အိပ်စက်ခြင်းသည် နေ့စဉ်ကြုံတွေ့ရသည့် ဘဝ၏ စိန်ခေါ်မှုများနှင့် စိတ်ဖိစီးမှုများကို ပြေလျော့သက်သာစေသည့်၍ အားသစ်များပြန်လည်တည်ဆောက်သည့် အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ညဘက်တွင် ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းသည် လွန်စွာအရေးပါလှပါသည်။ အကယ်၍ ညဘက်အိပ်စက်နေစဉ်အချိန်တွင် ခြေသလုံးကြွက်သားနာကျင်ခြင်းများ ဖြစ်ပေါ်လာပါက ကောင်းမွန်စွာအိပ်စက်နိုင်ရန် အခက်အခဲများဖြစ်လာတတ်ပါသည်။
ခြေသလုံးကြွက်သားနာကျင်ခြင်း အမျိုးအစားများ
ခြေသလုံးကြွက်သားနာကျင်ခြင်းအမျိုးအစားများသည် ဖြစ်ပွားရသည့်အကြောင်းရင်း တူညီလေ့ရှိသော်လည်း တစ်ဦးနှင့်တစ်ဦး သို့မဟုတ် တစ်ညနှင့်တစ်ည ခံစားရသည့် နာကျင်ခြင်းပုံစံမတူညီနိုင်ပါ။
ညဘက်တွင် ခြေသလုံးကြွက်သားနာကျင်ခြင်းကိုဖြစ်ပွားစေသည့် အဖြစ်များသည့် အကြောင်းရင်း (၃) ခု ရှိပါသည်။
• ကြွက်တက်ခြင်း
• ကြွက်သားနာကျင်ခြင်း
• အခြားနေရာရှိ အခြားအခြေအနေတစ်မျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွင် လာရောက်နာကျင်ခြင်း (Reffered Pain) တို့ ဖြစ်ကြပါသည်။
ကြွက်တက်ခြင်းကြောင့် နာကျင်ခြင်း
ကြွက်တက်၍နာကျင်သည့်အခါ အလွန်ဆိုးရွားပြင်းထန်ကြောင်း ကြွက်တက်ဖူးသောသူတိုင်း သိကြလေ့ရှိပါသည်။ ထိုသို့ ကြွက်တက်သောအခါ စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်အထိသာ ကြာနိုင်သော်လည်း နာကျင်မှုမှာ တစ်ခါတစ်ရံ ရက်အနည်းငယ်အထိ ခံစားနေရတတ်ပါသည်။
ကမ္ဘာပေါ်ရှိ လူအားလုံး၏ ၆၀% ခန့်သည် ညဘက်တွင် ကြွက်တက်သည့်ဝေဒနာကို တွေ့ကြုံခံစားဖူးလေ့ရှိကြောင်းခန့်မှန်းထားကြပါသည်။
ကြွက်သားနာကျင်ခြင်း
ကြွက်သားနာကျင်ခြင်းသည် ညဘက်တွင် ခြေထောက်နာကျင်ခြင်းကို ဖြစ်စေသည့် အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်ပါသည်။ ထိုသို့ ကြွက်သားနာကျင်ခြင်းကိုဖြစ်စေသော အကြောင်းအရင်းများစွာရှိပါသည်။ ထို့ပြင် နာကျင်သည့်ပမာဏမှာလည်း အနည်းငယ်မှ ပြင်းထန်ဆိုးရွားသည့် အခြေအနေအထိ အမျိုးမျိုးရှိနိုင်ပါသည်။
Referred pain
Referred pain သည် ခြေသလုံးကြွက်သားများတွင် နာကျင်စေသည့်အကြောင်းအရင်း အမှန်တကယ်မရှိဘဲ ခန္ဓာကိုယ်၏ အခြားနေရာရှိ အခြား အကြောင်းအရင်းတစ်ခုခုကြောင့် ခြေသလုံးကြွက်သားများ လိုက်လံနာကျင်ခြင်းဖြစ်ပါသည်။
ဘယ်အချိန်မှာဆရာဝန်နှင့် ပြသသင့်သလဲ
အကယ်၍ကြွက်သားနာကျင်ခြင်းသည် ကြွက်သားများကို အလွန်အကျွံအသုံးပြုခြင်းကြောင့် ကြွက်သားများ ဒဏ်ဖြစ်ပြီး နာကျင်ခြင်းမဟုတ်ခဲ့လျှင်၊ ကြွက်တက်ခြင်းကြောင့် မဟုတ်ခဲ့လျှင် ဆရာဝန်နှင့်ပြသတိုင်ပင်ပြီး နာကျင်ရသည့် အကြောင်းရင်းကို ရှာဖွေသင့်ပါသည်။ ( နာကျင်မှုကို ဖြစ်စေသော အကြောင်းရင်းများစွာအနက် ရေဓာတ်ခန်းခြောက်ခြင်းသည်လည်း ခြေသလုံးကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါသည်။ ထိုအချိန်တွင် ဆီး၏အရောင်သည် ပုံမှန်အတိုင်း ကောက်ရိုးခြောက်ရောင်ရှိရမည့်အစား အဝါရောင်ရင့်ရင့်ဖြစ်နေတတ်ပါသည်။ ထိုအခါ ရေများစွာသောက်သုံး၍ ခန္ဓာကိုယ်တွင် လုံလောက်သောရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးခြင်းအားဖြင့် ကြွက်တက်ခြင်းနှင့် ကြွက်သားနာကျင်ခြင်းများကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်)
အကယ်၍အချိန်အတော်ကြာသည်အထိ မလှုပ်မရှားဘဲနေပြီးနောက် သို့မဟုတ် အချိန်အတော်ကြာသည်အထိ ကောင်းစွာလှုပ်ရှားမှုမရှိဘဲ ခရီးသွားလာပြီးနောက် ခြေထောက်နာကျင်မှုဖြစ်ပေါ်ခဲ့ပါက ထိုနာကျင်မှုသည် သွေးကြောအတွင်းရှိသွေးခဲများနှင့် ပတ်သက်နေနိုင်ပါသည်။ ဤအခြေအနေသည် ဂရုပြုရမည့်အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ထိုအခြေအနေမျိုးတွင် နီးစပ်ရာ ဆရာဝန်သို့မဟုတ် အရေးပေါ်ဌာနသို့ သွားရောက်၍ ကုသမှုခံယူသင့်ပါသည်။
Author : Dr. CK