အရေပြား လျော့တွဲခြင်းဆိုသည်မှာ အရေပြားနှင့် ပတ်သက်သော ပြဿနာများစွာအနက် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ အများအားဖြင့် အသက်အရွယ်ကြီးရင့်သောအခါ အဆိုပါ အရေပြားလျော့တွဲခြင်း ပြဿနာမှာ ပိုမို ဖြစ်ပွားလေ့ရှိသော်လည်း အရွယ်မတိုင်ခင် အရေပြား လျော့တွဲခြင်း၊ အိုမင်းရင့်ရော်ခြင်းသည်လည်း လူပေါင်းများစွာကိုစိုးရိမ်သောက ဖြစ်စေသည့် ပြဿနာတစ်ရပ်ပင် ဖြစ်ပါသည်။
ဖြစ်ပွားသည့် အကြောင်းရင်းများ
အရေပြားလျော့တွဲခြင်းဖြစ်စဉ်ကို ပိုမို လျင်မြန်စွာဖြစ်ပွားစေသော အကြောင်းရင်း များစွာရှိပါသည်။ ၎င်းတို့အနက် အကြောင်းရင်းအချို့ကို ဝေမျှသွားပါမည်။
နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း
အရေပြားကို နေရောင်ခြည်နှင့် ထိတွေ့စေခြင်းသည် ဗီတာမင်ဒီ ကို ဖြစ်ပေါ်စေပါသည်။ သို့သော် အရေပြားနှင့် နေရောင်ခြည် အလွန်အကျွံတိုက်ရိုက် ထိတွေ့သည့်အခါတွင်မူ နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားစိုပြည် တင်းရင်းမှုကို အထောက်အကူပေးသည့် ကော်လာဂျင်၊ အလက်စတင် စသည့်ဓာတ်များကို ပျက်စီးစေကာ အရေပြားကို ထိခိုက်စေ၊ ပျက်စီးစေ၊ လျော့တွဲစေပါသည်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်မီးခိုးငွေ့တွင် အဆိပ်အတောက်ဖြစ်စေသော ဓါတုဒြပ်ပေါင်း ထောင်ချီပါဝင်ပါသည်။ အဆိုပါ ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်အတွင်းတွင် သွေးစီးဆင်းမှုအပါအဝင် အခြားလုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေပါသည်။ ဆေးလိပ်သောက်သောသူများ၏ ရုပ်ရည်သည် မိမိ၏ အသက်ထက်ပိုမို ရင့်နေတတ်သကဲ့သို့ အရွယ်မတိုင်မီ အရေပြား လျော့တွဲခြင်းလည်း ပိုမို ဖြစ်ပွားကြောင်း လေ့လာ တွေ့ရှိရပါသည်။
စိတ်ဖိစီးမှုများပြားခြင်း
စိတ်ဖိစီးမှုများပြားခြင်းသည် အရေပြားကျန်းမာရေးကိုသာမက ခန္ဓာကိုယ်တွင်ရှိသော အခြားစနစ်များစွာကိုပါ ထိခိုက်စေပါသည်။ စိတ်ဖိစီးမှုများပြားသည့်အခါ အရေပြားအောက်တွင်ရှိသော သွေးကြောများဆီသို့ သွေးစီးဆင်းမှု နည်းပါးသွားခြင်းကြောင့် အိုမင်းရင့်ရော်သည့်လက္ခဏာများကို ပိုမိုစောစီး လျင်မြန်စွာ ပေါ်ပေါက်လာစေပါသည်။ ထို့ပြင် စိတ်ဖိစီးသည့်အခါ ဖြစ်ပေါ်လာတတ်သည့် မကြာခဏ မျက်မှောင်ကြုတ်မိခြင်းကလည်း မျက်လုံးတစ်ဝိုက်ရှိ အရေပြားများကို ပိုမိုလျင်မြန်စွာလျော့တွဲစေနိုင်ပါသည်။
အိပ်ရေးမဝခြင်း
အိပ်စက်ခြင်းသည် ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ခန္ဓာကိုယ်တွင်ရှိသော အင်္ဂါများ၊ စနစ်များအတွက်လည်း များစွာ အရေးကြီးသကဲ့သို့ အရေပြားကျန်းမာရေးအတွက်လည်း လွန်စွာအရေးကြီးပါသည်။ ကောင်းမွန်၍ အရည်အသွေးပြည့်ဝသော အိပ်စက်ခြင်းကို မရရှိပါက မျက်လုံးတစ်ဝိုက်ရှိ အရေပြားများ လျင်မြန်စွာယိုယွင်းတတ်သကဲ့သို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုမှာလည်း ပိုမိုမြန်ဆန်ကြောင်း တွေ့ရှိရပါသည်။
