စားသုံးသော အစားအစာအာဟာရများစွာအနက် သံဓာတ်သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါသော သတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။
သွေးနီဥများသည် အဆုတ်များမှနေ၍ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ သယ်ယူပို့ဆောင်သော လုပ်ငန်းကို လုပ်ဆောင်ပါသည်။
သံဓာတ်သည် သွေးနီဥများတွင်ရှိသော ဟေမိုဂလိုဘင်ဒြပ်ပေါင်း၏ အရေးပါသော ပါဝင် ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။
ထို့ကြောင့် သံဓာတ်ချို့တဲ့သော သူများသည် အောက်ဆီဂျင်ကို လုံလောက်စွာ ရရှိနိုင်ခြင်းမရှိသောကြောင့် အလွယ်တကူ မောပန်းနွမ်းနယ်ခြင်း လက္ခဏာများ ဖြစ်လာနိုင်ပါသည်။
ထို့ပြင် သံဓာတ်ချို့တဲ့သောသူများသည် ဦးနှောက်အာရုံကြောဆိုင်ရာလုပ်ငန်းများကိုလည်း ထိခိုက်နိုင်ပြီး ခုခံအားစနစ်ဆိုင်ရာ လုပ်ငန်းများကိုလည်း အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း လေ့လာချက်များအရ သိရှိရပါသည်။
ဆံပင်၊ လက်သည်းနှင့် အရေပြားဆိုင်ရာကျန်းမာရေး အကျိုးပြုလုပ်ငန်းများကိုလည်း အထောက်အကူပြုသော အာဟာရသတ္တုဓာတ်တစ်မျိုးဖြစ်ကြောင်း တွေ့ရပါသည်။
သံဓာတ်ချို့တဲ့ခြင်းအကြောင်းရင်းများ။
အောက်ပါအကြောင်းရင်းများသည် သံဓာတ်ချို့တဲ့နိုင်သည့် အချက်များဖြစ်ပါသည်။
( ၁ ) သွေးဆုံးရှုံးခြင်း
သံဓာတ်သည် သွေးနီဥများအတွင်းရှိ ဟေမိုဂလိုဘင်ဒြပ်ပေါင်းများ၌ ပါဝင်သည့် အရေးပါသော ပါဝင်မှုပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် သွေးဆုံးရှုံးခြင်းဖြစ်လျှင် သံဓာတ်များလည်းလျော့နည်း လာမည်ဖြစ်ပါသည်။
ရာသီဓမ္မတာ သွေးပမာဏများပြားသော အမျိုးသမီးများတွင် သံဓာတ်ချို့တဲ့ခြင်းလက္ခဏာများ ဖြစ်ပေါ်ခံစားနိုင်ခြေများခြင်းသည် အထက်ဖော်ပြပါ အကြောင်းရင်းကြောင့် ဖြစ်ပါသည်။
နာတာရှည် သွေးဆုံးရှုံးနိုင်သောရောဂါများ (ဥပမာ အစာအိမ်အနာရောဂါ၊ အူမကြီးတွင် အသားပိုထွက်သော ရောဂါ၊ အူမကြီးကင်ဆာရောဂါ ) သည်လည်း သံဓာတ်ချို့တဲ့ခြင်း၏အကြောင်းရင်း တွင် ပါဝင်ကြောင်း လေ့လာသိရှိရပါသည်။
( ၂ ) အစားအစာတွင် သံဓာတ်ပါဝင်မှုမလုံလောက်ခြင်း
ခန္ဓာကိုယ်သည် စားသုံးသော အစားအစာများမှ သံဓာတ်ကို ပုံမှန်ရယူရန် လိုအပ်ပါသည်။
အကယ်၍ စားသုံးနေသော အစားအစာတွင် သံဓာတ်ပါဝင်မှုအလွန်နည်းပါးသည့်အခါ သံဓာတ်ချို့တဲ့သော အခြေအနေများဖြစ်လာနိုင်ပေသည်။
ထို့ကြောင့်အောက်ပါ သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသင့်ပါသည်။
– ဟင်းနုနွယ်
– ကန်စွန်းရွက်
– ဘရိုကိုလီ စသော အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– ကြက်အသည်း၊ ဘဲအသည်း၊ ဆိတ်အသည်း
– အမဲသား
– ကြက်ဥဘဲဥများ
– ပဲအမျိုးမျိုး
– ဖရုံစေ့
– တိုဖူး
– ချောကလက်အမည်း
– ငါးအမျိုးမျိုး စသည့်အစားအစာများ ဖြစ်ကြပါသည်။
( ၃ ) သံဓာတ်ကို ကောင်းစွာ စုပ်ယူနိုင်မှုမရှိခြင်း
ခန္ဓာကိုယ်သည် အစားအစာမှရရှိသော သံဓာတ်ကို အူသိမ်တွင် စုပ်ယူသည့် လုပ်ငန်းကို လုပ်ဆောင်ပါသည်။
အူသိမ်ပိုင်းဆိုင်ရာ ရောဂါရှိသောသူများသည် ခြေဖျက်ပြီးသော အစားအစာမှ အာဟာရဓာတ်ကို စုပ်ယူနိုင်စွမ်းကို ထိခိုက်နိုင်ကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် အူသိမ်၏အစိတ်အပိုင်းအချို့ကို ထိခိုက်သော ခွဲစိတ်ကုသမှုခံယူထားသောသူများသည်လည်း သံဓာတ်ချို့တဲ့ခြင်းဖြစ်နိုင်သော သူများဖြစ်ကြပါသည်။
