လက်ရှိအချိန် မြန်မာနိုင်ငံမှာ Covid-19 ရောဂါဟာ ဖြစ်ပွားနှုန်းတွေ အလွန်အမင်း ပြန်လည်မြင့်တက်နေတာကို တွေ့ရပါတယ်။ ထို Covid-19 ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 Virus ဟာဆိုရင် အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီး လူသားတချို့မှာ ရောဂါမပြင်းထန်ပေမဲ့ တချို့ အခြေအနေတွေမှာ ရောဂါလက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေပါတယ်။
Covid-19 ရောဂါပိုး ကူးစက်နိုင်တဲ့ အဓိကနည်း ၃မျိုး
- ရောဂါပိုးရှိသူရဲ့ ပါးစပ်နဲ့ နှာခေါင်းမှ ထွက်တဲ့ အရည်/အမှုန်အမွှားတွေ ပါဝင်တဲ့လေကို တိုက်ရိုက်ရှုသွင်းမိခြင်း၊
- ရောဂါပိုးရှိသူမှ နှာချေ၊ ချောင်းဆိုးတဲ့အချိန်မှာ ထွက်လာတဲ့ အရည်/အမှုန်အမွှားများက မိမိနာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတို့အပေါ် တိုက်ရိုက်ကျရောက်ခြင်း၊
- အဲဒီအမှုန်အမွှားတွေ ကပ်ညိနေတဲ့ အရာဝတ္ထု၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထိကိုင်မိထားသော လက်ဖြင့် မိမိနာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတို့ကို ပြန်လည်ထိကိုင်မိရာမှ ကူးစက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ကိုဗစ်မှာ အဓိကမျိုးစိတ်တွေအနေနဲ့ Alpha, Beta, Gamma နဲ့ Delta တို့ရှိပြီး Delta မျိုးစိတ်ဟာ ယခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့၊ ကူးစက်နှုန်းများပြီး ရောဂါပိုပြင်းထန်စေတဲ့ ပိုးအမျိုးအစား ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဖြစ်ပွားနှုန်းတွေ အလွန်အမင်း ပြန်လည်မြင့်တက်နေတဲ့ Covid-19 ရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်းဟာ အထိရောက်ဆုံးကုသနည်းပဲ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်အောင် ဘယ်လိုနေရမလဲ
- စကားပြောချိန်၊ နှာချေ ချောင်းဆိုးချိန်မှာ ထွက်လာတဲ့ အရည်၊ အမှုန်အမွှားတွေဟာ အကွာအဝေး ၆ ပေအထိ ပြန့်နှံ့နိုင်သဖြင့် အတတ်နိုင်ဆုံး တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာ နေပါ။ အထူးသဖြင့် အလုံပိတ် အတွင်းခန်းများမှာ ပိုဝေးဝေးကွာကွာနေပါ။
- အပြင်သွားတိုင်း Mask တပ်ပါ။ Mask ကို နည်းစနစ်မှန်စွာ တပ်ရန်၊ သိမ်းဆည်းရန်၊ စွန့်ပစ်ရန်တို့ဟာ အရေးကြီးပါတယ်။ အခုအချိန်မှာ ပညာရှင်တွေကိုယ်တိုင် Mask ကို နှစ်ထပ်တပ်ဆင်ရန်ပါ ညွှန်ကြားလာကြပါတယ်။ သတိပြုရန်မှာ –
- Mask မတပ်မီ၊ မချွတ်ခင်နဲ့ ချွတ်ပြီး၊ သို့မဟုတ် Mask ကို ထိမိပြီးတိုင်း လက်ဆေးပါ။
- Mask သည် သင်၏ နှာခေါင်း၊ ပါးစပ်နှင့် မေးစေ့ကို လုံခြုံစွာ ဖုံးအုပ်နေရပါမည်။
- တစ်ခါသုံး Mask များကို ချွတ်ပြီးတိုင်း အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ပါ။ ပြန်လည်အသုံးပြု၍ရသော Mask များဆိုလျှင် သန့်ရှင်းပြီး လေလုံသော အိတ်ထဲကို ထည့်ပြီး သိမ်းဆည်းပါ။ အဝတ် Mask များဆိုလျှင် တစ်ခါသုံးပြီးတိုင်း ပြန်လျှော်ပါ။
မိမိပတ်ဝန်းကျင်နဲ့ ပက်သက်ပြီး လုံခြုံအောင် ဘယ်လိုနေမလဲ
ရောဂါကူးစက်နှုန်းတွေဟာ လူထပ်ထပ်ပြီး အလုံပိတ်နေရာတွေဖြစ်တဲ့ စားသောက်ဆိုင်၊ အားကစားရုံ၊ ရုံးခန်း၊ ဘုရားကျောင်း အစရှိသည်တို့မှာ ပိုမိုများပြားတာကြောင့်
- လူထူထပ်သော နေရာများ၊ အနီးအနားတွင် လူအများအပြားရှိသည့် နေရာများသို့ မသွားလာရန်၊
- လူအများနှင့် အနီးကပ် ပြောဆိုခြင်းများ၊ လူအများနှင့် နီးကပ်စွာ ရှိနေမည့် အခြေအနေများအား သတိထားရန်၊
