ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ အစားအသောက်နှင့် လူနေမှုပုံစံပြောင်းလဲလာခြင်းကြောင့် metabolic syndrome ခေါ် ဇီဝကမ္မဆိုင်ရာရောဂါစုများ ပိုမိုခံစားလာရကြပါတယ်။ထိုရောဂါများအနက် တစ်ခုမှာ ဆီးချိုရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါကို အမျိုးအစား ၁ နှင့် ၂ ဆိုပြီးခွဲပါတယ်။ အမျိုးအစား ၁ ဆီးချိုသည် သကြားဓါတ်ထိန်းဟော်မုန်း အင်ဆူလင်ထုတ်ပေးတဲ့ ပန်းကရိယ (သို့) မုန့်ချိုအိတ်ကို ခန္ဓာကိုယ်၏ အလိုအလျောက်ခုခံမှုစနစ်မှ ဖျက်ဆီးသည့် autoimmune ရောဂါ တွေမှာ တွဲပြီးတွေ့ရပါတယ်။
ဆီးချိုရောဂါအမျိုးအစား( ၂ ) သည် ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်နေသောရောဂါ ဖြစ်ပါသည်။ ထိုသို့သွေးတွင်းသကြားဓာတ် မြင့်တက်မှုသည် ခန္ဓာကိုယ်၏ နှလုံး। သွေးကြာ। ကျောက်ကပ်। မျက်လုံးအမြင်အာရုံ। အရေပြား အစိတ်အပိုင်းအားလုံးကို ထိခိုက်မှုရှိစေပါသည်။
ဆီးချိုရောဂါ အမျိုးအစား( ၂ ) နှင့်ဆက်စပ်သော အရေပြားကျန်းမာရေးပြဿနာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဆီးချိုရောဂါရှိသူများမှာ ရေဓါတ်ဆုံးရှုံးမှုများသောကြောင့် အသားရည်အလွန်အမင်း ခြောက်သွေ့ခြင်း। ၃၀ရာခိုင်နှုန်းခန့်သောသူတို့တွင် သွေးကြောငယ်များ ပျက်စီးမှုကြောင့် Diabetes dermopathy ခေါ် အညိုရောင် အစက်အကွက်များ အရေပြားပေါ်ထွက်ခြင်းတို့ ခံစားရတတ်သည်။
အရေပြားပေါ်တွင် အဖုများ। အကွက်များ। အရည်ကြည်ဖုများ (diabetic bullae)। ချိုင်း। ပေါင်ခြံနှင့် လည်ဂုတ်တို့တွင် အရေပြားထူထဲပြီး မည်းလာခြင်း (acanthosis nigrican)। ခြေချောင်းလက်ချောင်း အသားများကြမ်း၍ထူလာခြင်း (digital sclerosis)। အသားပို/အသားပွား (skin tag) ပေါ်လာခြင်းတို့ကို ခံစားရတတ်သည်။ ဆီးချိုရောဂါနှင့်အတူ သွေးတွင်းအဆီဓါတ်များသည့်လူများတွင် xanthelasma ခေါ် မျက်လုံးတဝိုက်တွင် အဝါရောင်အရေပြားအဖတ်များ ပေါ်လာတတ်သည်။
ကိုယ်ခံအားနည်းခြင်း। ရောဂါပိုးဝင်လွယ်ခြင်း (ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်စတဲ့ ပိုးမွှားများ) ကြောင့် အရေပြားယားနာအမျိုးမျိုး ဖြစ်လွယ်တတ်သည်။ ကိုယ်ခန္ဓာအရည်ပြားပေါ် ထိခိုက်ဒဏ်ရာရခြင်း। အပူလောင်ခြင်း တို့ကြောင့် အနာဖြစ်လွယ်တဲ့အပြင်। ထိခိုက်ဒါဏ်ရာအနာကို ခုခံတိုက်ခိုက်သည့် ဆဲလ်များကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း। ကိုယ်ခံစွမ်းအားနည်းခြင်း। သွေးတွင်းသကြားဓာတ်များ၍ ဘက်တီးရီးယား ပိုမိုပေါက်ပွားခြင်း। ရောင်ရမ်းမှုများစေသော ဓါတ်များ ထုတ်လုပ်မှုများခြင်းကြောင့် အနာကျက်နှေးပြီး ရောဂါပိုးမွှားများ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူလာပြီး သက်သာပျောက်ကင်းဖို့ ခဲယဉ်းတတ်သည်။
ဆီးချိုရောဂါရှိသူများသည် အာရုံကြောအားနည်းပြီး အာရုံခံနိုင်စွမ်း လျော့လာတဲ့အတွက် မိမိခန္ဓာကိုယ်မှာ ထိခိုက်မိတာတွေ၊ အပူလောင်တာတွေကို ခံစားမှု လျော့နေတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်ဟာ ထိခိုက်မှုအများဆုံး ကြုံရတဲ့နေရာ ဖြစ်ပါတယ်။ ဆီးချိုရောဂါခြေထောက်အနာ (diabetic foot ulcer) ဆိုးလျှင် ဆေးရုံတက်ပြီး ခွဲစိတ်ခန်းတွင် အနာသန့်ရှင်းရခြင်း၊ ပိုးသတ်ဆေးထိုးခြင်းမှသည် ခြေထောက်ခွဲစိတ် ဖြတ်တောက်ရသည်အထိ ဖြစ်နိုင်ပါသည်။ ခြေထောက်ဆုံးရှုံးသည့် အကြောင်းရင်းများ၏ ၈၅ ရာခိုင်နှုန်းခန့်သည် ဆီးချိုခြေထောက်အနာရောဂါကြောင့်ဖြစ်ကြောင်း စစ်တမ်းများအရ တွေ့ရှိရပါတယ်။ ထို့ကြောင့် ဆီးချိုရောဂါရှိသူများအနေနဲ့ မိမိကိုယ်ခန္ဓာ। အထူးသဖြင့် ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမည်။
အထက်ဖော်ပြပါ အရေပြားရောဂါအခြေအနေများကို သွေးတွင်းသကြားဓါတ် ပုံမှန်ထိန်းညှိ၍ ကာကွယ်ခြင်း। ကြုံတွေ့ရလျှင် ဆီးချိုအထူးကုဆရာဝန်। အရေပြားဆရာဝန်များနှင့် သေချာဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူသင့်ကာ နေ့စဥ်ပုံမှန်ခြေထောက်စစ်ဆေးမှု diabetic foot care ကိုပြုလုပ်သင့်ကြောင်း အသိပေးပြောကြားလိုက်ပါတယ်ရှင်……
Author : Dr. Yee Mon