲသေတ္တာလေး ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဒေါက်တာကောင်း (ဆေး-၂)

ဆက်စပ် ဆောင်းပါးများ