လူတိုင်းလူတိုင်းသည် တစ်ခါတစ်ရံ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲပြီး အားအင်ကုန်ခမ်းမှုများကို ကြုံတွေ့နိုင် ပါသည်။ ရောဂါဖြစ်စေသော အကြောင်းအရင်းများကို တိကျစွာမသိရှိနိုင်သော်လည်း အာဟာရချို့တဲ့ခြင်း၊ သွေး အားနည်းခြင်း၊ အိပ်ရေးမဝခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ ရောင်ရမ်းခြင်းနှင့် အချို့သော ဆေးဝါး များ၏ ဘေးထွက်ဆိုးကျိုးများ ခံရခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲပြီး အားအင်ကုန်ခမ်းခြင်းကို ကင်းဝေးစေရန် ကာကွယ်နိုင်ပါသည်။
ရောဂါဖြစ်စေသော အကြောင်းအရင်းများ
(က) အာဟာရချို့တဲ့ခြင်း
အာဟာချို့တဲ့ခြင်းသည် ခန္ဓာကိုယ်စွမ်းအင်နည်းပြီး တစ်ကိုယ်လုံးညောင်းညာကိုက်ခဲကာ အားအင်ကုန် ခမ်းစေပါသည်။ အစာအာဟာရပြည့်ဝနေမှသာ စွမ်းအင်များ ပြည့်ဝပြီး အရိုးအဆစ်များ နာကျင်ကိုက်ခဲမှု သက် သာနိုင် ပါသည်။
(ခ) သွေးအားနည်းခြင်း
လူတစ်ဦးတွင် သွေးအားနည်းရောဂါရှိပါက ခန္ဓာကိုယ်သည် လိုအပ်သော အောက်ဆီဂျင်ကို သယ်ဆောင်ရန် သွေးနီဥ ဆဲလ်များအား အလုံအလောက်မထုတ်လုပ်နိုင်ပါ။ အောက်ဆီဂျင် မလုံလောက်ခြင်း ကြောင့် ညောင်းညာကိုက်ခဲပြီး မောပန်း အားအင်ကုန်ခမ်းခြင်းများ ဖြစ်တတ်ပါသည်။ သွေးအားနည်းခြင်း မဖြစ် စေရန် ကာကွယ်ရပါမည်။
(ဂ) အိပ်ရေးမဝခြင်း
လူတိုင်းအိပ်ရေးမဝပါက အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်သကဲ့သို့ ခံစားရနိုင်ပါသည်။ စိတ်ဓာတ် ကျခြင်းနှင့် တစ် ကိုယ်လုံးညောင်းညာ ကိုက်ခဲခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။ ဘုရားရှစ်ခိုးခြင်း၊ တရားဘာ ဝနာပွားများခြင်း၊ ယောဂကျင့်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းများပြုလုပ်ရပါမည်။
(ဃ) စိတ်ဓာတ်ကျခြင်း
စိတ်ဓာတ်ကျခြင်းကြောင့် ခန္ဓာကိုယ်ညောင်းညာကိုက်ခဲပြီး အားအင်ကုန်ခမ်းတတ်ပါသည်။ ထို့အတူ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲပြီး အားအင်ကုန်ခမ်းမှုသည် ကြာရှည်လာပါကလည်း စိတ်ဓာတ်ကျတတ်ပါ သည်။ ထို့ကြောင့် စိတ်ဓာတ် ကျခြင်း မဖြစ်စေရန်ကာကွယ်ရပါမည်။
(င) လှုပ်ရှားမှုနည်းခြင်း
လှုပ်ရှားမှုနည်းပါက ညောင်းညာကိုက်ခဲပြီး အားအင်ကုန်ခမ်းတတ်ပါသည်။ အဆစ်အမြစ်များ ရောင်ရမ်းနာကျင် တင်းမာ နေပါက နာကျင်မှုမဖြစ်စေရန် ငြိမ်ငြိမ်လေးမနေဘဲ လှုပ်ရှားမှုပြုလုပ်ရပါမည်။
(စ) ရောင်ရမ်းခြင်း
