ကိုယ်ဝန်ဆောင်ကာလဟာ မိခင်တို့အားလုံးအတွက် စိတ်ကျန်းမာရေးရောကိုယ်ကျန်းမာရေးပါ အထူးဂရုစိုက်ရမယ့် အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲမှာ မိမိရဲ့ကိုယ်ပွားလူသားကလေးလေးတစ်ယောက် ကြီးထွားလာနေတဲ့အခါ ကိုယ်အလေးချိန်တက်လာကြတာက သဘာဝဘဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်လာခြင်းက ဖွံ့ဖြိုးဆဲကလေးလေးကို အာဟာရပိုဖြစ်စေပြီး ကျန်းမာစွာကြီးထွားစေပါတယ်။ ဒါ့ပြင် မီးဖွားပြီးနောက် ကလေးကိုနို့တိုက်ဖို့ရာအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ သင့်တင့်သောနှုန်းနဲ့ ကိုယ်အလေးချိန်တက်လာခြင်းဟာ လိပ်ခေါင်းရောဂါ၊ အကြောပြတ်ခြင်း၊ ခါးနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာမကြေခြင်းနဲ့ ကိုယ်ဝန်ဆောင်စဉ်အသက်ရှုကျပ်ခြင်းစတဲ့ပြဿနာ ဖြစ်နိုင်ခြေတွေကို လျှော့နည်းစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်အလေးချိန်ဘယ်လောက်ထိတက်လာနိုင်လဲ
ကိုယ်ဝန်ဆောင်စဉ်တက်လာနိုင်တဲ့ ကိုယ်အလေးချိန်ဟာ ကိုယ်ဝန်မဆောင်မီမှာရှိတဲ့ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း(BMI) အပေါ် မူတည်ပါတယ်။ မိမိက BMI နည်းလေလေ ကိုယ်ဝန်ဆောင်စဥ် ကိုယ်အလေးချိန်ပိုတိုးသင့်လေပဲဖြစ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ ၁၁ ပေါင်ကနေ ပေါင် ၄၀ လောက်ထိတက်လာလေ့ရှိကြပါတယ်။
ဒါဆို နဂိုကတည်းကအရမ်းပိန်နေတဲ့သူတွေရော ကိုယ်ဝန်ဆောင်ရင်အဆင်ပြေပါ့မလားဆိုပြီး တွေးမိကြပါလိမ့်မယ်။ အဖြေကတော့ ရပါတယ်။ ကိုယ်ကဘယ်လောက်ပဲပိန်ပိန် ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရောမိခင်ရောအတွက် လုံလောက်တဲ့အစာအာဟာရတွေ ပြည့်ပြည့်ဝဝစားသုံးမယ်၊ ကိုယ်အလေးချိန်လည်းတက်သင့်သလောက်တက်လာမယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ဆရာဝန်နဲ့သေချာဆွေးနွေးပြီး ဘယ်လိုအစားအစာမျိုးတွေကို ဦးစားပေးစားသုံးသင့်တယ်ဆိုတာ တိုင်ပင်ဆွေးနွေးထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန်ပိုကျသွားတာ ဘာကြောင့်လဲ
ကိုယ်ဝန်ဆောင်ကာလအပိုင်းအခြားကို အကြမ်းအားဖြင့် ၃ လစီ ပိုင်းခြားထားပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်း၊ အလယ်ပိုင်းနဲ့ နှောင်းပိုင်းတို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလဝိတ်ကျတာဟာ အစောပိုင်းကာလမှာ အတွေ့များသလို ဆိုးဝါးလေ့မရှိဘဲ စိုးရိမ်စရာမလိုတဲ့ အကြာင်းအမျိုးမျိုးကြောင့်ဖြစ်လေ့ရှိကြပါတယ်။ ဖြစ်တတ်တဲ့အကြောင်းအရင်းတွေကတော့
(၁) ကိုယ်ဝန်ဆောင်ကာလမအီမသာဖြစ်ခြင်း (Morning Sickness)
ကိုယ်ဝန်ဆောင်ကာလပထမ၃လပတ်မှာ အမျိုးသမီး ၈၀ ရာခိုင်နှုန်းခန့်က Morning Sickness ကိုခံစားရလေ့ရှိပါတယ်။ကိုယ်ဝန်ဆောင်စဥ်ဟော်မုန်းအပြောင်းအလဲများခြင်းကြောင့် ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊
အစာစားချင်စိတ်လျော့နည်းခြင်း၊ အနံ့မခံနိုင်ခြင်းစတာတွေ ခံစားရလေ့ရှိပါတယ်။ အဲ့လိုတွေခံစားရတာကြောင့် အစာစားခက်ခဲနိုင်ပြီး ဝိတ်ကျလာတတ်ပါတယ်။
(၂) ကိုယ်ဝန်ဆောင်စဥ်အလွန်အမင်းပျို့အန်ခြင်း (Hyperemesis Gravidarum)
Morning sickness ထက်ပိုဆိုးတာလာပြီး အလွန်အမင်းပျို့အန်တာကို Hyperemesis Gravidarum လို့ ခေါ်ပါတယ်။ များသောအားဖြင့်စိုးရိမ်စရာမရှိပေမဲ့ အန်လိုက်လို့ ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ကို လုံလောက်အောင်မဖြစ်မနေပြန်လည်ဖြည့်တင်းပေးဖို့လိုပါတယ်။
(၃) နေထိုင်မှုပုံစံ ပြောင်းလဲကျင့်သုံးခြင်း
ကိုယ်ဝန်ရှိလာချိန်မှာ လေ့ကျင့်ခန်းပုံမှန်စလုပ်ခြင်း ဒါမှမဟုတ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေသာစားသုံးလို့ အနည်းငယ်ဝိတ်ကျလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အလွန်အမင်း Diet လုပ်ခြင်းမျိုးကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။
