အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းသည် အစာအိမ်အတွင်းမှအက်စစ်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်ကာ အစာရေမျိုပြွန်၏အနားသတ်များကို အနှောင့်အယှက်ပြုခြင်း ဖြစ်ပါသည်။
အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း၏ လက္ခဏာများမှာ ရင်ပူခြင်း၊ ရင်ဘတ်နာခြင်း၊ အစာ၊ ရေမျိုချရခက်ခဲခြင်းများ ဖြစ်ကြပါသည်။
တစ်ခါတစ်ရံ အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း၏ လက္ခဏာရပ်များသည် အစာအိမ်ရောင်ရမ်းမှု၏ လက္ခဏာများနှင့်လည်း ဆင်တူနေတတ်ပါသည်။ အစာအိမ်ရောင်ရမ်းခြင်း၏ အခြားလက္ခဏာရပ်များမှာ ပျို့ခြင်း၊ အန်ခြင်း၊ လေတက်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ပါဝင်ပါသည်။
အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းဖြစ်ပွားမှုကို ပိုမိုဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းများရှိပါသည်။ ထိုအကြောင်းရင်းများမှာ
– အဝလွန်ခြင်း၊
– ကိုယ်ဝန်ရှိခြင်း၊
– ဆေးလိပ်သောက်ခြင်း၊
– ပန်းနာရင်ကျပ်ရောဂါရှိခြင်း၊
– ဆီးချိုရောဂါရှိခြင်း၊
– အစားအစာများကို အစာအိမ်မှ ခြေဖျက်မှုနှေးကွေးနေခြင်း၊
– တွယ်ဆက်တစ်ရှူး မူမမှန်ခြင်း၊
– အစာအိမ်သည် ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားကိုဖြတ်၍ ကျွံဝင်နေခြင်း စသည်တို့ ဖြစ်ကြပါသည်။
အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း၏နောက်ဆက်တွဲပြဿနာမှာ အစာရေမျိုပြွန်အတွင်းအနာဖြစ်၍ သွေးထွက်ခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ သွေးထွက်သည့်ပမာဏများပြားပါက သွေးသွင်းရန်ပင် လိုအပ်တတ်ပါသည်။
အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း သက်သာစေရန် နေထိုင်မှုပုံစံပြောင်းလဲခြင်း
နေထိုင်မှုပုံစံပြောင်းလဲခြင်းသည် အစာအိမ်ချဉ်ရည်ဆန်တက်၍ ရင်ပူခြင်းကိုသက်သာစေ၍ ကျန်းမာသောအစာခြေစနစ်တစ်ခုကို ထိန်းသိမ်းနိုင်စေရန်ကူညီပေးပါသည်။
ပထမဆုံးလုပ်ဆောင်ရမည့် နေထိုင်မှုပုံစံပြောင်းလဲခြင်းမှာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း ဖြစ်ပါသည်။
ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းသည် ဝမ်းဗိုက်တွင်ဖိအားများ သက်ရောက်ခြင်းကြောင့် ဖြစ်ပွားသော အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းကို လျော့ကျစေနိုင်ပါသည်။
ထို့အပြင် လေပွခြင်းနှင့် ဝမ်းချုပ်ခြင်း ဖြစ်ပွားနိုင်မှုအလားအလာများကို လျော့ကျစေရန် ကူညီပေးနိုင်ပါသည်။
ထို့ကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်အတွက် အစားအစာများကိုရွေးချယ်စားသုံးရန်၊ လေ့ကျင့်ခန်းများပြုလုပ်ရန် အရေးကြီးလှပါသည်။
နောက်ထပ်ပြုလုပ်သင့်သည့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းမှာ အစာအိမ်ချဉ်ရည်ဆန်တက်၍ ရင်ပူခြင်းကိုဖြစ်စေနိုင်သည့် အစားအစာများကိုရှောင်ရှားခြင်းဖြစ်ပါသည်။
ထိုအစားအစာများမှာ အကြော်စာများ၊ အရက်၊ ချောကလက်၊ ပရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကဖင်းဓါတ်ပါသောအစားအစာများဖြစ်ကြပါသည်။
အထက်ပါ အစားအစာများကို တတ်နိုင်သမျှ ရှောင်ရှားခြင်းအားဖြင့် အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းကို များစွာ သက်သာစေနိုင်ပါသည်။
ထို့အပြင် အစာစားပြီးနောက် ၂ နာရီ ၃ နာရီခန့် ခပ်မတ်မတ်နေခြင်းသည်လည်း အစာအိမ် ချဉ်ရည်ဆန်တက်ခြင်း ရောဂါလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်ပါသည်။
ဆေးလိပ်သောက်ခြင်းကိုရှောင်ရှားခြင်း၊ စိတ်ဖိစီးမှုများကိုလျော့ပါးစေရန်ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းများသည်လည်း အစာအိမ်ချဉ်ရည် ဆန်တက်ခြင်း လက္ခဏာများကို သက်သာစေနိုင်သည့်နည်းလမ်းများဖြစ်ကြပါသည်။