( ၄ ) ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်ဝန်ဆောင်မိခင်သည် သွေးပမာဏကို ပိုမိုလိုအပ်သည့်အပြင် ဖွံ့ဖြိုးကြီးထွားနေသော သန္ဓေသားအတွက်လည်း အာဟာရဓာတ်များလိုအပ်သောကြောင့် သံဓာတ်ချို့တဲ့နိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ရောဂါလက္ခဏာများ
သံဓာတ်ချို့တဲ့လျှင် တွေ့ရသော ရောဂါလက္ခဏာများမှာ အောက်ပါအချက်များ ဖြစ်ကြပါသည်။
( ၁ ) မောပန်းနွမ်းနယ်ခြင်းနှင့် အင်အားမရှိခြင်း။
သံဓာတ်သည် ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်သော လုပ်ငန်းတွင် အရေးပါသောကြောင့် သံဓာတ်ချို့တဲ့သောသူများတွင် အောက်ဆီဂျင်လုံလောက်စွာ မရရှိသည့်အတွက် မောပန်းနွမ်းနယ်လွယ်ခြင်း နှင့် အင်အားမရှိသလိုခံစားရခြင်းများ တွေ့ရှိရပါသည်။
( ၂ ) အသက်ရှူမ၀ခြင်း။
၎င်းရောဂါလက္ခဏာသည်လည်း အောက်ဆီဂျင်ကိုလုံလောက်စွာမရရှိသဖြင့် ဖြစ်ပေါ်ခံစားရသော ဝေဒနာတစ်မျိုးဖြစ်ပါသည်။
( ၃ ) ခြေဖျားလက်ဖျားအေးခြင်း
ရာသီဥတုအေးခြင်းကြောင့်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ ခြေဖျားလက်ဖျားများ အေးစက်နေခြင်းသည် ခန္ဓာကိုယ်၏သွေးလည်ပတ်မှုတွင် အာဟာရဓာတ်များမလုံလောက်ဘဲ ချို့တဲ့နေကြောင်း လက္ခဏာကို ရည်ညွှန်းပါသည်။
( ၄ ) အသားအရေ ဖြူဖျော့ခြင်း
သွေးနီဥများတွင်ပါဝင်သော ဟေမိုဂလိုဘင်ဓာတ်သည် သွေး၏အရောင်ကို အနီရောင်ဖြစ်စေသော အကြောင်းရင်း ဖြစ်ပါသည်။
ထို့ကြောင့်သံဓာတ်ချို့တဲ့သောသူများတွင် ဟေမိုဂလိုဘင်ဓာတ်ပမာဏနည်းနေသောကြောင့် သွေးရောင်ဖျော့လာကာ အသားအရေဖြူဖျော့ဖျော့ ဖြစ်ခြင်းလက္ခဏာကို တွေ့ရှိရပါသည်။
( ၅ ) ခေါင်းကိုက်ခြင်း
သံဓာတ်ချို့တဲ့သောသူများတွင် ဦးနှောက်မှနေ၍ အောက်ဆီဂျင်ကို လုံလောက်စွာမရရှိသဖြင့် ဦးနှောက်သွေးကြောများ ရောင်ရမ်းလာကာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းဝေဒနာများကို ခံစားရစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
( ၆ ) နှလုံးတုန် ရင်တုန်ဖြစ်ခြင်း
သံဓာတ်မလုံလောက်သည့်အခါ နှလုံးသည် အောက်ဆီဂျင်ရရှိရန်အတွက် ပို၍ပင်ပန်းကြီးစွာ အလုပ်လုပ်ဆောင်ရသောကြောင့် နှလုံးခုန်နှုန်း မမှန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း၊ ရင်တုန်ခြင်း စသော လက္ခဏာများကို တွေ့ရှိရပါသည်။
( ၇ ) အရေပြားနှင့်ဆံပင်များ ခြောက်သွေ့ပျက်စီးခြင်း
အောက်ဆီဂျင်လုံလောက်စွာမရရှိသောကြောင့် သံဓာတ်ချို့တဲ့နေသော သူများတွင် အရေပြားနှင့် ဆံပင်ခြောက်သွေ့ပျက်စီးခြင်း၊ ဆံပင် နက်မှောင်မှုမရှိခြင်း နှင့် ဆံပင်ကျွတ်ခြင်းစသော လက္ခဏာများ တွေ့ရပါသည်။
( ၈ ) လက်သည်းခြေသည်းများကျွတ်ဆတ်ကျိုးလွယ်ခြင်း
၎င်းလက္ခဏာသည် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ၏ တွေ့ရနည်းသော ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး သံဓာတ်အလွန်အမင်းချို့တဲ့သောသူများတွင်သာ တွေ့ရလေ့ရှိပါသည်။
( ၉ ) လျှာနှင့် ပါးစပ်များရောင်ရမ်းနာကျင်ခြင်း
သံဓာတ်ချို့တဲ့သော သူများတွင် တွေ့ရသော နောက်ထပ်လက္ခဏာတစ်ရပ်မှာ လျှာနှင့် ပါးစပ်များ ရောင်ရမ်းနာကျင်ခြင်း၊ ပါးစပ်တွင် အက်ကွဲနာဖြစ်ခြင်း၊ ပါးစပ်ခြောက်ခြင်း နှင့် ခံတွင်းတွင် ပူလောင်သောခံစားချက်ခံစားရခြင်း စသည့် လက္ခဏာများကို တွေ့ရှိရပါသည်။
Author : Dr. မိုး (ဆေး ၁)