DHA (Docosahexaenoic acid) ခေါ် Omega 3 Fatty Acids ဟာ လူ့ ဦးနှောက်၊ မျက်စိနဲ့ အရေပြားတွေ ဖွဲ့စည်းတည်ဆောက်ရာမှာ အခြေခံကျတဲ့ အဆီဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Omega3 သို့မဟုတ် DHA ဟာ ပင်လယ်စာ ဖြစ်တဲ့ ငါးအမျိုးမျိုး၊ ပုစွန်၊ ရေညှိ စတာတွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လူတစ်ဦးကျန်းမာဖို့ရာ DHA ကို တစ်နေ့ 250mgကနေ 500mgထိ လိုအပ်တယ်လို့ ဆိုထားပါတယ်။ နှလုံးကျန်းမာရေး၊ ဦးနှောက် အာရုံကြော ပိုင်းဆိုင်ရာလုပ်ငန်းများကို ကောင်းမွန်စေခြင်း၊ မွေးကင်းစကလေးငယ်တွေရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက် အရေးပါခြင်းတွေဟာ DHA ရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်အရ DHA သောက်သုံးမိလို့ ဖြစ်လာရတဲ့ ဆိုးကျိုးဆိုတာ ရှာမတွေ့သေးပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေမှာဆိုရင်လည်း DHA လုံလုံလောက်လောက် ရရှိထားတဲ့ သန္ဓေသားဟာ မွေးဖွားလာတဲ့အခါ အခြား ကလေးငယ်များထက်စာရင် ပိုပြီး ထက်မြက်တဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့အာဟာရတွေထဲမှာ DHA ဟာ အရေးအကြီးဆုံးအနေနဲ့ ပါဝင်နေပါတယ်။
အထူးသဖြင့် ဗိုက်ထဲက ရင်သွေးရဲ့ ဦးနှောက် အာရုံကြော အဖွဲ့အစည်းတွေနဲ့ အမြင်အာရုံတို့ အဖွံ့ဖြိုးဆုံးချိန်ဖြစ်နေတဲ့ ကိုယ်ဝန် ၇ လ နဲ့ နောက်ပိုင်း ( Third Trimester )မှာ DHA ကို ပိုမို လိုအပ်ပါတယ်။
တိတိကျကျ ပြောရမယ်ဆိုရင် –
သန္ဓေသားရဲ့ ဦးနှောက်ဟာ သန္ဓေစတည်ပြီး ရက်သတ္တပတ် ၅ပတ်မြောက်ကနေ စတင် ဖွံ့ဖြိုးပါတယ်။ ဒီလိုအချိန်ကတည်းကစပြီး DHA ဟာ –
- တွေးခေါ်နိုင်စွမ်း၊ မှတ်သားနိုင်စွမ်း နဲ့ ခံစားချက်အပိုင်းကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ကြီး ပိုင်း (Cerebrum)
- ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ ထိန်းချုပ်ပေးတဲ့ ဦးနှောက်ငယ်အပိုင်း(Cerebellum)
- လူသားတစ်ဦး အသက်ရှင်သန်ရန် အဓိကလိုအပ်တဲ့ နှလုံးသွေးကြောစနစ်၊ အသက်ရှူစနစ်တွေကို ထိန်းချုပ်ပေးနိုင်တဲ့ ပင်မနေရာဖြစ်တဲ့ Brain Stem
စတဲ့ ဦးနှောက် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းရဲ့ ဖွံ့ဖြိုးမှုမှာ အဓိကပါဝင်ပါတယ်။
ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးပါသလို အမြင်အာရုံကောင်းမွန်မှုအတွက်လည်း အရေးကြီးပါသေးတယ်။ Retina လို့ ခေါ်တဲ့ အမြင်အာရုံအတွက်လိုအပ်တဲ့ မျက်စိနောက်ဘက်ခြမ်းက အစိတ်အပိုင်း ကောင်းမွန်စွာဖွံ့ဖြိုးဖို့ရာမှာလည်း DHA က အဓိက ပါဝင် နေပြန်ပါတယ်။
သန္ဓေသားဟာ သူ့ရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် တစ်နေ့ကို DHA 70mg လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းမှရတဲ့ DHA ကိုသာ သန္ဓေသားက အသုံးချနိုင်တာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ DHA ကို အနည်းဆုံး 70mg အထက်ရအောင် စားသုံးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ လုံလောက်တဲ့ DHA ပမာဏ မရခဲ့ရင် မွေးလာမယ့်ကလေးမှာ သင်ယူရန် ခက်ခဲခြင်း၊ ရန်လိုတတ်ခြင်း၊ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းသည့် ရောဂါနှင့် အခြားသူများနဲ့ ဆက်ဆံရေးပိုင်းဆိုင်ရာမှာ အားနည်းခြင်း စတဲ့ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ DHA ကို လုံလောက်အောင် ရရှိအောင် DHA ကြွယ်ဝတဲ့ အစားအသောက်တွေကို ကိုယ်ဝန် စဆောင်ချိန်ကစပြီး စားသုံးနေထိုင်သင့်ပါတယ်။
Author: Dr. Aye Myat