ကလေးများသွားကိုက်ရသည့် အကြောင်းရင်းအများစုမှာ သွားပိုးစားခြင်းကြောင့် သို့မဟုတ် သွားအတွင်းသို့ ပိုးဝင်ခြင်းကြောင့် သို့မဟုတ် ဒဏ်ရာအနာတရ ရခြင်းကြောင့် သွားအတွင်း၌ရှိသော အာရုံကြောကို ထိခိုက်မိသောကြောင့် သွားကိုက်ရခြင်း ဖြစ်ပါသည်။
ကလေးငယ်၏သွားကိုက်ရောဂါသက်သာစေရန် ဆောင်ရွက်သင့်ပုံများ
ကလေးငယ်သွားကိုက်သည့်အခါ သွားဆရာဝန်နှင့်ချက်ခြင်းပြသရန် ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မည်။ ထိုအချိန်အတောအတွင်း ကလေးငယ်များသွားကိုက်သည့် ဝေဒနာအတော်အသင့် သက်သာစေရန် အောက်ပါနည်းလမ်းများကို ပြုလုပ်ပေးနိုင်ပါသည်။
- အိမ်သုံးအကိုက်အခဲပျောက်ဆေးဝါးများသည် ကလေးငယ်များသွားကိုက်သည့် ဝေဒနာကို ခဏတာသက်သာစေရန်အတွက် အသုံးပြုနိုင်ပါသည်။ (ဆေးသောက်ရမည့် အညွှန်းနှင့် ပမာဏကို ဆေးဘူးတွင်ဖော်ပြသည့် အတိုင်း အတိအကျလိုက်နာရန်လိုအပ်ပါသည်။
- ရေခပ်နွေးနွေးနှင့် ဆားကို ရောမွှေကာ ပလုတ်ကျင်းအားဖြင့်လည်း သွားနာသည့် ခံစားချက်ကို အတော်အသင့် သက်သာအောင်ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ဆားနှင့်ရေနွေးကို မမျိုချမိစေရန် ဂရုစိုက်ရပါမည်။
- အကယ်၍ ကလေး၏သွားသည် ပူသော၊ အေးသော အစားအစာများကို ခံနိုင်ရည်မရှိပါက ထိုသို့သောအစားအစာများကို မကျွေးမွေးဘဲ ရှောင်ရှားခြင်း စသော နည်းလမ်းကို အသုံးပြု၍ ကလေးငယ်၏ သွားကိုက်ဝေဒနာကို သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။
ဘယ်အချိန်မှာဆရာဝန်နှင့် ပြသရမလဲ
ကလေးများသွားကိုက်သည့်အခါ သွားကိုက်သည့်ဝေဒနာကို ကုသရန်နှင့် မည်သည့်အတွက်ကြောင့် သွားကိုက်ရသည်ဆိုသည့်အကြောင်းရင်းကို ရှာဖွေရန် သွားဆရာဝန်နှင့်ပြသသင့်ပါသည်။
အောက်ဖော်ပြပါ အခြေအနေများတွင်တော့ ကလေးများကို သွားဆရာဝန်နှင့် မဖြစ်မနေပြသသင့်ပါသည်။
- အိမ်သုံး အကိုက်အခဲပျောက်ဆေးဝါးများ တိုက်ကျွေးသော်လည်း သွားကိုက်ခြင်းမသက်သာခဲ့လျှင်
- သွားနုတ်ပြီးနောက် သွားနုတ်သောနေရာမှ နာကျင်ကိုက်ခဲမှု အချိန်အတော်ကြာသည်အထိ မပျောက်ခဲ့လျှင်
- သွားကိုက်ဝေဒနာ ခံစားနေရစဉ်တွင် ကိုယ်အပူချိန်မြင့်တက်လာခဲ့လျှင် သွားဆရာဝန်နှင့် မဖြစ်မနေပြသရန် လိုအပ်ပါသည်။
သွားနာခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
မိမိတို့၏ကလေးငယ်များ သွားနာခြင်းမဖြစ်စေရန်အတွက် သွားနှင့်သွားဖုံး ကျန်းမာရေးကို မြှင့်တင် အားပေးသင့်ပါသည်။
အောက်ဖော်ပြပါတို့သည် သွားနှင့်သွားဖုံးကျန်းမာရေးကို တိုးတက်စေ၍ သွားနာခြင်းကို ကာကွယ်နိုင်သည့် နည်းလမ်းများဖြစ်ပါသည်။
- Fluoride ပါသော သွားတိုက်ဆေးများဖြင့် နေ့စဉ်သွားတိုက်စေခြင်း
- အကယ်၍ သွားကြိုသွားကြားတွင် စားကြွင်းစားကျန်များကျန်ရှိနေပါက သွားပွတ်ကြိုးဖြင့် ဖယ်ရှားသန့်စင်ပေးခြင်း
- အားကစားပြုလုပ်သည့်အခါ သွားအကာအကွယ်ကို ဝတ်ဆင်စေခြင်း
- တစ်နှစ်လျှင် နှစ်ကြိမ်သွားဆရာဝန်နှင့်ပြသ၍ ပုံမှန်စစ်ဆေးခြင်းကိုပြုလုပ်ပေးခြင်း စသည့်နည်းလမ်းများကို ပြုလုပ်ပေးခြင်းအားဖြင့် ကလေးတို့၏ သွားနှင့် ခံတွင်း ကျန်းမာရေးကို တိုးတက်စေကာ သွားကိုက်သွားနာခြင်း ဝေဒနာများအား ရှောင်ရှားနိုင်မည် ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။