နွေရာသီနေပူရင် ချွေးတွေထွက် အသားတွေညိုပြီး အဆီပြန်တာက စိတ်ညစ်ညူးစရာတစ်ခုဆိုရင် ဆောင်းရာသီမှာ အသားခြောက် အသားပက်တာကလည်း ဒုက္ခတစ်ခုပဲဖြစ်ပါသည်။ ရာသီဥတု အအေးဓာတ်များတာနှင့်အမျှ လူ့ခန္ဓာကိုယ်အရေပြားမှ အစိုဓာတ်ပမာဏလျော့ကျပြီး အသားအရည် ခြောက်သွေ့ခြင်း ဖြစ်လာပါသည်။ အသားအရည်ခြောက်သွေ့ခြင်း၏နောက်ဆက်တွဲအနေဖြင့် အရေပြားတင်းပြီး ယားယံခြင်း၊ အသားပက်အက်ကွဲခြင်း၊ အဖြူဖတ်များကွာခြင်း၊ သွေးထွက်ခြင်း၊ အရေပြားမှိုစွဲခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
ဆောင်းရာသီ၏ အအေးဓာတ်ကို တွန်းလှန်သည့်အနေဖြင့် အသုံးပြုလေ့ရှိသော အပူပေးစက်ဖွင့်ခြင်း၊ မီးလှုံခြင်းတို့သည် အရေပြား၍စိုထိုင်းမှုကို လျော့ကျစေပြီး ခြောက်သွေ့အက်ကွဲစေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်လေထု၏ အစိုဓာတ်ပမာဏကို ထိန်းညှိပေးနိုင်သည့် အစိုဓာတ်ထိန်းစက် Humidifier ကို အသုံးပြုပေးခြင်းဖြင့် အသားပက်တာ သက်သာစေနိုင်ပါသည်။ ဆောင်းတွင်းတွင် ရေနွေးဖြင့်ရေချိုးခြင်း၊ ရေနွေးစိမ်ခြင်းတို့ကို အချိန်ကြာမြင့်စွာ ပြုလုပ်ခြင်းသည် အရေပြားကိုခြောက်သွေ့စေ၍ ရေကိုခပ်မြန်မြန်ချိုးပြီး အစိုဓာတ်ရသောခရင်မ် လိမ်းပေးသင့်သည်။ ပုံမှန်ရေကူးတတ်သူများအနေဖြင့် ရေကူးကန်တွင်းရှိ ကလိုရင်းဓာတ်ကြောင့် အရေပြားခြောက်သွေ့နိုင်၍ ဆောင်းတွင်းရေကူးလျှင် အရေပြားကို ပိုဂရုစိုက်သင့်ပါသည်။
နေ့စဉ်အသုံးပြုသော ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် အဝတ်လျှော်ဆပ်ပြာမှုန့်များ၏ ပါဝင်ပစ္စည်းအချို့သည် အရေပြားအစိုဓာတ်ကို ပျက်စီးစေသည်။ ထို့ကြောင့် နေ့စဉ်အသုံးပြုသော ဆပ်ပြာများကို အသားအရည်ထိခိုက်မှုနည်းသော ခပ်ပျော့ပျော့အမျိုးအစား၊ သဘာဝပစ္စည်းဖြင့်ပြုလုပ်သော အော်ဂင်းနစ်ဆပ်ပြာအမျိုးအစား၊ ဓာတုလျှော့ဆပ်ပြာများကို အသုံးပြုပေးခြင်းဖြင့် အသားခြောက်အသားပက်တာ သက်သာစေနိုင်သည်။