ခန္ဓာကိုယ်တွင် အဆစ်အမြစ်ရောင်ရမ်းသော ရောဂါများ ရှိပါက ရောင်ရမ်းနာကျင်စေသောဓာတ် (Cytokines) များထွက် ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးအား ညောင်းညာကိုက်ခဲစေပါသည်။
(ဆ) ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး
အချို့သော ဆေးဝါးများ (ဥပမာ – စီဖရန် Cifran) ၏ဘေးထွက်ဆိုးကျိုးများကြောင့်လည်း တစ်ကိုယ် လုံးညောင်းညာ ကိုက်ခဲပြီး အားအင်ကုန်ခမ်းတတ်၍ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးများကို သောက်ရပါ မည်။
ရောဂါကိုကာကွယ်ခြင်း
ညောင်းညာကိုက်ခဲပြီး အားအင်ကုန်ခမ်းခြင်းကို ကင်းဝေးစေရန် အာဟာရ ပြည့်ဝအောင် စားသုံးခြင်း၊ အိပ်ရေး ၀၀အိပ်ခြင်း၊ စိတ်ဓာတ်ကျခြင်းကို ကုသခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ အဆစ်များ ကိုအထောက်အပံ့ပေးခြင်း၊ စိတ်ဖိစီးမှုကိုလျှော့ချခြင်း၊ စိတ်ရွှင်လန်းချမ်းမြေ့မည့် အလုပ်တစ်ခုကို ပြုလုပ်ခြင်း၊ အနားယူခြင်း၊ အစီအစဉ်ပြောင်းလုပ်ခြင်းနှင့် တစ်ကိုယ်လုံးညောင်းညာကိုက်ခဲတတ်သူများနှင့် ရောဂါအကြောင်း ဆွေးနွေးခြင်းတို့ ဆောင်ရွက်ရပါမည်။
(က) အာဟာရပြည့်ဝအောင်စားသုံးခြင်း
တစ်ကိုယ်လုံးညောင်းညာကိုက်ခဲ အားအင်ကုန်ခမ်းခြင်း သက်သာစေရန် အာဟာရပြည့်ဝပြီး၊ ကျန်းမာ ရေးနှင့် ညီညွတ်သော ဓာတုဆိုးဆေး ကင်းသောအစားအစာများကို ရွေးချယ်စားသောက်ရပါမည်။ အချိန်မှန်မှန် စားသောက်ရန်လည်း အရေးကြီးပါသည်။
(ခ) အိပ်ရေး၀၀အိပ်ခြင်း
အိပ်ရေး၀၀အိပ်နိုင်ရန် အရက်နှင့် ကော်ဖီကို ညအိပ်ရာဝင်ချိန်တွင် မသောက်ခြင်း၊ အစားအစာများကို အလွန်အ မင်းစားခြင်းကို ရှောင်ကြဉ်ခြင်းများ ဆောင်ရွက်ရပါမည်။ ညအိပ်ရာဝင်ချိန်တွင် ကိုယ်လက်လှုရှားမှု များကိုလည်း မပြုလုပ်သင့်ပါ။ အချိန်မှန်မှန် အိပ်ရာဝင်ပြီး အိပ်ရာထနိုင်ရပါမည်။ အိပ်ပျော်စေရန် အိပ်ဆေးကို မိမိသဘောဖြင့် မသောက်ဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရပါမည်။ သို့မှသာ ခန္ဓာကိုယ်ညောင်းညာ မှုကို သက်သာစေနိုင်ပါမည်။
(ဂ) စိတ်ဓာတ်ကျခြင်းကို ကုသခြင်း
စိတ်ဓာတ်ကျနေသော ဝေဒနာခံစားနေပါက လျှင်မြန်စွာ ကုသရပါမည်။ တတ်ကျွမ်းနားလည်သော စိတ်ရောဂါ အထူးကုဆရာဝန်များနှင့် ပြသရပါမည်။
(ဃ) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းကြောင့် နှလုံး၊ အဆုတ်၊ အရိုးနှင့် ကြွက်သားများကို အား ကောင်းစေပါသည်။ အဝလွန်ကဲခြင်းကို သက်သာစေပါသည်။ အားကစားလုပ်ပါက စွမ်းအင်များ ပိုမိုရရှိပြီး တစ်ကိုယ်လုံ ညောင်းညာကိုက်ခဲ အားအင်ကုန်ခမ်းမှု ကင်းဝေးစေနိုင်ပါသည်။
