ရင်သားမှာ အကျိတ်တွေ့တိုင်း ကင်ဆာလို့ထင်နေပါသလား
ရင်သားအကျိတ်ဆို လူတိုင်း ကြောက်တတ်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အပျိုပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ်ပါ ရင်သားမှာ အကျိတ်တစ်ခု စမ်းမိတာနဲ့ ငါတော့ ကင်ဆာ ဖြစ်ပြီလား ဆိုတဲ့စိတ် ဖြစ်တတ်ကြတယ်။
ရင်သားအကျိတ် ဆိုတိုင်း ကင်ဆာ မဟုတ်ပါဘူး။ အကျိတ် သေချာလားလည်း လိုတယ်။ ရင်သားကို စမ်းတဲ့အခါ လက်ချောင်းလေးတွေနဲ့ပဲ အပေါ်ကနေ အသာစမ်းပါ။ လက်ချောင်းတွေ ကြားထဲ ဆုပ်ကိုင်တာ၊ ညှစ်ကိုင်တာ မလုပ်ပါနဲ့။ ရင်သားတစ်ရှူးတွေနဲ့ အလုံးနဲ့ မှားပြောနိုင်လို့ပါ။
ရင်သားအကျိတ်ကို စမ်းမိတဲ့အခါ အကျိတ်က တစ်လုံးတည်းလား၊ ပျော့လား၊ မာလား၊ နာနေလား၊ လှုပ်လို့ရလား ကို ကြည့်ပါ။ ရင်သား နောက်တစ်ဖက်လည်း စမ်းကြည့်ပါ။ ချိုင်းတွေကိုလည်း အကျိတ်ရှိ၊ မရှိ စမ်းကြည့်ပါ။ ရင်သားနှစ်ဖက်ညီ မညီ၊ နို့သီးခေါင်း အထဲဝင်တာတွေ ရှိ မရှိ လည်း ကြည့်ပါ။
အကျိတ်တစ်ခုကို စပြီး သတိထားမိတဲ့အခါ အဲဒီ အကျိတ်က နီနေတာ၊ ယောင်နေတာ ရှိ မရှိ ကြည့်ပါ။ အဲဒီလိုဆိုရင် အနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ရင်သားအကျိတ်က တစ်ခုထဲ၊ တစ်လုံးထဲ၊ သေးလဲသေးတယ်၊ ပြေးလည်း ပြေးနေတယ်၊ လှုပ်လို့ ရတယ်၊ မနာဘူး ဆိုရင် ခဏစောင့်ပြီး စောင့်ကြည့်လို့ ရပါတယ်။ အဲဒီ အကျိတ် ကြီးလာတာ ရှိ မရှိ ကို စောင့်ကြည့်ပါ။ ဒါပေမယ့် လက်နဲ့ ခဏခဏ မစမ်းပါနဲ့၊ ဘာဆေးမှလည်း မလိမ်းပါနဲ့၊ လက်နဲ့ ခဏခဏ ကိုင်တဲ့အခါ နာသလိုလို ဖြစ်တယ်၊ လက်ပူမိတယ်၊ ကြီးလာတတ်တယ်၊ ဆေးတစ်ခုခု လိမ်းတဲ့အခါ အပေါ်အရေပြားနဲ့ ကပ်ပြီး အနာတွေ ဖြစ်လာတတ်ပါတယ်။
ဒီရင်သားအကျိတ်က ဘာဒုက္ခမှ မပေးရင် တစ်သက်လုံး ဒီတိုင်းထားလို့ ရပါတယ်။ ကြီးလာတယ် ဆိုရင်တော့ ဆေးခန်း ပြန်ပြရမှာပါ။ လိုအပ်ရင်တော့ ခွဲထုတ်ရပါမယ်။
နောက်ထပ် အကျိတ်တစ်မျိုးကတော့ အကျိတ်တစ်လုံးထဲ ဒါပေမယ့် စမ်းကြည့်တဲ့အခါ ပျော့နေတတ်တယ်၊ အထဲမှာ အရည်တစ်ခုခု ပါသလိုမျိုးပါ။ ဒီအကျိတ်မျိုးဆိုရင် အထဲကဘာလဲ ဆိုတာ အရည်လား ဆိုတာ သေချာဖို့ ရင်သား အာထရာဆောင်း ရိုက်ရတာမျိုး ရှိပါတယ်။ တချို့လည်း အရည်ကို အပ်နဲ့ စုတ်ထုတ်ကြတယ်။ အရည်က ပုံမှန် အရည်ကြည်ဆိုရင်တော့ ကိစ္စမရှိတတ်ပေမယ့် ပြည်တို့၊ သွေးတို့ ဆိုရင်တော့ ဆက်ပြီး စစ်ဆေးဖို့ လိုပါတယ်။