သကြားဓာတ် လွန်ကဲစွာစားသုံးခြင်း
လေ့လာတွေ့ရှိမှုများအရ သကြားဓာတ်သည် အရေပြားတင်းရင်းခြင်းကို အထောက်အကူပြုသည့်ဓာတ်များကို လျင်မြန်စွာပျက်စီးစေကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် သကြားဓာတ်ကို လွန်ကဲစွာစားသုံးခြင်းကြောင့် ဆီးချိုရောဂါကို ဖြစ်ပေါ်စေနိုင်ပြီး ထိုမှတစ်ဆင့် အရေပြား ပြဿနာများစွာကိုလည်း ထပ်မံပေါ်ပေါက်စေနိုင်ပါသည်။ ထို့ကြောင့် သကြားစားသုံးခြင်းကို တတ်နိုင်သလောက် လျှော့ချခြင်းဖြင့် အရေပြားလျော့တွဲခြင်းကို ကာကွယ်နိုင်ပါသည်။
ကာကွယ်နိုင်သည့် နည်းလမ်းများ
အရေပြားလျော့တွဲခြင်းကို ကာကွယ်နိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ၎င်းတို့အနက် အောက်ပါတို့သည် အရေးပါသည့်နည်းလမ်းအချို့ ဖြစ်ပါသည်။
နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှုကို ကာကွယ်ပါ
အရေပြားနှင့် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားခြင်းအားဖြင့် အရေပြားလျော့တွဲခြင်းကို သက်သာစေနိုင်ပါသည်။ အထူးသဖြင့် ပူပြင်းသည့် အချိန်တွင် နေရောင်ထဲသို့ ထွက်သည့်အခါတိုင်း အဆောင်း၊ အကာများကို အသုံးပြုပေးသင့်ပါသည်။ ဖြစ်နိုင်ပါက နေရောင်ကာ လိမ်းဆေးများကိုပါ အရေပြားကို လိမ်းကျံသွားသင့်ပါသည်။ နေရောင်ကာ လိမ်းဆေးများသည် နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ရုံသာမက အရေပြားကင်ဆာကဲ့သို့ အရေပြားနှင့် ဆက်စပ်သည့် ရောဂါများဖြစ်ပွားခြင်းကိုလည်း များစွာ လျှော့ချပေးနိုင်ပါသည်။
ရေဓာတ်ဖြည့်တင်းပါ
ရေဓာတ်သည် အရေပြားနုပျိုခြင်းအတွက် မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါသည်။ ရေဓာတ်ပြည့်ဝနေသော အရေပြားသည် စိုပြည်ကြည်လင်နေတတ်ပြီး အရေပြားအိုမင်းရင့်ရော်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။ အရေပြား ရေဓာတ်ဖြည့်တင်းသည့် Moisturizer များကို အသုံးပြုနိုင်သကဲ့သို့ ရှားစောင်းလက်ပပ်၊ သခွားသီး စသောသဘာဝပစ္စည်းများကို အသုံးပြုခြင်းအားဖြင့်လည်း အရေပြားကို ရေဓာတ်ပြည့်ဝစေရုံသာမက အရေပြား၏ ရုန်းပြန်မှုများကိုလည်း တိုးတက်စေကာ အရေပြားလျော့တွဲခြင်းကို သက်သာစေနိုင်ပါသည်။ ရေကို တစ်နေ့လျှင် အနည်းဆုံး ၂ လီတာခန့် သောက်သုံးပေးခြင်းကလည်း အရေပြားကို ရေဓာတ်ပြည့်ဝစေရန် များစွာ အထောက်အကူပေးကြောင်းတွေ့ရှိရပါသည်။
မီးခိုးငွေ့များကို ရှောင်ပါ