- လေဝင်လေထွက် မကောင်းသော နေရာများ၊ အလုံပိတ် အခန်းကျဥ်းများတွင် လူအများနှင့် ကြာရှည်စွာ နေခြင်းများအား ရှောင်ရှားရန်တို့ပဲ ဖြစ်ပါတယ်။
- မိမိနေအိမ်မှာ နေမကောင်းသူ သို့မဟုတ် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိသူ ရှိပါက
- ထိုလူနာအတွက် သီးသန့်အခန်း သို့မဟုတ် သီးခြားနေရာတစ်ခု ပြင်ဆင်ပေးပြီး အခြားသူများနှင့် ခွဲထားပါ။
- ထိုအခန်းကို လေဝင်လေထွက်ကောင်းအောင် ထားပါ။
- ခွဲနေရန် အဆင်မပြေပါက Medical mask ကို နှစ်ဖက်လုံး အမြဲတပ်ဆင်ထားပါ။
- လူနာအတွက် အသုံးအဆောင်များကို သီးသန့်ထားရှိပါ။
- လူနာ ထိတွေ့ကိုင်တွယ်ထားသော မျက်နှာပြင်များ၊ အရာဝတ္ထုများကို သန့်ရှင်းရေး ပြုလုပ်ပါ။ ပိုးသတ်ပါ။
အခြေခံအကျဆုံး တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်များအား မမေ့ပါနဲ့
- အပြင်မှ ပြန်လာပြီးတိုင်း၊ နေမကောင်းတဲ့သူတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ရေ၊ သို့မဟုတ် အနည်းဆုံး Alcohol 60 % ပါဝင်တဲ့ လက်သန့်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့်၂၀ကြာ သန့်စင်ပါ။ မှန်ကန်တဲ့ လက်ဆေးနည်းကတော့ –
- ဖဝါး၊ ဖမိုး၊ လက်ဆစ်ချိုး၊ လက်ကြားလက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ ဆိုတဲ့အတိုင်း နည်းစနစ်မှန်ကန်စွာ လက်ဆေးပါ။
- လက်တွေဟာ ပိုးတွေနဲ့ ကပ်နေနိုင်တဲ့အတွက် မသန့်ရှင်းတဲ့လက်တွေနဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိပါစေနဲ့။
- နှာစေးချောင်းဆိုးတိုင်း မိမိနှာခေါင်းနဲ့ ပါးစပ်တို့ကို တစ်ရှုး သို့မဟုတ် တံတောင်ဆစ်ဖြင့် အုပ်ပါ။ အသုံးပြုပြီးသော တစ်ရှုးများကိုလည်း အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။
- နေ့စဥ် အထိအတွေ့များ၊ အသုံးများသော နေရာများ၊ ပရိဘောဂများ၊ မျက်နှာပြင်များကို အမြဲသန့်ရှင်း ပိုးသတ်ပေးပါ။
ကိုယ်ခံအားစနစ်ကောင်းအောင် နေထိုင်ခြင်း
ကိုရိုနာရောဂါပိုးဟာ ဗိုင်းရပ်စ်ပိုး ဖြစ်တဲ့အတွက် မိမိခန္ဓာကိုယ်ရှိ ခုခံအားစနစ်နဲ့သာ အဓိကတိုက်ရတဲ့ ရောဂါပိုးအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကောင်းအောင် –
- ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ အာဟာရမျှတအောင် စားသောက်ခြင်း၊
- ရေကို လုံလောက်စွာ သောက်သုံးပေးခြင်း၊
- အိပ်ရေးဝအောင် အိပ်စက်ခြင်း၊
- ကိုယ်လက်လှုပ်ရှား အားကစားများ တစ်နိုင်တစ်ပိုင် ပြုလုပ်ပေးခြင်း၊
- စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း၊ Yoga ကစားခြင်း၊
- စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံး လျှော့ချထားခြင်း
- မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်တို့အား လျှော့ချ၊ ရှောင်ကြဥ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
အာဟာရပြည့်ဝစွာ မစားနိုင်သူများအဖို့ အားဆေးနဲ့ ဖြည့်စွက်စာများ တိုက်ကျွေးလိုလျှင် နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့သာ တိုင်ပင်ပြီးမှ တိုက်ကျွေးသင့်ပါတယ်။
အချုပ်အားဖြင့် Covid-19 ရောဂါ ကာကွယ်ရေးမှာ အထိရောက်ဆုံး လက်နက် ၂ ခုဖြစ်တဲ့ အများပြည်သူများ စည်းကမ်းလိုက်နာခြင်းနဲ့ သန့်ရှင်းရေးအလေ့အကျင့်ကောင်းတွေကို လက်ကိုင်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံး Covid-19 ရောဂါဆိုးကို တက်ညီလက်ညီ တိုက်ထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့်…..
Author: Dr. Aye Chan Moe