မေမေတို့ရေ… အခုခေတ်ကလေးတွေမှာ ဖုန်း၊ တီဗီ၊ ကွန်ပြူတာ၊ ဂိမ်းစက်တွေ သုံးလာနိုင်တော့ အပြင်ထွက်ပြီးဆော့နေတယ်ဆိုတာ ခပ်ရှားရှားဖြစ်ကုန်ကြပြီနော်။ အရင်က ရပ်ကွက်ထဲလမ်းပေါ်မှာ အုပ်စုလိုက်ဆော့ကြတဲ့ ကလေးတွေလိုမျိုး အခုမတွေ့ကြရတော့ဘူး။
ယာဥ်အန္တရာယ်တွေ ပိုသတိထားလာရတာ၊ ကလေးကို သူစိမ်းတွေ အန္တရာယ်ပြုနိုင်တာ၊ ရောဂါပိုးတွေကူးစက်မှာ စိုးရိမ်တာတွေကြောင့် မေမေတို့အနေနဲ့ ကလေးတွေကို အိမ်ပြင်မထွက်စေချင်ကြတာ နားလည်ပါတယ်။
⚠️ဒါပေမဲ့လေ…ကြာလာရင် ကလေးတွေအနေနဲ့ ပတ်ဝန်းကျင်မှာ မသွားလာရဲတာ၊ သဘာဝတရားတွေ မခံစားတတ်တော့တာ၊ အိမ်နီးချင်းတွေ/ကစားဖော်သူငယ်ချင်းတွေနဲ့ မရင်းနှီးတတ်တာတွေ ဖြစ်လာနိုင်ပါတယ်နော်။
🚫 ဒါ့ကြောင့် ကလေးကို အိမ်ထဲမှာပဲ မပိတ်လှောင်ထားသင့်ပါဘူး။
ရုပ်ရှင်၊ ကာတွန်းကြည့်တာ၊ Game တွေပဲဆော့နေတာဟာ ကလေးအတွက် မကောင်းပါဘူး။ မျက်စိအားနည်းပြီး စောစောမျက်မှန်တပ်ရတာ၊ သူငယ်ချင်းအပေါင်းအသင်းနည်းတာ၊ ကိုယ်လက်ကြံ့ခိုင်မှု အားနည်းတာ၊ ပြင်ပပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး မလေ့လာတတ်တာ၊ ဗဟုသုတမရှိတာတွေ ဖြစ်လာတတ်ပါတယ်။
❤ ကလေးကို သဘာဝပတ်ဝန်းကျင်၊ သစ်ပင်တွေ၊ တိရစ္ဆာန်လေးတွေအပေါ်မှာ ချစ်မြတ်နိုးတတ်အောင် သင်ပေးရမှာ မေမေတို့ တာဝန်ပါနော်။ ဒါမှ ကလေးကြီးပြင်းလာတဲ့အခါ တောတောင်၊ ရေမြေသဘာဝတွေကို ဂရုစိုက်တတ်ပြီး တိရစ္ဆာန်လေးတွေအပေါ်မှာ ကြင်နာတတ်တဲ့သူလေးတွေ ဖြစ်လာမှာပါ။
🌼 ကလေးကို ကစားကွင်း၊ ပန်းခြံတွေ ခေါ်သွားပေးပါ။
ရွယ်တူကလေးတွေနဲ့ ပြေးလွှား ဆော့ကစားပါစေ။ မေမေတို့လည်း တူတူဆော့ပေးလို့ ရပါတယ်နော်။ ကစားကွင်းမှာရှိတတ်တဲ့ ပန်းပင်လေးတွေ၊ မြက်ရိုင်းတွေ၊ ခြုံပုတ်ပင်လေးတွေအကြောင်း၊ ပန်းခြံထဲက သစ်ပင်ကြီးတွေ၊ ပန်းပင်တွေအကြောင်း ပြောပြပေးပါ။ ကလေးမှာ လေ့လာစူးစမ်းလိုစိတ် ပေါ်လာအောင်လည်း သင်ပေးပါ။ ကလေးမေးသမျှ မေးခွန်းလေးတွေလည်း ဖြေပေးရမှာပါနော်။
🦁 ကလေးကို တိရစ္ဆာန်ဥယျာဥ်တွေလည်း လိုက်ပို့ပေးပါ။
အဲဒီမှာ တွေ့ရတဲ့ တိရစ္ဆာန်လေးတွေရဲ့ ပုံစံ၊ စားသောက်တာ၊ နေထိုင်တာ၊ ထူးခြားမှုလေးတွေကို ပြောပြပေးပါနော်။ သူတို့လေးတွေကို မကြောက်ဖို့၊ ချစ်မြတ်နိုးတတ်အောင်လည်း သင်ပေးရမှာပါ။
🌼 ဒါ့အပြင် မိသားစုခရီးထွက်ရင်လည်း လမ်းမှာတွေ့ရတဲ့ တောတောင်တွေအကြောင်း ကလေးစိတ်ဝင်စားအောင် ပြောပြပေးပါနော်။
