အမျိုးသမီးတို့ရဲ့ အလှတရားတွေထဲမှာ ဆံကေသာလှပမှုဟာ အရေးပါတဲ့ အချက်တစ်ခုအနေနဲ့ အားပြည့်နေပါတယ်။ ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တောင် တင်စားကြပါတယ်။ ဆံပင်ပုံစံမကောင်းဘူး။ ဆံသားတွေ ခြောက်သွေ့ပျက်စီးနေမယ်။ ဆံပင်တွေ ဖွာလန်ကျဲနေပြီး ကြည့်ရဆိုးနေမယ်။ ဗောက်တွေထနေမယ်။ နှစ်ခွဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ သွားလာနိူင်မယ်မထင်ပါ။ ခေတ်ပေါ်ဆံပင်အလှပြင်နည်းတွေနဲ့ ဆံပင်ကိုအမျိုးမျိုး ပြုလုပ်မှုတွေကြောင့်လည်း ဆံကေသာတွေ ပျက်စီးလွယ်ပြီး ပြုပြင်ထိန်းသိမ်းရခက်ပါလိမ့်မယ်။ ဒီလိုမဖြစ်စေဖို့ ဆံပင်ထိန်းသိမ်းစောင့်ရှောက်နည်းလေးတွေကို အကြံပြုလိုက်ပါတယ်။
ဆံကေသာကို ခဏခဏကောက်လိုက်ဖြောင့်လိုက်ပြုလုပ်တာတွေကြောင့် ဆံကေသာကို ပျက်စီးစေပါတယ်။ အပူအအေးနဲ့ ဓာတုပစ္စည်းတွေနဲ့ နေရောင်ခြည်ဒဏ်တွေကြောင့် ဆံသားကို ပျက်စီးဆုံးရှုံးစေပါတယ်။ ခေါင်းလျှော်တာနည်းစနစ်မမှန်တာ ခဏခဏခေါင်းလျှော်တာ ထွက်သမျှ ဆံပင်အလှကုန်အမျိုးမျိုးကို အသုံးပြုတာတွေကြောင့် ဆံပင်ကြမ်းတာ နှစ်ခွဖြစ်တာနဲ့ ပြတ်ထွက်တာတွေကို ကြုံတွေ့ရစေပါတယ်။
ခေါင်းလျှော်နည်းအမှန်
ခေါင်းစစလျှော်ခြင်း၊ ဆံပင်ကို ရေဆွတ်တဲ့အခါ ရေနွေးနွေးလေးနဲ့ စလျှော်တာက ဦးရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး ဆံပင်အရင်းကဆီတွေ ချေးညှော်တွေကို စင်ကြယ်သွားစေပါတယ်။ အဲ့ဒီနောက်မှ ခေါင်းလျှော်ရည်ကို လက်ဝါးပေါ်ထည့်ကာ ပွတ်ပြီးတော့မှ ဦးရေပြားပေါ်လိမ်းပါ။ အဲ့ဒီနောက် လက်ချောင်းထိပ်လေးနဲ့ ဦးရေပြားက အညစ်အကြေးတွေကို ပွတ်လျှော်ပါ။ လက်သည်းနဲ့ ကုတ်မလျှော်မိဖို့ သတိထားစေချင်ပါတယ်။ လက်သည်းကြောင့် ဦးရေပြားမှာ ပွန်းပဲ့ပြီး အရေပြား ပျက်စီးစေပါတယ်။
လျှော်နေစဉ်မှာလည်း ဆံပင်တွေကို ရှုပ်ထွေးသွားစေမယ့် လုံးထွေးပြီး မလျှော်မိပါစေနဲ့။ ပြီးမှ ရေနဲ့ ဆေးကြောပါ။ ပြီးမှ နောက်ထပ်တစ်ခါ ခေါင်းလျှော်ရည်အနည်းငယ်ကို ထပ်ထည့့်ပြီး နှစ်မိနစ်ခန့်လောက်ထားပြီးမှ ဒုတိယအကြိမ်လျှော်ပါ။ ပထမအကြိမ်လျှော်တာက အညစ်အကြေးတွေကို ဖယ်ရှားဖို့ဖြစ်ပြီး ဒုတိယအကြိမ်လျှော်တာကတော့ ခေါင်းလျှော်ရည်မှာပါတဲ့ အာဟာရဓာတ်တွေ ဦးရေပြားထဲဝင်ဖို့ ဖြစ်ပါတယ်။
ဒုတိယအကြိမ်လျှော်တဲ့အခါ ဦးရေပြားက ချွေးပေါက်လေးတွေ ပြန်ပိတ်သွားအောင် ရေအေးကိုသာ အသုံးပြုပါ။ အဲ့ဒီနောက် Conditioner ကိုစိုနေတဲ့ ဆံပင်တစ်ချောင်းလုံးကို အဖျားတွေအထိ သုတ်လိမ်းပါ။ ဦးရေပြားကိုတော့ မလိမ်းပါနဲ့။ ဆံဖျားတွေကို အဓိကထားပြီး သုတ်လိမ်းပါ။ ပြီးမှ ဆံပင်ကို အုပ်တဲ့ ပလတ်စတစ်အုပ်ဆောင်းလေးနဲ့ ၁၀ မိနစ်လောက်အုပ်ပြီး ရေအေးအေးနဲ့ Conditioner စင်ကြယ်တဲ့အထိ ဆေးကြောပစ်ပါ။ Conditioner မစင်ရင် ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်နိူင်ပါတယ်။ ပြီးရင်တော့ ဆံပင်ကို လက်နဲ့ ဖြည်းဖြည်းရေညှစ်ကာ သဘက်စောင်နဲ့ပတ်ပြီး လက်ချောင်းထိပ်လေးတွေနဲ့ ထပ်ပွတ်ပါ။ ဆံသားကို ခပ်ကြမ်းကြမ်း ခပ်မြန်မြန်သုတ်ရင် ဦးရေပြားနာစေပါတယ်။
