fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

ကလေးများသွားကိုက်သက်သာစေမည့် အိမ်တွင်းကုထုံးများ

သွားကိုက်ဝေဒနာသည် ခံရမည်မျှဆိုးရွားလွန်းသည်ကို သွားကိုက်ဖူးသည့်သူတိုင်းသိကြပါသည်။ လူကြီးများပင်လျှင် ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့် သွားကိုက်ဝေဒနာကို အကယ်၍ ကလေးများခံစားခဲ့ရပါက အလွန် ပြင်းထန်ဆိုးရွားသည့် အခြေအနေတစ်ရပ် ဖြစ်လာပါတော့သည်။

သွားကိုက်ဝေဒနာသည် မည်သည့်အချိန်တွင် ထ၍ဖြစ်မည်ဆိုတာကို သေချာစွာမသိရှိနိုင်ပါ။ အထူးသဖြင့် ညဘက် ဆေးခန်းများပိတ်သောအချိန်၊ ဆေးဆိုင်များပိတ်သောအချိန်များတွင် ဖြစ်ပွားပါက ဖြေရှင်းရခက်ခဲသည့် အခြေအနေတစ်ရပ်ဖြစ်လာပါတော့သည်။

ထိုအချိန်မျိုးတွင် သွားကိုက်ခြင်းဝေဒနာကို သက်သာပျောက်ကင်းစေမည့် စိတ်ချရသည့် အိမ်တွင်းကုထုံးများကို အသုံးပြု၍ သွားကိုက်ဝေဒနာကို သက်သာအောင်ပြုလုပ်ဆောင်ရွက်နိုင်လျှင် သွားကိုက်ခြင်းဝေဒနာကို ပိုမိုအဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။

 

သွားကိုက်ခြင်းကို သက်သာစေသည့် အိမ်တွင်း ကုသနည်းများ

အောက်ပါအိမ်တွင်း ကုထုံးများသည် ကလေးများအတွက် သွားကိုက်ခြင်းကို သက်သာစေရန် ပုံမှန်အားဖြင့် အန္တရာယ်ကင်းစွာ ပြုလုပ်နိုင်သော နည်းလမ်းများဖြစ်ပါသည်။

 

ဆား

ဆားကို ဘက်တီးရီးယားများအား ပိုးသတ်ရန်နှင့် ကြာရှည်ခံပစ္စည်းများပြုလုပ်ရန်အတွက် နှစ်ထောင် ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပါသည်။ ထို့ကြောင့် သွားကိုက်ခြင်းနှင့် ပါးစပ်အတွင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော ဘက်တီးရီးယားများကို ရှင်းလင်းဖယ်ရှားရန်အတွက် အသုံးပြုနိုင်ပါသည်။

အရမ်းမပူသော ရေခပ်နွေးနွေး ဖန်ခွက်တစ်ခုအတွင်းသို့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ထည့်၍ မွှေကာ ပလုတ်ကျင်း၍ ထွေးထုတ်စေရန် ပြုလုပ်ပေးနိုင်ပါသည်။ ဤနည်းစနစ်သည် စျေးသက်သာ၍ လွယ်ကူသလောက် အလွန်အကျိုးရှိသောနည်းစနစ်တစ်ခုဖြစ်ပါသည်။

 

ပူဒီနာ

ပူဒီနာသည် မိရိုးဖလာသုံး သွားကိုက်သက်သာစေသော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် အနံ့၊ အရသာကောင်းမွန်မှုကြောင့် ကလေးများအကြိုက်တွေ့ကြသော သွားကိုက်သက်သာစေသည့် ကုသနည်းတစ်ခုဖြစ်ပါသည်။

စျေးကွက်အတွင်း ဝယ်ယူရရှိနိုင်သော ပူဒီနာ လက်ဖက်ရည်ကြမ်း အထုပ်များကို  သွားကိုက်ခြင်းအတွက် အသုံးပြုနိုင်ပါသည်။ ရေနွေးနှင့် စိမ်ထားပြီးသော ပူဒီနာ လက်ဖက်ရည်ကြမ်းအထုပ်ကို အအေးခံပါ။ သို့မဟုတ် ရေခဲသေတ္တာထဲတွင် မိနစ်အနည်းငယ်ခန့် ထည့်ထားပါ။ ထို့နောက် ၎င်း အထုပ်ကို နာကျင်နေသော သွားအပေါ်တွင် ဖိကိုက် ထားခြင်းအားဖြင့် နာကျင်မှုကိုသက်သာစေနိုင်ပါသည်။

နောက်ထပ်တစ်နည်းမှာ ပူဒီနာအဆီကို ဂွမ်းလုံးပေါ်တွင်အစက်ချ၍ နာကျင်နေသော သွားအပေါ်တွင် ကိုက်ထားပေးခြင်းအားဖြင့်လည်း သွားကိုက်ခြင်းဝေဒနာကို သက်သာစေနိုင် ပါသည်။

