အမျိုးသမီးများရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ ရွေးချယ်ရရှိနိုင်တဲ့ စိတ်လှုပ်ရှားဖွယ် ဘဝအပြောင်းအလဲဖြစ်ရပ်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ဖြတ်သန်းတဲ့အချိန်ပဲ ဖြစ်ပါတယ်။ မိမိရင်သွေးလေးကို စတင်ဝမ်းနဲ့လွယ်တဲ့အချိန်မှ မွေးဖွားပြီးချိန်ထိ ကိုယ်ဝန်ဆောင်မိခင်ဘဝဟာ အံ့ဩဖွယ်အချိန်ကာလလေးပဲ ဖြစ်ပါတယ်။ ဒီလိုကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ ကျန်းမာအောင်နေထိုင်ဖို့ဟာ မိခင်ရောကလေးအတွက်ပါ အလွန်အရေးကြီးပါတယ်။
ကိုယ်ဝန်အစောပိုင်းလတွေဟာ ကလေးရဲ့ နှလုံး၊ ဦးနှောက်စတဲ့ အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းများ စတင်ဖွံဖြိုးတဲ့အချိန်ပဲဖြစ်ပါတယ်။ ထို့ကြောင့်ကိုယ်ဝန်ရှိမှန်း စသိသည့်အချိန်မှစ၍ သားဖွားမီးယပ်၊ ဆရာဝန်၊ ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန်ကိုစောစော အပ်သင့်ပါတယ်။ လိုအပ်သောကျန်းမာရေး စစ်ဆေးမှု၊ သွေးနှင့်ရောဂါစစ်ဆေးမှု၊ မေးခိုင်ကာကွယ်ဆေး စသည့်လိုအပ်သော စမ်းသပ်စစ်ဆေးမှုများအတွက် ကိုယ်ဝန်ဆောင် ကျန်းမာရေးစစ်ဆေးမှုများကို လုပ်ဆောင်သင့်ပါတယ်။
ထိုသို့လုပ်ဆောင်ရာတွင် မိမိမီးဖွားလိုသည့် နေရာ၊ ဆေးရုံ၊ ပညာရှင်များကို မကြာခဏပြောင်းခြင်းမပြုပဲ သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။ သို့မှသာ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် လိုအပ်သောအရာများ၊ မိခင်နှင့်ကလေး ကျန်းမာရေးကို အဆက်မပြတ် စောင့်ရှောက်မှုပေးနိုင်မှာ ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်ရန် ကြိုးစားစဉ်ကာလမှစ သောက်သုံးသင့်သည့် ဖောလစ်အက်ဆစ်အားဆေးကို ကိုယ်ဝန်ဆောင်ကာလတွင်လည်း ပုံမှန်ဆက်သောက်ရန် လိုအပ်ပါသည်။ ဖောလစ်အက်ဆစ်သည် သန္ဓေသား၏ ဦးနှောက်အာရုံကြောဖွံဖြိုးမှုအတွက် အရေးပါသည်။ ဖောလစ်အက်ဆစ်နှင့် တခြားကိုယ်ဝန်ဆောင် အားဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်ပါသည်။ မိမိ၏မူလရောဂါအခံနှင့် သောက်သုံးနေကျ ဆေးများကိုလည်း ဆရာဝန်ကိုအသိပေး ပြောပြထားရန်လိုအပ်ပါသည်။
အစားအသောက်စားရာတွင်လည်း အစာအာဟာရအုပ်စုအားလုံး မျှတပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများ၊ သံဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ ဖောလစ်အက်ဆစ်နှင့် အခြားဗီတာမင် သက်စောင့်ဓာတ်များ လုံလောက်အောင် စားပေးရမည်။ အသင့်စားအစာများ၊ တာရှည်ခံအောင် ပြုလုပ်ထားသော အစာများကို မစားသင့်ပါ။ အစားအစာကို နည်းနည်းနှင့် မကြာခဏစားပေးသင့်သည်။ ရေဓာတ်လုံလောက်ပြည့်ဝအောင် တစ်နေ့လျှင် ရေအနည်းဆုံး တစ်လီတာခွဲ သောက်ပေးရမည်။
Hyperemesis Gravidarum ကဲ့သို့ ကိုယ်ဝန်ဆောင်အစောကာလ ပျို့အန်ခြင်းပြဿနာကြုံ၍ အစာမဝင်လျှင် ဆရာဝန်နှင့်တိုင်ပင် ကုသမှုခံယူသင့်သည်။ သွားကျန်းမာရေးအတွက် ပုံမှန်သွားစစ်ဆေးခြင်းကိုလည်း ပြုလုပ်သင့်ပါသည်။ ကိုယ်ဝန်ဆောင်တစ်ဦးသည် ကောင်းမွန်စွာအနားယူရန်လိုအပ်ပါသည်။ အိပ်ချိန်ပြည့်ပြည့်ဝဝထား၍ အနားယူသင့်ပါသည်။
ဆေးလိပ်၊အရက်၊ မူးယစ်ဆေးဝါးများ၊ အိပ်ဆေးနှင့် ဆရာဝန်ညွှန်ကြားချက် မပါသောအခြားဆေးဝါးများ သောက်သုံးခြင်းကို ရှောင်ကျဉ်ရပါမည်။ ကာဖင်းဓာတ်ပါသော ကော်ဖီ၊လက်ဖက်ရည်၊ အားဖြည့်အချိုရည်များကို ပမာဏအလွန်အကြွံ သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။
ခရီးသွားခြင်း၊ မော်တော်ယာဉ် စီးနင်းလိုက်ပါချိန်များတွင် အန္တရာယ်ကင်းစေရန် ထိုင်ခုံခါးပတ်ပတ်ထားရမည်။ လမ်းလျှောက်ခြင်း၊ ကိုယ်ဝန်ဆောင်ယောဂကဲ့သို့ မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်လုပ်သင့်ပါသည်။ ကိုယ်အလေးချိန်ကို ပုံမှန်စစ်ဆေးပေးပြီး လိုအပ်ပါက ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှုခံယူစဉ် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ အရေးပေါ်ကြုံတွေ့နိုင်သည့် အခြေအနေများအတွက် Emergency Contact ဆက်သွယ်ရမည့် ဖုန်းကိုအလွယ်တကူထားထားသင့်ပါသည်။
အထက်ပါအချက်များအပြင် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရင်းနှီးသူများ၊ မိသားစုများကို ရင်ဖွင့်တိုင်ပင်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းအောင် Breathing Exercise အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ ကြွက်သားများဖြေလျော့ အနားယူခြင်းကဲ့သို့ Relaxation Technique နည်းလမ်းများကို လုပ်ဆောင်ပေးသင့်ပါတယ်။ အခုလိုကပ်ရောဂါကူးစက်နိုင်တဲ့ကာလမှာ မလိုအပ်ဘဲ အပြင်မထွက်ခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွါခွါနေထိုင်ပြီး Social Distancingလိုက်နာခြင်းတို့ ပြုလုပ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာသောကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဒီဆောင်းပါးလေးနဲ့ အသိပေးမျှဝေလိုက်းပါတယ်ရှင့်။