(င) လမ်းလျှောက်ခြင်း
နေ့စဉ်လမ်းလျှောက်ပေးခြင်းဖြင့် ညောင်းညာပင်ပန်း နွမ်းနယ်မှုကို သက်သာစေပါသည်။
(စ) အဆစ်များကို အထောက်အပံ့ပေးခြင်း
အဆစ်များ ကိုက်ခဲရောင်ရမ်းတင်းမာနေချိန်တွင် နာကျင်မှုကို သက်သာစေသော ကိရိယာများ၊ အထိန်းအချုပ်များ၊ တောင်ဝှေး၊ ဝီးလ်ချဲနှင့် ဖိနပ်များအား အသုံးပြုပါက နာကျင်မှုကို သက်သာလျှော့ပါးစေပါ သည်။
(ဆ) စိတ်ဖိစီးမှုကို လျှော့ချခြင်း
တစ်ကိုယ်လုံးညောင်းညာကိုက်ခဲပြီး အားအင်ကုန်ခမ်းခြင်းသည် စိတ်ဖိစီးမှုနှင့် ဆက်နွယ်ပါသည်။ ထို့ကြောင့် တရား ထိုင်ခြင်း၊ ဘုရားရှစ်ခိုးခြင်း၊ ယောဂကျင့်ခြင်များကိုပြုလုပ်ပြီး စိတ်ဖိစီးမှုများကို လျှော့ချရပါမည်။
(ဇ) စိတ်ရွှင်လန်းချမ်းမြေ့မည့်အလုပ်တစ်ခုကိုပြုလုပ်ခြင်း
မိမိအတွက် စိတ်ရွှင်လန်းချမ်းမြေ့မည့် သစ်ပင်စိုက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အခြား ဝါဒနာပါသော အလုပ်တစ်ခုခုကို ပြုလုပ်ပါကလည်း ညောင်းညာခြင်းအား သက်သာစေပါသည်။
(ဈ) အနားယူခြင်း
အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းပါက နေ့ခင်းပိုင်းတွင် တစ်ရေးအိပ်စက်ပြီး အနားယူ ပေးရပါမည်။
(ည) အစီအစဉ်ပြောင်းလုပ်ခြင်း
မိမိနေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာများကို ပြောင်းလဲပေးပါက တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ အားအင်ကုန်ခမ်း ခြင်းကို သက်သာစေပါသည်။ မနက်အစောကြီးထပြီး အိပ်ရေးပျက်ခြင်းမှ ကာကွယ်ရန် ညဦး ပိုင်းကတည်းက အိမ်အလုပ်များကို ကြိုတင်လုပ်ထားရပါမည်။
(ဋ) ရောဂါအကြောင်း ဆွေးနွေးခြင်း
တစ်ကိုယ်လုံး ညောင်းညာပြီး အားအင်ကုန်ခမ်းနေခြင်းကို အချို့သောသူများသည် ရောဂါဟူ၍ မသတ် မှတ်ပါ။ ကိုယ်ချင်းစာခြင်းလည်း မရှိပါ။ ဂယ်ရှာပြီး ညာပြောသည်ဟု ယူဆကြပါသည်။ မိမိနှင့် ဘဝတူ၊ ရောဂါဖြစ်နေသူကိုသာ ရှာဖွေပြီး သက်သာမည့် နည်းလမ်းများကို တိုင်ပင်ဆွေးနွေးရပါမည်။
အကြံပြုချက်
တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲအားအင်ကုန်ခမ်းမှု ကင်းဝေးစေရန် အထက်ပါအတိုင်း ဆောင်ရန်၊ ရှောင်ရန်များကို အပြည့်အ၀ လိုက်နာရပါမည်။ ရောဂါဖြစ်စေသော အကြောင်းအရင်းကို ရှာဖွေပြီး ကုသရပါ မည်။ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပြသသင့်ကြောင်း အကြံပြုအပ်ပါသည်။
AUTHOR – ဒေါက်တာကောင်းစံ
(Vol – 7 / No – 16) Health care