သူငယ်ပြန်ရောဂါသည် ဦးနှောက်ဆဲလ်များ ယိုယွင်းလာခြင်းကြောင့်ဖြစ်ပါသည်။ သူငယ်ပြန်ရောဂါရှိသူသည် မှတ်ဉာဏ်နှင့် သင်ယူမှုကို ထိခိုက်စေပါသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် ခက်ခဲလာပါသည်။ နောက်ဆုံးတွင် သူငယ်ပြန်ရောဂါရှိသူသည် မိမိကိုယ်ကိုမစောင့်ရှောက်နိုင်ဘဲ ဖြစ်တတ်ပါသည်။
ရောဂါဖြစ်စေသော အကြောင်းအရင်း
သူငယ်ပြန်ရောဂါသည် လေဖြတ်ခြင်း၊ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်းနှင့် ဦးနှောက်ဒဏ်ရာဖြစ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။
ရောဂါလက္ခဏာများ
သူငယ်ပြန်ရောဂါဖြစ်သူတိုင်းတွင် အောက်ပါလက္ခဏာများအားလုံး မရှိနိုင်ပါ။
ပင်ကိုစရိုက်ပြောင်းသွားခြင်း
သူငယ်ပြန်ရောဂါရှိသူများသည် ဒေါသဖြစ်လွယ်တတ်ပါသည်။ အခြားသူများကို မယုံသင်္ကာ ဖြစ်တတ်ပါသည်။
စိတ်မတည်မငြိမ်ဖြစ်ခြင်း
သူငယ်ပြန်ရောဂါရှိသူများသည် စိတ်လှုပ်ရှားမှု မြန်လွယ်တတ်ပါသည်။ မိနစ်အနည်းငယ် အတွင်း၌ ဒေါသထွက်ခြင်း ဖြစ်ပေါ်တတ်ပါသည်။ အေးအေးဆေးဆေးနေရာမှ ရုတ်တရက် မျက်ရည်ကျလာတတ်ပါသည်။
ပစ္စည်းများ မှားယွင်းစွာထားတတ်ခြင်း (Misplacing Things)
သူငယ်ပြန်ရောဂါရှိသူများသည် အိမ် (သို့) ကျောင်းဆင်းတွင် ပစ္စည်းများကို မှားယွင်းစွာ ထားတတ်ကြပါသည်။ လက်စွပ်၊ လက်ကောက်များကို ဆားပုလင်းထဲတွင် ထားခြင်း၊ အဝတ်အစားများကို ရေခဲသေတ္တာထဲတွင် ထိုးထည့်ထားခြင်းများ ပြုလုပ်တတ်ပါသည်။
သမားရိုးကျလုပ်နေကျ အလုပ်များလုပ်ရန် ခက်ခဲခြင်း
မျက်နှာသစ်ရမည်ကို မေ့နေတတ်ခြင်း၊ နေ့စဉ်ဘုရားရှိခိုးခြင်းတို့ကို သတိမရခြင်းနှင့် ထမင်းချက်ရမည်ကို မေ့နေတတ်ခြင်းတို့ ဖြစ်တတ်ပါသည်။
နေရာနှင့် အချိန်ဝေခွဲမရဖြစ်ခြင်း
သူငယ်ပြန်ရောဂါဖြစ်ပါက မိမိအိမ် (သို့) ရုံးကို မေ့နေခြင်း၊ မနက်၊ နေ့ နှင့် ည ကို မခွဲခြားနိုင်ခြင်းများ ဖြစ်တတ်ပါသည်။
မိမိသဘောအလျောက် မည်သည့်အရာမှ မပြုလုပ်ခြင်း
သူငယ်ပြန်ရောဂါရှိသူသည် မိမိသဘောအလျောက် မည်သည့်အရာမှ မပြုလုပ်ဘဲ အခြားသူတစ်ယောက်ခိုင်းမှသာ ပြုလုပ်တတ်ပါသည်။
ဝေဖန်ပိုင်းခြားနိုင်စွမ်းရည် လျော့နည်းလာခြင်း
လျှပ်စစ်မီးဖိုကြီး (သို့) ဂတ်စ်မီးဖိုကို ဘာမှမချက်ဘဲ ဖွင့်ထားခြင်း၊ ကလေးငယ်အား အိမ်ထဲတွင် တစ်ဦးတည်းတံခါးပိတ်ကာ အခြားအိမ်သို့ တစ်နေကုန်သွားလည်ခြင်းတို့ ပြုလုပ်တတ်ပါသည်။
လတ်တလောဖြစ်ရပ်များကို မေ့ခြင်း
သူငယ်ပြန်ရောဂါရှိသူများသည် လတ်တလောဖြစ်ရပ်များကို မေ့တတ်ကြပါသည်။ ထမင်းစားပြီးသော်လည်း မစားရသေးဟု ထင်မှတ်တတ်ပါသည်။ ယခုလက်ငင်း ပြောပြီးသော စကားများကိုလည်း မေ့တတ်ပါသည်။
စကားပြောရာတွင် ပြဿနာများ ဖြစ်လာခြင်း
နေ့စဉ်သုံးနေကျ စကားလုံးများ မေ့တတ်လာပြီး၊ စကားမှားများ ပြောခြင်း၊ တစ်ဖက်သားအား နားလည်ရန် ခက်ခဲသော စကားကို ပြောမိခြင်းများ ဖြစ်တတ်ပါသည်။
ကုသခြင်းနှင့် အကြံပြုချက်
သူငယ်ပြန်ရောဂါရှိပါက မပေါ့ဆသင့်ပါ။ ဦးနှောက် နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီးများနှင့် ပြသတိုင်ပင် ဆွေးနွေးကုသသင့်ပါသည်။
Author : ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)Healthcare Journal,