အထူးသတိပြုရန်မှာ ပူဒီနာ oil မဟုတ်ဘဲ  ပူဒီနာ extract ကိုအသုံးပြုပါက ပူဒီနာ extract တွင် ပါဝင်သော alcohol သည် သွားကိုက်ခြင်းဝေဒနာကို နေမထိထိုင်မသာ ဖြစ်စေခြင်း၊ သို့မဟုတ် alcohol နဲ့မတည့်သော ကလေးငယ်များတွင် အတက်ရောဂါများကိုဖြစ်စေခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါသည်။  ထို့ကြောင့် ပူဒီနာ extract ကို အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမည်။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူသည် ဘက်တီးရီးယားကို သတ်နိုင်သည့် အစွမ်းသတ္တိရှိသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတစ်ခုအဖြစ် လက်ခံထားကြပါသည်။ ထို့ကြောင့် သွားကိုက်ခြင်းနှင့် သွားဖုံးရောင်ခြင်းကို ဖြစ်စေသော ဘက်တီးရီးယားပိုးများကို သေစေနိုင်သဖြင့် သွားကိုက်ခြင်းကို သက်သာစေပါသည်။

ကြက်သွန်ဖြူ တစ်စိတ် သို့မဟုတ် နှစ်စိတ်လောက်ကို ချေပါ။ ထိုချေပြီးသည့် အဖက်ကလေးများကို ဂွမ်းလုံးပေါ်တွင်တင်ကာ နာကျင်နေသည့် သွားပေါ်တွင် ဖိကိုက်ထားနိုင်ပါသည်။

ကြက်သွန်ဖြူ၏ အနံ့အရသာကြောင့် ဤနည်းစနစ်ကို နှစ်သက်သည့် ကလေးများ နည်းပါးသော်လည်း ထိရောက်သောနည်းစနစ်တစ်ခုဖြစ်ပါသည်။

 

လေးညှင်း

လေးညှင်းသည် သွားကိုက်ဝေဒနာကိုသက်သာစေသည့် အိမ်တွင်းကုထုံးများအနက် ကလေးရော၊ လူကြီးများပါ လူကြိုက်များ အသုံးဝင်သော နည်းစနစ်တစ်ခုဖြစ်ပါသည်။

လေးညှင်းဆီ အစက်အနည်းငယ်ခန့်ကို ဂွမ်းလုံးတွင်စွတ်၍ သွားကိုက်သောနေရာတွင် ဖိကိုက်ထားခြင်းအားဖြင့် သွားကိုက်ခြင်း ဝေဒနာကို သက်သာစေနိုင်ပါသည်။

သတိပြုရန်မှာ ထိုဂွမ်းလုံးကို မိနစ်အနည်းငယ်ခန့်ပို၍ ငုံထားခြင်း၊ ကိုက်ထားခြင်း မပြုလုပ်သင့်ပါ။ လေးညှင်းတွင်ပါဝင်သော နာကျင်မှုကို သက်သာစေသော eugenol ဓါတ်သည် နာကျင်မှုကိုသက်သာစေ သော်လည်း အချိန်ကြာမြင့်စွာအသုံးပြုခြင်း သို့မဟုတ် မကြာခဏ သုံးစွဲခြင်းများပြုလုပ်ပါက နာကျင်မှုကို ပိုမိုဆိုးရွာစေကာ အာရုံကြောများကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသည်။

 

အကိုက်အခဲပျောက်ဆေး

အခြားပြုလုပ်နိုင်သောနည်းလမ်းများမှာ နေအိမ်တွင်ရှိသော အကိုက်အခဲပျောက်ဆေးဝါးများကို တိုက်ကျွေးခြင်းအားဖြင့်လည်း နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများကို သက်သာအောင် ပြုလုပ်၍ ရပါသည်။ အကိုက်အခဲပျောက်ဆေးကို တိုက်ကျွေးမည်ဆိုပါက ဗိုက်ထဲတွင် အစာရှိသောအချိန် သို့မဟုတ် အစာတစ်ခုခုနှင့်အတူ တိုက်​ကျွေးပေးရပါမည်။

သွားကိုက်ခြင်းဝေဒနာများကို သက်သာအောင် ပြုလုပ်ပေးနိုင်သော အိမ်တွင်းနည်းလမ်းများမှာ သွားကိုက်ခြင်း ဝေဒနာကို ခဏတာမျှသက်သာပျောက်ကင်းစေရန် ပြုလုပ်ခြင်းသာဖြစ်ပြီး သွားကိုက်ရသည့် အခြေခံ အကြောင်းရင်းကို ကုသခြင်းမဟုတ်ပေ။ ထို့ကြောင့် အိမ်တွင်းနည်းလမ်းများဖြင့် နာကျင်မှုဝေဒနာကို သက်သာအောင်ပြုလုပ်ပြီးသည့်နောက်တွင် သွားကိုက်သည့် အကြောင်းရင်းကို အမြစ်ပြတ်ကုသရန်အတွက် သွားဆရာဝန်နှင့် ပြသတိုင်ပင်ရမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးအပ်ပါသည်။

 

Author: Dr. မိုး (ဆေး ၁)

 

ဆက်စပ် ဆောင်းပါးများ