ဒေသသစ်တစ်ခုရဲ့ မတူညီတဲ့ သစ်ပင်တွေ၊ ကျေးငှက်တွေ၊ မြေကြီးအရောင်တွေ၊ လေညှင်းအနံ့လေးတွေ၊ ရာသီဥတုအကြောင်းလေးတွေကို ကလေးနားလည်တဲ့အဆင့်အလိုက် စကားဝိုင်းဖွဲ့ပြောရင် ကောင်းပါတယ်။
ပင်လယ်ရေထဲလည်း ပျော်တတ်အောင်၊ သဲသောင်တွေ၊ ခရုခွံလေးတွေနဲ့ ဆော့နေတတ်အောင်လည်း ကလေးကို ပင်လယ်ကမ်းခြေခေါ်သွားပေးသင့်ပါတယ်။
🌼 အိမ်မှာလဲ အပင်လေးတွေစိုက်ပြီး ဥယျာဥ်လေးပျိုးထားပေးပါ။
အပင်လေးတွေကို ဂရုစိုက်တတ်အောင် သင်ပေးပါ။ သူတို့ ကြိုးစားပျိုးထားတဲ့ အပင်လေးမှာ ပန်းပွင့်လာတာ၊ အသီးသီးလာတာတွေ့ရင် ချီးမွမ်းပေးပါ။ အပင်လေးတွေရဲ့ အသုံးဝင်ပုံလေးတွေ သိအောင်ပြောပြပါ။
🐦 ငှက်လေးတွေရဲ့ တီတီတာတာသံကိုလည်း နားထောင်တတ်ပါစေ။
ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတာတော့ ငှက်လေးတွေပါပဲ။ ကလေးတွေကို ငှက်အမျိုးအစားတွေ၊ အော်သံလေးတွေ၊ စားတတ်တဲ့အစာလေးတွေ သိရအောင် ပြောပြပေးပါ။
ဒါ့အပြင် လိပ်ပြာလေးတွေ၊ ပုစဥ်းတွေကအစ ကလေးအတွက် စိတ်ဝင်စားစရာ ဖြစ်အောင် မေမေတို့က ပြောပြပေးရမှာပါနော်။
🐶 အိမ်မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တတ်အောင်သင်ပေးပါ။
ခွေးလေး၊ ကြောင်လေးတွေ၊ ငှက်လေး၊ ငါးလေးတွေ မွေးထားပေးပါ။ ကလေးတွေ တိရစ္ဆာန်လေးတွေအပေါ် ဂရုစိုက်တတ်အောင်၊ ချစ်တတ်အောင်၊ အဖော်မင်တတ်အောင် မေမေတို့ သင်ပေးသင့်ပါတယ်နော်။
🌥 တိမ်လေးတွေရဲ့ ပုံစံနဲ့ ရာသီဥတုအကြောင်းလည်း ရှင်းပြပေးပါ။
ကောင်းကင်ရဲ့ အရောင်၊ တိမ်ဖြူ၊ တိမ်မဲလေးတွေအကြောင်း၊ နေထွက်တာ၊ နေဝင်တာ၊ လေတိုက်တာ၊ မိုးရွာတာတွေ လေ့လာစူးစမ်းတတ်အောင်၊ ခံစားတတ်အောင်၊ ညအခါမှာ ကြယ်လေးတွေကို ကြည့်တတ်အောင်၊ စိတ်ဝင်စားအောင် သင်ပေးပါနော်။ ရာသီအလိုက် လေညှင်းတွေရဲ့ ရနံ့ကွာတာလည်း ပြောပြပေးပါ။
🌧 မိုးရွာတဲ့အခါမှာလည်း မိုးရေထဲ ထွက်ဆော့ပါစေ။
ကလေးကို မိုးရေချိုးတာ၊ စက္ကူလှေလေးလုပ်ပြီး ဆော့တာတွေလည်း ခွင့်ပြုပေးပါ။ မိုးတိတ်တဲ့အခါရတဲ့ မြေသင်းနံ့အကြောင်းလည်း ပြောပြပေးပါနော်။
ဒီလိုလေးတွေ မေမေတို့ သင်ပေး၊ ပြောပြထားတဲ့အခါ ကလေးတွေမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ပြီး တန်ဖိုးထားတတ်တဲ့သူလေးတွေ ဖြစ်လာမှာပါ။ ဒါမှ နောင်ကြီးပြင်းလာတဲ့အခါ သစ်တောပြုန်းတီးတာတွေ၊ ကမ္ဘာကြီးပူနွေးလာတာတွေ၊ တိရစ္ဆာန်လေးတွေ မျိုးတုံးလာတာတွေကို ကာကွယ်နိုင်တဲ့သူလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်နော်။