ဒီလို အကျိတ်မျိုးကတော့ ခွဲတာလည်း ရှိတယ်၊ အပ်နဲ့ စုပ်ထုတ်တာလည်း ရှိပါတယ်။ အပ်နဲ့ စုပ်တာတွေက အရည် ပြန်စုတတ်တာကိုတော့ မမေ့သင့်ပါဘူး။
နောက်ထပ် အကျိတ်မျိုးကတော့ အကျိတ်လေးတွေ စုနေတာမျိုးပါ။ ရင်သားနဲ့ အပြင်ဘေးဘက်မှာ ပိုတွေ့ရတတ်တယ်။ ကိုင်လိုက်ရင် အစိလေးတွေ အများကြီး စမ်းမိတတ်တယ်။ ဒီအကျိတ်မျိုးတွေက နာတတ်တယ်။ အမျိုးသမီးတွေ ရာသီပေါ်ခါနီး အချိန်တွေမှာ ပေါ်လာတတ်တယ်၊ နာတတ်တယ်၊ ရာသီပြီးရင် ပြန်ပျောက်သွားတတ်တာလည်း ရှိတယ်။ ဒီလို အကျိတ် မျိုးကတော့ ခွဲစရာ မလိုပါဘူး။ ဒီအတိုင်း ထားလည်း ရတယ်။ တချို့လည်း Vitamin E သောက်ကြတယ်။
အရေးကြီးဆုံးကတော့ ကင်ဆာအကျိတ်ပါ။ ကင်ဆာအကျိတ်က စဖြစ်ခါစမှာ သတိထားမိရင်တော့ အကျိတ်သေးသေးပါပဲ၊ မာတယ်၊ မနာဘူး၊ အစပိုင်းမှာ ကောင်းကောင်းလှုပ်လို့ ရနိုင်တယ်။ ဒါပေမယ့် အချိန်တိုအတွင်း ကြီးလာနိုင်ပါတယ်၊ ပိုလည်းမာမယ်၊ နာတာတော့ မရှိတတ်ဘူး။ နောက်ပိုင်းမှာ အကျိတ်ကို လှုပ်ကြည့်ရင် ကောင်းကောင်းလှုပ်လို့ မရတတ်ဘူး။ အကျိတ် အပေါ်က အရေပြားကိုလည်း လာကပ်နေတော့ အပေါ်အရေပြားကိုလည်း ဆွဲကြည့်လို့ မရတတ်ဘူး။
အချိန်တိုအတွင်း ရင်သားနှစ်ဖက် မညီတာမျိုး၊ နို့သီးခေါင်းတွေ ချိုင့်ဝင်တာမျိုး၊ ရင်သားရဲ့ အရေပြားဟာ လိမ္မော်ခွံ လိုမျိုး ဖြစ်လာတတ်ပါတယ်။ ချိုင်းတွေ စမ်းကြည့်တဲ့အခါလည်း အကျိတ်တွေ ရှိနေတတ်ပါတယ်။
ရင်သားကင်ဆာ လူနာတွေက အစားအသောက်ပျက်တာ၊ တဖြေးဖြေး ပိန်လာတာ၊ ရက်ရှည်ဖျားတာမျိုး မဖြစ်တတ်ကြဘူး။ ပကတိ အကောင်းအတိုင်းပဲ ရှိတတ်တယ်။ အကျိတ်ကို ဖြစ်စမှာ မစမ်းမိတဲ့ သူမျိုးဆိုရင် အကျိတ်ကြီးကြီးလာမှ သတိထားမိတတ်တယ်။
ရင်သားကင်ဆာက ဆေးကုလို့ ရပါတယ်၊ စောစောသိရင် ပိုကောင်းပါတယ်။ ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း၊ ဆေးသွင်းခြင်း၊ ဆေးသောက်ခြင်း တွေကို လိုအပ်သလို လုပ်ရပါတယ်။
ဒါကြောင့် အမျိုးသမီးတိုင်းဟာ မိမိတို့ရဲ့ ရင်သားကို နှစ်ပတ်တစ်ခါလောက်တော့ ရေချိုးရင်း စမ်းသပ်ပေးဖို့ လိုပါတယ်။ အကျိတ် တစ်ခုခုများ တွေ့ခဲ့သည် ရှိရင် အရင်ဆုံးတော့ နီးစပ်ရာ ဆေးခန်းမှာပြပြီး စမ်းသပ်မှု ခံယူပါ။ GP ဆရာဝန်ကနေ တစ်ဆင့် လိုအပ်လာခဲ့ရင် ခွဲစိတ်ဆရာဝန်တွေဆီကို လွှဲပေးမှာပါ။
Dr. CST