အသားပက်တာ သက်သာစေဖို့ Moisturizer ကဲ့သို့ အရေပြား အစိုဓာတ်ထိန်းပစ္စည်း၊ အလှဆီ၊ အသားအရေအစိုဓာတ်ရစေသော ခရင်မ်များဖြစ်သည့် Body Butter၊ Body Lotion၊ သံလွင်ဆီကဲ့သို့ အဆီတစ်မျိုးမျိုးကို ရေချိုးပြီးတိုင်း ပုံမှန်လိမ်းပေးသင့်ပါတယ်။ ထို့ပြင် ဆောင်းတွင်း အအေးဓာတ်လျော့အောင် နေပူဆာလုံခြင်းသည် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားခြောက်သွေ့ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် နေရောင်ခြည်ဒဏ်ကာကွယ်သည့် အာနိသင် SPF ပါဝင်သော နေရောင်ကာလိမ်းဆေးကို လိမ်းပေးသင့်ပါသည်။
ရာသီဥတုအေးလျှင် ခန္ဓာကိုယ်မှ ချွေးထွက်နည်းပြီး ရေဓာတ်ဆုံးရှုံးမှုနည်းသဖြင့် ရေသောက်နည်းတတ်သည်။ ထို့ကြောင့် ဆောင်းရာသီတွင် မိမိခန္ဓာကိုယ်၏ ရေဓာတ်ပြည့်ဝမှုရှိစေရန် ရေများများသောက်သင့်ပါသည်။ ဆေးလိပ်၊ အရက်၊ ဘီယာနှင့် ကဖင်းဓာတ်ပါသော အဖျော်ယမကာများ သောက်ခြင်းသည် ရေဓာတ်ဆုံးရှုံးပြီး အသားပက်ခြင်းပိုဆိုးစေနိုင်လို့ ဆင်ခြင်သင့်ပါတယ်။
ထို့ပြင် ရာသီဥတုအေးသည့် ဆောင်းရာသီတွင် လူအများစုသည် အိမ်တွင်း၌သာ အနေများတတ်ကြသည်။ ဆောင်းရာသီတွင် အပြင်ထွက်ပြီး လမ်းလျှောက်ခြင်းကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်းဖြင့် သွေးလည်ပါတ်မှုကောင်းမွန်ပြီး ချွေးထွက်များကာ အသားရည်ခြောက်သွေ့ခြင်း သက်သာစေနိုင်ပါတယ်။
ယခင်ဆောင်းရာသီကာလများထက် ယခုကာလတွင် ကူးစက်ရောဂါကပ်ဆိုးကို သတိပြုဆင်ခြင်နေထိုင်ရသဖြင့် လက်ကိုဆပ်ပြာနှင့် မကြာခဏဆေးခြင်း၊ အရက်ပြန်ပါဝင်သော လက်ဆေးဆပ်ပြာရည်၊ လက်သန့်စင်ဆေးများ မကြာမကြာအသုံးပြုရခြင်းတို့ကြောင့် အရေပြားခြောက်သွေ့ အသားပပ်တာ ပိုဖြစ်နိုင်ပါတယ်။ ထို့ကြောင့် လက်ဆေးအခြောက်ခံပြီးတိုင်း အစိုဓါတ်ပေးသောခရင်မ် Hand Cream တစ်မျိုးမျိုးကို ပုံမှန်လိမ်းပေးသင့်ပါသည်။ ဆောင်းရာသီတွင် နှုတ်ခမ်းသားခြောက်သွေ့ပြီး အသားပက်အက်ကွဲခြင်းများအတွက် နှုတ်ခမ်းအစိုဓာတ်ပေးသော နှုတ်ခမ်းအဆီ Lip Balm, Lip Oil စသည်တို့ကို အသုံးပြုပေးခြင်းဖြင့် သက်သာစေနိုင်သည်။
အထက်ပါနည်းလမ်းများဖြင့် ဆောင်းရာသီတွင် အသားပက်တာသက်သာစေရန် လုပ်ဆောင်နိုင်ပြီး ထိုသို့လုပ်ဆောင်သော်လည်း အသားပက်ခြင်းမသက်သာဘဲ သွေးထွက်ခြင်း၊ အဖတ်အဖတ်များကွာခြင်း၊ အလွန်ယားယံခြင်း၊ ပိုးဝင်ယောင်ရမ်းခြင်းစသည်တို့ ကြုံတွေ့လာရလျှင် အရေပြားဆရာဝန်၊ အခြားတတ်ကျွမ်း နားလည်သောဆရာဝန်များနှင့် ပြသပြီးကုသမှုခံယူသင့်ပါသည်။