အထက်ပါ အချက်၃ချက်ကတော့ အစောပိုင်းကာလမှာဝိတ်ကျတတ်တဲ့ အကြောင်းအရင်းတွေဘဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ စိုးရိမ်စရာမလိုပါ။ ကင်ဆာ၊ Autoimmune ရောဂါများ၊ ဟော်မုန်းမညီမျှခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ၊ ပိုးဝင်ခြင်း၊ အာရုံကြောဆိုင်ရာရောဂါများ၊ စိတ်ရောဂါ ဝေဒနာများ၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတို့ကြောင့်လည်း ဝိတ်ကျနေတတ်ပါတယ်။
ဝိတ်ကျတာဟာ ဘယ်အချိန်တွေမှာစိုးရိမ်ရလဲ
ကိုယ်ဝန်ဆောင်ကာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်းတို့မှာပါ ကိုယ်အလေးချိန်ဆက်ပြီးကျနေသေးရင်စိုးရိမ်စရာကောင်းပါတယ်။ ဝိတ်ကျနေခြင်းဟာ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးခြင်း(ကိုယ်ဝန်၃၇ပတ်မတိုင်ခင်မွေးခြင်း) ၊ ပေါင်မပြည့်တဲ့ကလေးမွေးခြင်း စတာတွေအပြင် မိခင်မှာသွေးအားနည်းရောဂါ၊ အရိုးပွရောဂါတွေကြုံလာရနိုင်ပါတယ်။ လမစေ့ဘဲမွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ကိုယ်အလေးချိန်နည်းပါးတတ်ကြပြီး အသက်အရွယ်ရလာတဲ့အခါ နှလုံးရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါစတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။
ကိုယ်အလေးချိန်တက်လာအောင် ဘာတွေလုပ်သင့်သလဲ
ကိုယ်ဝန်ဆောင်ကာလ အလယ်ပိုင်းနဲ့နှောင်ပိုင်းတွေမှာ တစ်နေ့ကိုကယ်လိုရီပမာဏ ၃၅၀ကနေ ၄၅၀လောက်ထိ ရရှိဖို့လိုအပ်ပါတယ်။ အဲဒီလို ကယ်လိုရီများများရရှိစေဖို့ –
(၁) ကစီဓာတ်၊ အသားဓာတ်နဲ့အဆီဓာတ်တို့ကို မျှတအောင်စားသုံးပါ။ ကစီဓာတ်ကို အသီးအရွက်၊အသီးအနှံ၊ အစေ့အဆန်များမှလည်းကောင်း၊ အသားဓာတ်ကို အသား၊ ကြက်ဥ၊ တို့ဖူး၊ နို့နှင့်နို့ထွက်ပစ္စည်းတို့မှလည်းကောင်း ရရှိစေနိုင်ပါတယ်။
(၂) အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ တစ်နေ့အနည်းဆုံး ၅နပ်မှ ၆နပ်ခန့် နည်းနည်းစီစားပေးခြင်းက ပျို့အန်ခြင်းနဲ့ ရင်ပူခြင်းတို့ကိုလည်း သက်သက်စေနိုင်ပါတယ်။
(၃) ဖျော်ရည်တွေသောက်သုံးပါ။ အစာစားဖို့၊ မျိုချဖို့ရာ ခက်ခဲနေမယ်ဆိုရင် ကယ်လိုရီပါဝင်တဲ့ ဖျော်ရည်တွေသောက်သုံးပေးနိုင်ပါတယ်။ သစ်သီးဖျော်ရည်သောက်သုံးခြင်းအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ရရှိစေနိုင်ပါတယ်။
(၄) အာဟာရဖြစ်စေမယ့် အဆာပြေမုန့်လေးတွေစားပေးနိုင်ပါတယ်။ ဒိန်ချဥ်၊ ရေခဲမုန့်၊ ပေါင်မုန့်ထောပတ်သုတ် စတာတွေကနေ ကယ်လိုရီတွေရရှိစေပါတယ်။
(၅) ရေများများသောက်ပါ။ ရေကိုလုံလောက်အောင်သောက်ခြင်းဖြင့် ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၆) ဗီတာမင်နဲ့သတ္တုဓာတ်အားဆေးများသောက်သုံးပါ။ ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်တဲ့ သံဓာတ်၊ ဖောလစ်အက်စစ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ၊ DHA စတာတွေသောက်သုံးနိုင်ပါတယ်။ ဒီဓာတ်တွေဟာ သင့်ကလေး ကျန်းမာကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက တချို့ဗီတာမင်တွေကို အလွန်အကျွံသောက်သုံးရင် ကလေးကိုထိခိုက်စေနိုင်ပါတယ်။ ဥပမာ-ဗီတာမင်အေအလွန်အကျွံသောက်သုံးရင် မွေးရာပါချို့ယွင်းချက်ရှိတဲ့ကလေးလေးမွေးဖွားလာနိုင်ပါတယ်။
ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်နေစဥ်ကာလမှာ ကိုယ်အလေးချိန်ကျနေရင် အရမ်းကြီးစိတ်ပူမနေဘဲ အထက်ပါဖော်ပြထားတဲ့နည်းလမ်းတွေအပြင် သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကာ သေချာစွာလိုက်နာဆောင်ရွက်မယ်ဆိုရင် အချိန်တိုအတွင်းကိုယ်အလေးချိန်တက်လာနိုင်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ကလေးလေးတွေမွေးဖွားလာမှာပဲ ဖြစ်ပါတယ်။
Author: Dr. Aye Myat