ခါးနာခြင်းသည် အလွန် ခံရခက်၍ စိတ်အနှောင့်အယှက်ဖြစ်စေသော ဝေဒနာဖြစ်ပါသည်။ ဝေဒနာခံစားရသူကို ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း များစွာ ဒုက္ခပေးတတ်ပါသည်။ ထို့ကြောင့် ခါးနာခြင်းဝေဒနာ ကို သက်သာစေနိုင်သည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
၁။ ကြွက်သားများကိုပြေလျော့စေရန် မှန်ကန်သော လေ့ကျင့်ခန်းများကိုလုပ်ပေးခြင်းဖြင့် ခံစားရသော ဝေဒနာကို သက်သာစေ နိုင်ပါသည်။ လေ့ကျင့်ခန်းအားလုံးသည် ခါးနာခြင်းကိုသက်သာစေနိုင်သည်တော့မဟုတ်ပါ။ လေ့ကျင့်ခန်းမလုပ်မီ ဆရာဝန်နှင့် ဦးစွာတိုင်ပင် ပြီးမှလုပ်ဆောင်နိုင်လျှင် ပိုကောင်းပါသည်။ ဥပမာအားဖြင့် ထိုင်ထ လေ့ကျင့်ခန်းများကို လုပ်လျှင် ခါးနာခြင်းကို သက်သာစေမည့်အစား ပို၍ ဆိုးရွားစေနိုင်ပါသည်။ ခြေထောက်မြှောက်ခြင်း လေ့ကျင့်ခန်းသည်လည်း ခါးနာခြင်းကို ပို၍ ဆိုးရွားစေနိုင်ပါသည်။
ခါးနာခြင်းကို သက်သာစေနိုင်သည့်လေ့ကျင့်ခန်းများစွာလည်း ရှိပါသည်။ရေကူးလေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်း များသည် ခါးနာခြင်းအတွက်များစွာ အထောက်အကူပြုသော လေ့ကျင့်ခန်းများဖြစ်ပါသည်။
၂။ ရေခဲ သို့မဟုတ် ရေနွေး အိတ်ကပ်ခြင်း ဖြင့် ခါးနာခြင်းကို သက်သာစေနိုင်ပါသည်။ အကယ်၍ ခါးနာခြင်းသည် ရုတ်တရက်ဖြစ်ပေါ် လာပါက ဦးစွာရေခဲကပ်ပြီးမှ ရေနွေးအိတ်ကပ်ပါ။ အကယ်၍ နာတာရှည် ခါးနာရောဂါ ဖြစ်လျှင် ရေခပ်နွေးနွေးထည့်ထားသော ရေနွေးအိတ်ကိုဆက်တိုက် ကပ်ပေးခြင်းဖြင့်သက်သာစေနိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ပြီး နာကျင်မှုများကိုလည်း ရေခဲကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
၃။ အကြောလျှော့ / အကြောဆန့် လေ့ကျင့်ခန်းများကို လုပ်ပေးခြင်းဖြင့်လည်း ခါးနာခြင်းကိုသက်သာစေနိုင်ပါသည်။
၄။ မှန်ကန်သင့်လျော်သော ဖိနပ်များကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့်လည်း ခါးနာခြင်းဝေဒနာ ကိုသက်သာစေပါသည်။ ဒေါက်မြင့်များကို ဝတ်ဆင်ခြင်းသည် ခါးနာခြင်းကို ဖြစ်စေနိုင်သည်မှာမှန်သော်လည်း ခြေညှပ်ဖိနပ် ဝတ်ဆင်ခြင်းဖြင့် ခါးနာခြင်းကို ကာကွယ်ပေးနိုင်သည်ဟုလည်းမဆိုလိုနိုင်ပါ။ အလွန်တင်းကြပ်သော သို့မဟုတ် အလွန်ကြီးသော ဖိနပ်များကို ဝတ်ဆင်လျှင်လည်း ခါးနာခြင်းဝေဒနာကို ဖြစ်စေနိုင်ပါသည်။
၅။ စိတ်ဖိစီးမှုများခြင်းကြောင့် အသက်ရှူမှုပုံစံကို သက်ရောက်မှုရှိစေပြီး ၎င်းသက်ရောက်မှုက ကျောပေါ်တွင် တင်းကြပ်မှုကို ဖြစ်စေနို်င်ပါသည်။ ကျန်းမာရေးကို အထောက်အကူပြုသော အစားအစာများကို စားခြင်းဖြင့်လည်း စိတ်ဖိစီးမှု သက်သာစေ၍ ခါးနာခြင်းကို အထောက်အကူပြုနိုင်ပါသည်။
၆။ မှားယွင်းသော အိပ်စက်ခြင်းပုံစံများသည်လည်း ခါးနာခြင်းဖြစ်စေနိုင်ပါသည်။ ခေါင်းအုံးကို လည်ပင်း နှင့် ခေါင်းအောက်တွင်သာ ထား၍ အိပ်စက်ရပါမည်။ ပခုံးအောက်တွင် ထား၍ အိပ်စက်ခြင်းသည် ခါးနာခြင်းကို ဖြစ်စေနိုင်ပါသည်။ မွေ့ရာရွေးချယ်မှုသည်လည်း ခါးနာခြင်းကို ကာကွယ်ရာတွင်အရေးပါ ပါသည်။ ခါးသည် တင်ပါးထက် ပို၍ သေးငယ်နေသော သူများသည် ပျော့ပျောင်းသော မွေ့ရာကို ရွေးချယ်သင့်ပါသည်။ ခါးအရွယ်အစားကြီးသောသူများသည် မာသော မွေ့ရာများကို ရွေးချယ်အိပ်စက်သင့်ပါသည်။
၇။ အကိုက်အခဲပျောက်ဆေးများကို အစာနှင့်တွဲဖက်သောက်သုံးခြင်း သို့မဟုတ် အကိုက်အခဲပျောက် လိမ်းဆေးများကိုလိမ်းခြင်းဖြင့်လည်း ခါးနာခြင်းကို သက်သာစေနိုင်ပါသည်။
အထက်ပါအချက်အလက်များကို အသုံးပြုပြီး ခါးနာဝေဒနာကို သက်သာပျောက်ကင်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Author : Dr. မိုးမိုးလွင် (ဆေး ၁)