ဗက်တီးရီးယားဟုဆိုလိုက်သည်နှင့် အများစုမှာ မျက်မှောင်ကြုတ်သွားတတ်ကြသည်။ ကြောက်လန့်သွားတတ်ကြသည်။
မှန်ပါသည်။ လူခန္ဓာကိုယ်ကို ရောဂါများနှင့် ဒုက္ခများစွာပေးသော ဘက်တီးရီးယားများစွာ ရှိပါသည်။ သမိုင်းအစဉ်အဆက်တွင်လည်း ထိုဗက်တီးရီးယားများကြောင့်လည်း လူ့အသက်ပေါင်းများစွာ စတေးခဲ့ကြရပေသည်။
သို့သော် လူ့ခန္ဓာကိုယ်တွင် လူတို့ကို အကျိုးပြုသော ဗက်တီးရီးယားပေါင်း များစွာလည်း ရှိပါသေးသည်။ ထိုဗက်တီးရီးယားများသည် ခန္ဓာကိုယ်၏ ဇီဝကမ္မစနစ်များကို များစွာ ကောင်းကျိုးပြုသည့်အတွက် မိတ်ဆွေ ဗက်တီးရီးယားများဟု ခေါ်ဆိုကြပါသည်။
ထို ခန္ဓာကိုယ်အကျိုးပြု မိတ်ဆွေဗက်တီးရီးယားအများစုသည် အူလမ်းကြောင်းအတွင်းတွင် နေထိုင်ကြပါသည်။
ထိုဗက်တီးရီးယားများသည် အစာခြေခြင်းဖြစ်စဉ်ကို ကူညီပေးသကဲ့သို့ ခြေဖျက်ပြီးသော အစာအာဟာရများကို စုပ်ယူရာတွင်လည်း များစွာ အထောက်အကူပြုပါသည်။
ထို့ကြောင့် အာဟာရဓာတ် ပြည့်ဝအောင် ရရှိနိုင်စေရန်အတွက် ဗက်တီးရီးယားများသည် အလွန်အရေးကြီးပါသည်။
အကျိုးပြုဗက်တီးရီးယားများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်နည်းတူ ထိုဘက်တီးရီးယားများ ရှင်သန်ပွားများရေးသည်လည်း များစွာအရေးပါပါသည်။
အကျိုးပြုဗက်တီးရီးယားများရှင်သန်ပွားများရေးကို အထောက်အကူပြုပေးသော အစားအစာများကို Prebiotics ဟု ခေါ်ဆိုပါသည်။
Prebiotics အမျိုးအစား များစွာရှိသည့်အနက် တစ်မျိုးမှာ LcFOS ဖြစ်ပါသည်။
LcFOS ဆိုသည့်မှာ Long Chain Fructo-oligosaccharides ပဲဖြစ်ပါသည်။
အမျှင်ဓာတ် အမျိုးအစားတစ်ခုဖြစ်သည့် LcFOS သည် အစာခြေဖျက်ခြင်းနှင့် အစာစုပ်ယူခြင်းများကို အားပေး ကူညီပေးနိုင်ရုံသာမက ဝမ်းမချုပ်စေရန်လည်း တားဆီးကာကွယ်ပေးနိုင်ပါသည်။
လေထိုးလေအောင့် မဖြစ်စေရန် ကာကွယ်ပေးနိုင်သည့် LcFOS သည် ဝမ်းပျက်ဝမ်းလျှောရောဂါများကိုလည်း တားဆီးပေးပါသည်။
ထို့ပြင် အူလမ်းကြောင်းကို ကာရံထားသည့် အူလမ်းကြောင်း၏ နံရံများကိုလည်း ထူထဲစေရန် လုပ်ဆောင်ပေးခြင်းအားဖြင့် အန္တရာယ်ရှိသော ဗက်တီးရီးယားများကို သွေးကြောများအတွင်းသို့ ဝင်ရောက်ကာ ခန္ဓာကိုယ်အနှံအပြားသို့ ပျံနှံ့ ရောက်ရှိသွားခြင်းကိုလည်း တားဆီးကာကွယ်ပေးပါတယ်။
ထို့ပြင် LcFOS သည် အူလမ်းကြောင်းအတွင်းတွင်ရှိသော မိတ်ဆွေဗက်တီးရီးယားများ၏ အရေအတွက်ကို တိုးတက်လာစေခြင်းဖြင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများ၏ အရေအတွက်ကိုလည်း လျော့နည်းသွားစေပါသည်။
ထို့ကြောင့် ဗက်တီးရီးယားဆိုတိုင်း ဆိုးဝါးသည်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးနိုင်သော မိတ်ဆွေဗက်တီးရီးယားများ ရှိကြောင်းနှင့် ထိုဗက်တီးရီးယားများ၏ ပမာဏ များပြားရေးကို အားပေးကူညီသော LcFOS ကဲ့သို့သော Prebiotics များ၏ အရေးပါမှုကို အလေးပေး ဂရုပြု စားသုံးပေးခြင်းအားဖြင့် အစာခြေစနစ်များ အပေါ်တွင်သာမက ခန္ဓာကိုယ်တစ်ခုလုံး၏ စနစ်များအပေါ်တွင်လည်း ကောင်းကျိုးများစွာ ပေးနိုင်မည် ဖြစ်ပါသည်။
Author : Dr. သန့်