ခွေးကိုက်ခံရသည့်အခါမှာ ပေါက်ပြဲသွားသော အရေပြားမှ တစ်ဆင့် ခွေး၏ပါးစပ်တွင်းတွင် ရှိသော ဘက်တီးရီးယားပိုးများသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားနိုင်ပါသည်။ ခွေးကိုက်သည့် ဒဏ်ရာကို ရေဖြင့် သေချာစွာ ဆေးခြင်းသည် ဘက်တီးရီးယားပိုးများကို ရှင်းလင်းစေနိုင်ပြီး ရောဂါပိုး ကူးစက်ခံရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ အကယ်၍ ဘက်တီးရီးယားပိုးများသည် ခန္ဓာကိုယ်အတွင်းဆက်လက်တည်ရှိနေပါက မေးခိုင်ရောဂါ၊ ခွေးရူးပြန်ရောဂါနှင့် သွေးဆိပ်တက်ရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ ထိုကဲ့သို့ သော အခြေအနေမျိုးတွင် ပဋိဇီဝဆေးများသောက်သုံးရန်သော်လည်းကောင်း၊ ကာကွယ်ဆေးများ ထိုးနှံရန်သော်လည်းကောင်း လိုအပ်လာပါသည်။
ခွေးကိုက်ဒဏ်ရာရောဂါပိုးဝင် မဝင် ဘယ်လိုသိနိုင်မလဲ
ရောဂါပိုးဝင်ရောက်သောခွေးကိုက်ဒဏ်ရာသည် …………
- ဒဏ်ရာတဝိုက်တွင်နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများဖြစ်လာခြင်း
- ၂၄နာရီထက်ပိုမိုကြာမြင့်စွာနာကျင်ခြင်း
- ဒဏ်ရာမှ သားငံရည်များထွက်နေခြင်း
- ဒဏ်ရာရှိသော ခန္ဓာကိုယ်၏အစိတ်အပိုင်းသည် လှုပ်ရှားရန်ခက်ခဲလာခြင်း
- ဒဏ်ရာ၏ အနီးတဝိုက်တွင်ပူနွေးနေခြင်း စသည့် လက္ခဏာများရှိနေမည် ဖြစ်ပါသည်။
အကယ်၍ ဝင်ရောက်သွားသောရောဂါပိုးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပါက အောက်ပါလက္ခဏာများကို ဆက်လက်ခံစား ရမည်ဖြစ်ပါသည်။
– အဖျားတက်ခြင်း
– ချမ်းတုန်ခြင်း
– ညဘက်တွင်ချွေးစေးပြန်ခြင်း စသော လက္ခဏာများကိုခံစား ရမည်ဖြစ်ပါသည်။
ခွေးကိုက်ဒဏ်ရာကို ကုသခြင်းနှင့် ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်ခြင်း
အကယ်၍ ဒဏ်ရာသည်သေးငယ်ပါက အောက်ပါအတိုင်း ကုသမှုပြုလုပ်နိုင်ပါသည်။
- ဒဏ်ရာကို ရေနွေးနှင့် ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ
- ဒဏ်ရာကို ပိုးသတ်ဆေးရည် (သို့မဟုတ်) ပိုးသတ်ဆေး ခရင်မ်ကို လိမ်း၍ သန့်ရှင်းသော ပတ်တီးဖြင့်စည်းထားပါ။
အကယ်၍ ဒဏ်ရာသည်ကြီးမားပြီး နက်ခဲ့ပါက အောက်ပါအတိုင်း ပြုလုပ်ကုသရန်လိုအပ်ပါသည်။
- ခြောက်သွေ့သန့်ရှင်းသော အဝတ်ဖြင့် သွေးတိတ်စေရန် ဒဏ်ရာကို ဖိထားပါ။
- ဆေးဘက်ဆိုင်ရာ အကူအညီ ရရှိရန် ဆေးဘက်ဆိုင်ရာ အဖွဲ့များ သို့မဟုတ် ပညာရှင်များအား ဆက်သွယ်ပါ။
- အကယ်၍ သွေးတိတ်စေရန်ပြုလုပ်၍ မရနိုင်လျှင်သော်လည်းကောင်း၊ လူနာသည် သတိမေ့မျောလျှင်သော်လည်းကောင်း အရေးပေါ်လူနာတင်ကားကို ဆက်သွယ်ခေါ်ယူပါ။
ကုသခြင်း
အကယ်၍ ခွေးကိုက်ဒဏ်ရာသည် သေးငယ်ပါက ခွေးကိုက်ဒဏ်ရာကို ရောဂါပိုးမဝင်စေရန်အတွက် အိမ်တွင်ကုသ၍ ရပါသည်။
အကယ်၍ ရောဂါသည်ပိုမိုကြီးမား၍ ပြင်းထန်ပါက ဆရာဝန်အားပြသရန်လိုအပ်ပါသည်။ ရောဂါကူးစက်ခြင်းကို ကာကွယ်နိုင်ရန်အတွက် ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးရန် လိုအပ်ပါက သောက်သုံးရပေလိမ့်မည်။ အကယ်၍ ခွေးကိုက်ခံရသူသည် ၅ နှစ်အတွင်း မေးခိုင်ရောဂါကာကွယ်ဆေးကို ထိုးနှံခြင်း မပြုလုပ်ဖူးခဲ့ပါက မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံရန်လိုအပ်မည်ဖြစ်ပါသည်။ အကယ်၍ ကိုက်သည့်ခွေး၏ အခြေအနေကို သင်္ကာမကင်းဖြစ်ခဲ့ပါက (သို့မဟုတ်) ကိုက်သောခွေး၏ ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံထားသော အခြေအနေကိုသေချာစွာမသိရှိခဲ့ပါက ခွေးရူးရောဂါကာကွယ်ဆေးကိုပါ ထိုးနှံရန်လိုအပ်ပါသည်။ အကယ်၍ ခွေးကိုက်ခံရသည့် ဒဏ်ရာသည် ကြီးမားခဲ့ပါက ဒဏ်ရာကို ချုပ်ရန်လိုအပ်ပါသည်။
