ဆေးလိပ်သောက်သောသူများ၌ ဆေးရွက်ကြီးတွင်ပါဝင်သော ဓါတုဗေဒပစ္စည်းများ လေလမ်းကြောင်းနှင့် အဆုတ်အတွင်းသို့ဝင်ရောက်သွားခြင်းကို ဖယ်ရှားရှင်းလင်းရန်အတွက် ချောင်းဆိုးခြင်း မကြာခဏဖြစ်ပွားလေ့ရှိပါသည်။
ထိုသို့ ဆေးလိပ်သောက်ခြင်းကြောင့် ချောင်းဆိုးခြင်းသည် သီတင်းပတ် ၃ ပတ်ထက်ပိုမို၍ ကြာရှည်တတ်ပါသည်။
ဆေးလိပ်သောက်သောသူအားလုံး ချောင်းဆိုးလေ့မရှိကြသော်လည်း အချိန်ကာလကြာရှည်စွာ ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်သုံးသူများတွင် ပိုမိုချောင်းဆိုးလေ့ရှိကြပါသည်။
ရောဂါလက္ခဏာများ
အစပိုင်းတွင်ချောင်းခြောက်ဆိုးခြင်းဖြစ်နိုင်သော်လည်း မကြာမီအချိန်တွင် ချွဲသလိပ်များဖြစ်ပေါ်လာနိုင်ပါသည်။
ချောင်းဆိုးခြင်း၏အခြားလက္ခဏာများမှာ လည်ချောင်းနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ အသက်ရှူသည့်အခါ ရွှီရွှီအသံမြည်ခြင်း စသည်တို့ ဖြစ်ကြပါသည်။
ဆေးလိပ်သောက်ခြင်းကြောင့် ချောင်းဆိုးခြင်းသည် မနက်ပိုင်းတွင်ပိုမိုဆိုးရွားတတ်ပါသည်။
ဆေးလိပ်သောက်သည့်ကာလ ကြာရှည်လေလေ ချောင်းဆိုးခြင်း ပိုမိုဆိုးရွားလေလေဖြစ်သည့်အတွက် ဆေးလိပ်ကိုဖြတ်ရန်လိုအပ်ပါသည်။
ချောင်းဆိုးခြင်း ဖြစ်ပွားရသောအကြောင်းရင်းများ
ဆေးလိပ်မီးခိုးတွင်ပါဝင်သော ဓါတုပစ္စည်းထောင်ပေါင်းများစွာအနက် အနည်းဆုံး အမျိုး ၇၀ ခန့်သည် ကင်ဆာဖြစ်စေသော ဓါတုပစ္စည်းများဖြစ်ကြပါသည်။
ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သွားသည့်အခါ များစွာသောဓါတုပစ္စည်းများသည် လေလမ်းကြောင်းတွင်ရှိသော Cilia ဟုခေါ်သည့် အမွေးတိုလေးများ၏ လှုပ်ရှားမှုများကို ပိုမိုနှေးကွေးလာစေ၍ အလျားများရှည်ထွက်မှုများကို ပိုမိုလျော့နည်းလာစေပါသည်။
ထို Cilia လေးများ၏ အဓိက လုပ်ငန်းတာဝန်မှာ ဖုန်မှုန့်များနှင့် အမှိုက်သရိုက်များ လေလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးကာကွယ်ပေးခြင်းဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ Cilia များ နှောင့်ယှက်ခြင်းခံရသောအခါ လေလမ်းကြောင်းအတွင်းသို့ ဖုန်မှုန့်များ၊ အမှိုက်သရိုက်များ၊ အဆိပ်အတောက်များကို ပိုမိုဝင်ရောက်လာစေပါတော့သည်။
ထို့ကြောင့် လေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုဖြစ်ပေါ်လာပါသည်။
ထို့အပြင် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့်အရာဝတ္ထုများကို အပြင်ဘက်သို့ ပြန်လည်တွန်းထုတ်ရန်ကြိုးစားမှုကြောင့် ချောင်းဆိုးခြင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
ကုသခြင်း
ဆေးလိပ်သောက်ခြင်းကြောင့်ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေသောနည်းလမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်ကြောင့် ချောင်းဆိုးခြင်းကို သက်သာစေသည့် အကောင်းဆုံး၊ အထိရောက်ဆုံးနည်းလမ်းမှာ ဆေးလိပ်ဖြတ်ခြင်းဖြစ်သည်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သို့သော် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးသော အဆိပ်အတောက်များကို လေလမ်းကြောင်းအတွင်းမှ ဆက်လက်ရှင်းထုတ်နေသောကြောင့် ဆေးလိပ်ဖြတ်ပြီးသည့်နောက် ၃ လခန့် ကြာသည့်တိုင်အောင် ဆက်လက်ချောင်းဆိုးနေခြင်း သို့မဟုတ် ချောင်းဆိုးခြင်း ပိုမိုဆိုးရွားလာခြင်းများ ဖြစ်နိုင်ပါသေးသည်။
အောက်ပါနည်းလမ်းများသည် ဆေးလိပ်ကြောင့် ချောင်းဆိုးခြင်းလက္ခဏာရပ်များနှင့် ယားယံခြင်းများကို သက်သာစေသောနည်းလမ်းများဖြစ်ပါသည်။
– ရေများများ သောက်ပါ။
– ဆားရည်ဖြင့် ပလုတ်ကျင်းပါ။
– ရေနွေးနှင့်ပျားရည် သို့မဟုတ် လက်ဖက်ရည်နှင့် ပျားရည်ရောပြီးသောက်ပါ။
– ချောင်းဆိုးပျောက် ငုံဆေးများကို ငုံပါ။
– အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပါ။
– ရေနွေးငွေ့ထုတ်စက်များကို အသုံးပြုပါ။
– လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
– ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ။
– ညဘက်တွင်ခေါင်းကို ခပ်မြင့်မြင့်ထား၍ အိပ်စက်ပါ။
နောက်ဆက်တွဲပြဿနာများ
ဆေးလိပ်သောက်ခြင်းကြောင့် လေလမ်းကြောင်းအတွင်းရှိ Cilia ဟုခေါ်သည့်အမွေးတိုများ ပျက်စီးသွားသောကြောင့် ဖြစ်ပွားနိုင်ခြေရှိသော များစွာသောနောက်ဆက်တွဲပြဿနာများအနက် အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– လေလမ်းကြောင်းတွင် ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ရောဂါပိုးများ ပိုမိုကူးစက်ခံရခြင်း
– လည်ချောင်း ထိခိုက်ပျက်စီးခြင်း
– အသံအောခြင်းစသည့် အသံပြောင်းလဲလာခြင်း
– နာတာရှည်ချောင်းဆိုးခြင်းနှင့် လည်ချောင်းယားယံခြင်း စသည်တို့ဖြစ်ကြပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နှင့်ပြသမလဲ
– ချောင်းဆိုးခြင်းသည် ၂ ပတ် ၃ ပတ်ထက် ပိုမိုကြာရှည်ခဲ့လျှင်
– ချောင်းဆိုးခြင်းကြောင့် အိပ်စက်ခြင်း အနှောင့်အယှက်ဖြစ်ခဲ့လျှင်
– လည်ချောင်းသို့မဟုတ် ရင်ဘတ်တွင် ဆက်တိုက်နာကျင်မှုဖြစ်ပွားခဲ့လျှင်
– ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းလာခဲ့လျှင်
– ခေါင်းကိုက်ခဲ့လျှင်
– စိမ်းဝါရောင်ချွဲသလိပ်များပါခဲ့လျှင် ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။
Author : Dr. မွန်