ဒါတွေ ဂရုစိုက်ပါ
ခေါင်းလျှော်ခြင်းမပြုမီ ရေမစိုခင်မှာရှုပ်နေတဲ့ ဆံပင်တွေကို ရှင်းလင်းအောင် ဦးစွာဖြီးသင်ထားပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်က ရေကို လက်နဲ့ ဖြေးညှင်းစွာ ညှစ်ပါ။ စိုစွတ်နေတဲ့ဆံပင်ဟာ အနူးညံ့ဆုံးဖြစ်လို့ ဆံပင်ရေစိုကို ဆောင့်ဆွဲခြင်း၊ ခါချခြင်း မပြုလုပ်သင့်ပါဘူး။ ဆံပင်ကျွတ်ခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်နိူင်ပါတယ်။ ခေါင်းလျှော်ရည်ကို ဒီနေ့တစ်မျိုး၊ နောက်နေ့တစ်မျိုး ခဏခဏ ပြောင်းလဲသုံးတာမျိုးထက် ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည်နဲ့ အဆင်မပြေတော့မှ တခြားတံဆိပ်ပြောင်းသုံးပါ။ ပုံမှန်အနေနဲ့ကတော ကိုယ်နဲ့အဆင်ပြေတဲ့ ခေါင်းလျှော်ရည်တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲသုံးသင့်ပါတယ်။ ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ။ ခေါင်းဖြီးလွန်းရင်လည်း ဆံပင်တွေကို အမြစ်ကနေ ဆွဲလိုက်သလိုဖြစ်ပြီး ဆံပင်အားနည်းသွားစေနိူင်လို့ သတိထားစေချင်ပါတယ်။ ဆံပင်ဟာ တစ်နေ့ကို အချောင်း ၂၀ လောက်ထိ ကျွတ်လေ့ရှိပြီး စိတ်ဖိစီးမှု မခံရအောင် ဂရုစိုက်ပါ။ ဒါ့ပြင် ကိုယ်ဝန်ဆောင်တာနဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကြောင့်လည်း ဆံပင်ကျွတ်နိူင်တာကို ဂရုပြုပါ။
သဘာဝပေါင်းတင်နည်း
ဆံပင်ကို ပေါင်းတင်နိူင်တဲ့နည်းကတော့ ကြက်ဥသုံးလုံးနဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောထည့့်ပြီး သမအောင်မွှေပါ။ အဲ့ဒီနောက် ဆံပင်ဖျားကနေ အရင်းအထိ သေချာသုတ်လိမ်းကာ ဦးရေပြားကိုနှိပ်နယ်ပေးပြီး နာရီဝက်နေမှ ခေါင်းလျှော်ရည်အပျော့စားနဲ့ ဆေးကြောလိုက်ပါ။ ဒါဆိုရင် တောက်ပြောင်ပြီး ပျော့ပြောင်းတဲ့ ဆံကေသာကို ရမှာပါ။
ဆံပင်အစိုဓာတ်ကို ဖြည့်ပေးနိူင်တဲ့ ပေါင်းတင်နည်းကတော့ ထောပတ်သီးတစ်လုံးနဲ့ ကြက်ဥတစ်လုံးကို ရောနောပြီး သမအောင်မွှေပါ။ ဦးရေပြားတစ်ခုလုံး ဆံကေသာတစ်လျှောက်လုံးကို သုတ်လိမ်းပါ။ ၁၅ မိနစ်ထားပြီး ခေါင်းလျှော်ရည်နဲ့ ဆေးကြောလိုက်ပါ။
ဆံသားကို အားဖြည့်ပေးတဲ့ ပေါင်းတင်နည်းကတော့ ဌက်ပျောသီးနှစ်လုံးနဲ့ ထောပတ်သီးတစ်လုံးကိုရောကာ ကြေညက်သွားအောင် ကြိတ်ချေပြီး ဦးရေပြားကနေ ဆံသားတစ်လျှောက်လိမ်းပေးကာ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချပါ။ အသီးအနှံနှစ်ခုရဲ့ သဘာဝ အဆီတွေက ဦးရေကို အစိုဓာတ်ကောင်းကောင်းပေးနိူင်ပြီး ပျက်စီးနေတဲ့ဆံသားတွေကို ပြုပြင်ပေးပါတယ်။
ကဲ….ပျိုမေတို့ရေ ဆံပင်ရဲ့ကောင်းခြင်းနဲ့ ပြည့်စုံပြီး လူအများကြား ဆံနွယ်လေးတွေအတွက် ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနိူင်ပါစေ။
Author: ရွှေနန်းစံ (Healthcare Journal)