ဆေးလိပ်သောက်ခြင်းသည် အိုမင်းရင့်ရော်သည့် လက္ခဏာများကို ပိုမိုလျင်မြန်စွာ ပေါ်ပေါက်စေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ လေ့လာတွေ့ရှိမှုများအရ ဆေးလိပ်ဖြတ်ပြီးနောက် မျက်နှာတွင် ရှိသော ဆဲလ်များဆီသို့ သွေးစီးဆင်းမှုပိုမို များပြားလာကာ အရေပြားကျန်းမာရေး ပိုမိုကောင်းမွန် လာကြောင်းတွေ့ရပါသည်။ ဆေးလိပ်ဖြတ်သည်ဟုဆိုရာတွင် ကိုယ်တိုင် သောက်သုံးသည်ကို ရပ်တန့်ရုံသာမက အခြားသူများသောက်သုံးသည့် ဆေးလိပ်မီးခိုးငွေ့များမှလည်း ရှောင်ရှားရန် လိုအပ်ပါသည်။ အခြားသူများ၏ ဆေးလိပ် မီးခိုးငွေ့များကို ရှူရှိုက်ခြင်းသည်လည်း မိမိကိုယ်တိုင် ဆေးလိပ်သောက်သကဲ့သို့ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မိမိကိုယ်တိုင်ဆေးလိပ်ဖြတ်ခြင်းဖြင့်လည်းကောင်း၊ အခြားသူများ၏ ဆေးလိပ်မီးခိုးများကို ရှောင်ရှားခြင်းဖြင့်လည်းကောင်း အရေပြားလျော့တွဲခြင်းကို ကာကွယ်နိုင်ပါသည်။
စိတ်ဖိစီးမှုများကို လျှော့ချပါ
စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်းအားဖြင့် အရွယ်မတိုင်မီ အရေပြားအိုမင်းရင့်ရော်ခြင်းကို များစွာကာကွယ်နိုင်ပါသည်။ တတ်နိုင်သလောက် စိတ်သောကများကို လျှော့ချခြင်း၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂ လေ့ကျင့်ခြင်း၊ အားကစားလေ့ကျင့်ခြင်းများကို ပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပါသည်။ ထို့ပြင် Eye Cream တစ်မျိုးမျိုးကို ပုံမှန်လိမ်းပေးခြင်းအားဖြင့်လည်း စိတ်ဖိစီးမှုကြောင့်၊ မျက်မှောင်ကြုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်သော မျက်လုံးတစ်ဝိုက်ရှိ အရေပြားလျော့တွဲခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။
အိပ်ရေးဝအောင် အိပ်စက်ပါ
လူတစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အနည်းဆုံး ၇ နာရီခန့် အိပ်စက် အနားယူသင့်ပါသည်။ အိပ်စက်သည့်အချိန်တွင်လည်း နှစ်ခြိုက်စွာ အိပ်စက်မှုရရှိရန် လိုအပ်ပါသည်။ အိပ်စက်သည့်အချိန်နှင့် နီးကပ်စွာ ကော်ဖီကဲ့သို့ စိတ်ကို လန်းဆန်းစေရန် လှုံ့ဆော်နိုင်သည့် အစားအစာများကို စားသုံးမိပါက ကောင်းမွန်သော အိပ်စက်ခြင်းကို ပြည့်ဝစွာ ရရှိနိုင်မည် မဟုတ်ပေ။ ထို့ပြင် အိပ်ခန်းအနေအထား၊ လေဝင်လေထွက်၊ အခန်းအပူချိန်တို့ကလည်း အိပ်စက်သည့် အရည်အသွေးကို အပြောင်းအလဲဖြစ်စေနိုင်ပါသည်။ အိပ်ခါနီးအချိန်တွင် ကွန်ပျူတာ၊ ဖုန်းစသည်တို့ကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းကလည်း အိပ်စက်ခြင်း အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။
ကျန်းမာစေသော နည်းလမ်းကောင်းများကို ဆောင်၍ အရေပြားလျော့တွဲခြင်းကို ကာကွယ်စေနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။