နောက်ဆက်တွဲပြဿနာများ
လက် သို့မဟုတ် ခြေထောက်တွင် ခွေးကိုက်ခံရခြင်းသည် ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုမိုမြင့်မားပါသည်။ ခွေးကိုက်ဒဏ်ရာကို ရောဂါပိုးများဝင်ရောက်ခြင်းသည် အလွန်ပြင်းထန်နိုင်ပြီး ကုသမှုမခံယူခဲ့လျှင် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နိုင်ပါသည်။ ခွေးကိုက်ခံရခြင်းကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဆက်လက် ပေါ်ပေါက်နိုင်ပါသည်။
သွေးဆိပ်တက်ခြင်း
ခွေးကိုက်ဒဏ်ရာများကို မကုသပဲထားပါက သွေးဆိပ်တက်ခြင်း ဖြစ်နိုင်ပါသည်။ သွေးဆိပ်တက်ခြင်းသည် ကောင်းစွာ မကုသပါက အသက်အန္တရာယ် စိုးရိမ်ရပါသည်။
သွေးဆိပ်တက်ခြင်း လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ခန္ဓာကိုယ်အပူချိန် အလွန်အမင်း မြင့်တက်လာခြင်း သို့မဟုတ် ကျဆင်းသွားခြင်း
- ကယောင်ချောက်ချား ဖြစ်ခြင်း
- နေ့ဘက်အချိန်အခါတွင် အလွန်အမင်း အိပ်ငိုက်ခြင်း
- အလွန်အမင်းနာကျင်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း
အကယ်၍ သွေးဆိပ်တက်သည့် အခြေအနေကို သံသယရှိပါက ဆေးဘက်ဆိုင်ရာ ကုသမှုများကို ချက်ချင်းခံယူသင့်ပါသည်။
ခွေးရူးပြန်ခြင်း
ခွေးရူးပြန်ရောဂါပိုးရှိသော ခွေး ကိုက်ခံရပါက ခွေးရူးပြန်ရောဂါကူးစက်စေနိုင်ပါသည်။
ခွေးရူးပြန်ရောဂါတွင် တွေ့ရသည့်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ခေါင်းကိုက်ခြင်း
- အဖျားတက်ခြင်း၊
- တုပ်ကွေးကဲ့သို့ လက္ခဏာများ ပေါ်ပေါက်ခြင်း
- အားမရှိသကဲ့သို့ခံစားရခြင်း
- ခွေးကိုက်ခံရသည့် ဒဏ်ရာတစ်ဝိုက်တွင် ယားယံခြင်း သို့မဟုတ် အပ်နှင့်ထိုးသကဲ့သို့ ခံစားရခြင်း။
ခွေးရူးပြန်ရောဂါသည် ကုသမှုမခံယူခဲ့လျှင် သေဆုံးသည်အထိ ပြင်းထန်စေနိုင်ပါသည်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ခွေးရူးပြန်ရောဂါကို ကောင်းစွာကုသနိုင်ပါသည်။ ထို့အပြင် ခွေးကိုက်ခံရသော ဒဏ်ရာသည် အာရုံကြော သို့မဟုတ် အရိုးများကို ထိခိုက်ခဲ့သည်ဟု သံသယရှိပါကလည်း ဆေးကုသမှုခံယူသင့်ပါသည်။
မေးခိုင်ရောဂါ
အကယ်၍ ခွေးကိုက်ဒဏ်ရာမှ တဆင့် မေးခိုင်ရောဂါပိုးများ ဝင်ရောက်ခဲ့ပါက မေးခိုင်ရောဂါကို ဖြစ်စေနိုင်ပါသည်။ မေးခိုင်ရောဂါ၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- မေးရိုးများတင်းမာတောင့်တင်းလာခြင်း
- အထူးသဖြင့် ဝမ်းဗိုက် ဧရိယာရှိ ကြွက်သားများ တုန်ရမ်းလှုပ်ခါလာခြင်း
- အစာမြိုချရခက်ခဲခြင်း
- ကြွက်သားများတောင့်တင်းခြင်းတို့ ဖြစ်နိုင်ပါသည်။
မေးခိုင်ရောဂါပိုးသည်လည်း အသက်အန္တရာယ်ကို စိုးရိမ်ရသော ရောဂါတစ်ခု ဖြစ်ပါသည်။ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပဋိဇီဝဆေးများသောက်သုံးခြင်းဖြင့် အချိန်မှီကုသနိုင်ပါသည်။
Author: CK