Duke-NUS Medical School နှင့် အမေရိကန်နိုင်ငံမှ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Arcturus Therapeutics တို့ ပူးပေါင်းထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို စင်္ကာပူနိုင်ငံတွင် စေတနာ့၀န်ထမ်းနိင်ငံသားများအား ပထမဆုံး စမ်းသပ်ထိုးနှံပေးခဲ့သည်။
ပထမအဆင့် စမ်းသပ်ထိုးနှံမှုတွင် အသက် ၂၁ နှစ်နှင့် ၅၅ ကြားရှိစေတနာ့၀န်ထမ်းများပါ၀င်ပြီး ၄င်းတို့ကို တစ်ကြိမ်တည်းထိုးရန်လိုအပ်သောကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း Arcturus ကုမ္ပဏီက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ယခု အစောပိုင်းစမ်းသပ်ထိုးနှံမှုမှ ရရှိသောအချက်အလက်များကို အသက် ၅၆ နှစ်မှ အသက် ၈၀ ကြားနှင့် သက်လတ်ပိုင်းအရွယ်စေတနာ့၀န်ထမ်းများပါ၀င်သော ဒုတိယအဆင့် စမ်းသပ်မှုအတွက် ဆေးပမာဏ တွက်ချက်ရွေးချယ်မှုတွင် အသုံးပြုသွားမည်ဖြစ်သည်။
သီအိုရီပိုင်းဆိုင်ရာ စမ်းသပ်တွက်ချက်မှုများအရ ၄င်းတို့၏ကာကွယ်ဆေးသည် အလွန်နည်းသောဆေးပမာဏကို တစ်ကြိမ်တစ်ခါသာ ထိုးနှံရန်လိုအပ်ကြောင်း Arcturus ဆေးကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Joseph Payne က ပြောကြားခဲ့သည်။ ယခုစမ်းသပ်ထိုးနှံမှုများသည် တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေသော ကပ်ရောဂါကို ထိန်းချုပ်ရန်လိုအပ်သည့် ကာကွယ်ဆေးအမြောက်အမြားထိုးနှံသည့် campaign များလုပ်ဆောင်ရန် ပိုမိုအဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
Lunar-Cov19 ဟုခေါ်တွင်သော ၄င်းကာကွယ်ဆေးကို စမ်းသပ်ထိုးနှံရန် နောက်ဆုံးသီတင်းပတ်အထိ လူပေါင်း ၂၅၀ ကျော်ခန့် စာရင်းပေးသွင်းခဲ့ကြသော်လည်း လူ ၁၀၀ ခန့်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
SingHealth Investigational Medicine Unit (IMU) မှ ကြီးမှူးလုပ်ဆောင်သည့် ယခုစမ်းသပ်မှုသည် ယခုနှစ်အောက်တိုဘာလကုန်အထိ ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားသည်။
ယခုကာကွယ်ဆေးစမ်းသပ်မှုကို မူလကစက်တင်ဘာလတွင် စတင်စမ်းသပ်ရန် စီစဉ်ထားသော်လည်း သီအိုရီပိုင်းဆိုင်ရာ စမ်းသပ်တွက်ချက်မှုများ၏ရလဒ်များမှာ မျှော်မှန်းထားသည်ထက် ကောင်းမွန်နေမှုကြောင့် အချိန်စောပြီး ပြုလုပ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
Lunar-Cov19 ကာကွယ်ဆေးတွင် ကိုဗစ် 19 ဗိုင်းရပ်၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် မျိုးရိုးဗီဇဆိုင်ရာပစ္စည်းဖြစ်သည့် mRNA ပါ၀င်သည်။ ၄င်း ကာကွယ်ဆေးကို လူခန္ဓာကိုယ်အတွင်း ထိုးနှံပေးလိုက်သောအခါ ခန္ဓာကိုယ်အတွင်းရှိဆဲလ်များအား ဗိုင်းရပ်တွင်ပါရှိသော ပရိုတင်းများကို ထုတ်လုပ်ပေးရန် လှုံ့ဆော်ပေးသည်။ ရလဒ်အနေဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်အား အဆိုပါပရိုတင်းပါ၀င်သောဗိုင်းရပ်ကို မည်သို့မည်ပုံတိုက်ခိုက်ရမည်ဆိုသည့် နည်းလမ်းအား သင်ယူတတ်မြောက်စေရန် အထောက်အကူပြုစေမည်ဖြစ်သည်။
Ref : THE STRAITS TIME (SINGAPORE)
Author : Dr. Kyi