Irritable Bowel Syndrome ဟုခေါ်သော ( နာတာရှည်အူလမ်းကြောင်းရောဂါပေါင်းစု )သည် အစာခြေလမ်းကြောင်းစနစ်ကို ထိခိုက်သော ရောဂါတစ်မျိုးဖြစ်ပါသည်။
ရောဂါလက္ခဏာများ။
– ဗိုက်အောင့်ခြင်း ၊ ဗိုက်ကယ်ခြင်း၊ လေပွခြင်း
– အူလမ်းကြောင်းရွေ့လျားမှုပုံစံပြောင်းလဲခြင်း
– ဝမ်းထဲတွင် ချွဲပါခြင်း စသည်တို့ ဖြစ်ပါသည်။
အောက်ဖော်ပြပါ ရောဂါလက္ခဏာများသည် ပိုမိုဆိုးရွားပြင်းထန်သည့် ရောဂါလက္ခဏာများ ဖြစ်သောကြောင့် ၎င်းတို့ကို ခံစားရလျှင် ဆရာဝန်နှင့် တိုင်ပင်ပြသရန် လိုအပ်ကြောင်း အကြံပြုလိုပါသည်။
– ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်း
– ညဘက်တွင် ဝမ်းလျှောခြင်း
– စအိုမှ သွေးထွက်ခြင်း
– သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်ခြင်း
– အန်ခြင်း
– အစာများ မျိုချရန်ခက်ခဲခြင်း
– ဗိုက်အောင့်ခြင်းဝေဒနာမသက်သာခြင်း စသည်တို့ဖြစ်ကြပါသည်။
ရောဂါဖြစ်ပွားသည့်အကြောင်းရင်းများ။
– အူလမ်းကြောင်းရှိ ကြွက်သားများ ကျုံ့ညှစ်ခြင်း။
အူနံရံရှိ ကြွက်သားအလွှာများသည် အစာခြေလမ်းကြောင်းအတွင်းသို့ အစာဝင်ရောက်သည့်အခါ ကြွက်သားကျုံ့ညှစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ပါသည်။
ထိုသို့ အူနံရံရှိ ကြွက်သားများ ပုံမှန်ထက်ပို၍ အားပြင်းစွာ သို့မဟုတ် အချိန်ကြာမြင့်စွာ ကျုံ့ညှစ်ခြင်း ဖြစ်သည့်အခါ လေပွခြင်း၊ ဗိုက်ကယ်ခြင်း နှင့် ဝမ်းလျှောခြင်းစသည့် ဝေဒနာများကို ခံစားရကြောင်း တွေ့ရှိရပါသည်။
– အာရုံကြောစနစ်ပုံမှန်မဟုတ်ခြင်း။
အစာခြေလမ်းကြောင်းစနစ်ရှိ အာရုံကြောများ ပုံမှန်မဟုတ်ခြင်းကြောင့် အစာခြေလုပ်ငန်းဖြစ်စဉ်တွင် ပြောင်းလဲခြင်းများ ကြုံတွေ့ရပြီး ဗိုက်နာခြင်း ၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း စသည့် ရောဂါလက္ခဏာများကို ခံစားရခြင်းဖြစ်ပါသည်။
– အူလမ်းကြောင်းတွင် ရောဂါပိုးပြင်းထန်စွာ ကူးစက်ခံရခြင်း။
နာတာရှည်အူလမ်းကြောင်းရောဂါလက္ခဏာပေါင်းစု (IBS) သည် အူလမ်းကြောင်းတွင် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်းကြောင့် အစာအိမ်အူလမ်းကြောင်း ပြင်းထန်စွာ ရောင်ရမ်းခြင်း ဖြစ်ပြီးနောက်တွင် ဖြစ်တတ်ကြောင်းလည်း တွေ့ရှိရပါသည်။
– ကလေးဘ၀တွင် စိတ်ဖိစီးမှုများ ကြုံတွေ့ခံစားရခြင်း။
ကလေးဘ၀တွင် စိတ်ဖိစီးမှုများ ကြုံတွေ့ခဲ့ရခြင်းသည်လည်း (IBS) ကို ဖြစ်စေသော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
– အူလမ်းကြောင်းရှိ ရောဂါပိုးများ ပြောင်းလဲမှုများဖြစ်ခြင်း။
အူလမ်းကြောင်းတွင် နေထိုင်ပြီး ကျန်းမာရေးအတွက် အကျိုးပြုသည့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါပိုးများ ပြောင်းလဲခြင်းများဖြစ်လာခြင်းသည်လည်း IBS ဖြစ်ရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။
ရောဂါလက္ခဏာ ပို၍ဆိုးဝါးစေသောအချက်များ။
( ၁ ) အစားအစာများ။
အချို့သော အစားအစာများနှင့် အဖျော်ယမကာများသည် IBS ၏ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
အောက်ပါအစားအစာများသည် IBS ၏ လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည့် အစားအစာများ ဖြစ်ကြပါသည်။
– ဂျုံ
– နို့ထွက်ပစ္စည်းများ
– ချဉ်သော သစ်သီးများ
– ပဲအမျိုးမျိုး
– ဂေါ်ဖီ
– နို့နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ပါသည့် အဖျော်ယမကာများစသည်တို့ဖြစ်ကြပါသည်။
( ၂ ) စိတ်ဖိစီးမှုများခြင်း။
စိတ်ဖိစီးမှုများခြင်းသည်လည်း IBS ကို ပိုမိုပြင်းထန်ဆိုးရွားစေသည့် အချက်တစ်ချက် ဖြစ်ကြောင်း လေ့လာချက်များအရ သိရှိရပါသည်။
ထို့ကြောင့် ၎င်းရောဂါကို သက်သာပျောက်ကင်းစေရန်အတွက် အစားအစာသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
အောက်ပါတို့သည် IBS ရောဂါရှိသူများ ရှောင်ကြဉ်သင့် ၊ စားသုံးသင့်သော အစားအစာများ ဖြစ်ကြပါသည်။
– Lactose
Lactose ဓာတ်ကို နို့နှင့် ချိစ်၊ ရေခဲမုန့် အစရှိသော နို့ထွက်ပစ္စည်းများတွင် ပါဝင်ကြောင်း တွေ့ရှိရပါသည်။
Lactose ပါဝင်သော အစားအစာများကို ပမာဏများများစားသုံးမိလျှင် အစာမကြေဖြစ်ခြင်း ၊ ဗိုက်အောင့်ခြင်းများ ဖြစ်တတ်ကြောင်းတွေ့ရှိရပါသည်။
အဘယ်ကြောင့်ဆိုသော် လူဦးရေ၏ တစ်ဝက်ခန့်သည် ၎င်းဓာတ်ကို ခြေဖျက်ရာတွင် လိုအပ်သည့် Lactase အင်ဇိုင်းဓာတ်များ နည်းပါးသည်ကို လေ့လာချက်များအရ သိရှိရပါသည်။
ထို့ကြောင့် နွားနို့သောက်မည့်အစား Lactose ဓာတ်မပါဝင်သော ပဲနို့၊ Lactose ဓာတ်မပါဝင်သည့် ဒိန်ချဉ်စသည်တို့ကို အစားထိုး၍ သောက်သုံးသင့်ပါသည်။
– သစ်သီးများ
သစ်သီးများတွင် ပါဝင်သည့် Fructose ဓာတ်သည် IBS ရောဂါဖြစ်နေသောသူများကို ရောဂါလက္ခဏာ ပိုမိုဆိုးရွားစေနိုင်ကြောင်းတွေ့ရှိရပါသည်။
ပန်းသီး ၊ သစ်တော်သီး ၊ ဖရဲသီး ၊သစ်သီးခြောက် နှင့် သစ်သီးဖျော်ရည်များစသည်တို့သည် Fructose ဓာတ်ကြွယ်၀သည့်အစားအစာများ ဖြစ်ကြပါသည်။
Fructose ဓာတ်နည်းပါးသည့် သစ်သီးများမှာ ငှက်ပျောသီး ၊ စပျစ်သီး နှင့် ဘယ်ရီသီးများ ဖြစ်ကြပါသည်။
ထို့ကြောင့် IBS ရောဂါလက္ခဏာပို၍ဆိုးရွားခြင်းမှ ကာကွယ်ရန် အောက်ပါသစ်သီးများကို စားသုံးသင့်ပါသည်။
– ငှက်ပျောသီး
– ဘယ်ရီသီးများ
– လိမ္မော်သီး
– စပျစ်သီး
– ကီဝီသီး စသည်တို့ဖြစ်ကြပါသည်။
– ဟင်းသီးဟင်းရွက်များ
အချို့သော ဟင်းသီးဟင်းရွက်များသည် ဗိုက်လေပွခြင်း ၊ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။
ဘရိုကိုလီ၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ စသည့် ဟင်းသီးဟင်းရွက်များသည် ရောဂါရှိသောသူများ ရှောင်ကြဉ်သင့်သော အစားအစာများဖြစ်ကြပါသည်။
IBS ရောဂါနှင့် သင့်လျော်သော ဟင်းသီးဟင်းရွက်များမှာ
– ခရမ်းသီး
– ကုလားပဲ
– မုန်လာဥနီ
– ဟင်းနုနွယ်
– ကန်စွန်းဥ
– သခွားမွှေးသီး စသည်တို့ ဖြစ်ကြပါသည်။
– ပဲအမျိုးမျိုး။
ပဲနီလေး၊ ပဲဝါလေး၊ ပဲသီး အစရှိသော ပဲအမျိုးအစားများသည် အစာခြေဖျက်ရန်မလွယ်ကူသော ဒြပ်ပေါင်းများပါဝင်သဖြင့် နာတာရှည်အူလမ်းကြောင်းရောဂါရှိသောသူများနှင့် မသင့်လျော်သည့်အစားအစာများဖြစ်ကြပါသည်။
ထို့ကြောင့် ၎င်းအစားအစာများကို ပမာဏအနည်းငယ်မျှသာ ချင့်ချိန်၍ စားသုံးသင့်ပါသည်။
ထို့ပြင် နာတာရှည်အူလမ်းကြောင်းရောဂါရှိသောသူများသည် အစားအစာများကို ပမာဏနည်းနည်းနှင့် အကြိမ်အရေအတွက်များများစားသုံးသင့်ကြောင်း အကြံပြုလိုက်ရပါသည်။