နေ့စဉ်စားသုံးသောအစားအစာများတွင် အာဟာရဓာတ် ၆ မျိုး ပါဝင်သင့်ပါသည်။ ထိုအာဟာရဓာတ် ၆ မျိုးအနက် ဗီတာမင်ဓာတ်သည် ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသော ဓာတုဗေဒဖြစ်စဉ်များ၊ ဇီဝကမ္မဖြစ်စဉ်များအတွက် အရေးကြီးသည့် ဓာတ်ကူပစ္စည်းအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
ဗီတာမင်ဓာတ်ကို အမျိုးအစားများစွာ ခွဲခြားနိုင်ပါသည်။ ခန္ဓာကိုယ်တွင်ရှိသော စနစ်အမျိုးမျိုး၊ အင်္ဂါ၊ အစိတ်အပိုင်းအမျိုးမျိုးအတွက်လိုအပ်သော၊ အရေးပါသောဗီတာမင်များသည် တစ်ခုနှင့်တစ်ခု မတူညီနိုင်ပါ။ အရေပြားနှင့် အသားအရေ ကျန်းမာလှပစေရန် လိုအပ်သော ဗီတာမင်ဓာတ်များမှ အချို့ကိုလည်း အောက်ပါအတိုင်း သိရှိမှတ်သားနိုင်ပါသည်။
ဗီတာမင် စီ
ဗီတာမင်စီသည် ခန္ဓာကိုယ်၏ ခုခံအား စနစ်ကို တိုးတက်ကောင်းမွန်စေသော ဗီတာမင်တစ်မျိုး ဖြစ်ပါသည်။ ထို့အတူ အရေပြားနှင့် အသားအရေအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်ထွန်းစေပါသည်။ အရေပြားနှင့် အသားအရေ ကောင်းမွန်လှပစေရန်အတွက် အရေးကြီးသော ပစ္စည်းတစ်မျိုးဖြစ်သည့် ကော်လာဂျင်ဓာတ်များကို ဗီတာမင်စီက တိုးတက်ကောင်းမွန်အောင် အားပေးကူညီပေးနိုင်ပါသည်။ ကော်လာဂျင်များ တိုးတက်ကောင်းမွန်လာခြင်းသည် အရေပြား၏ရုန်းပြန်နိုင်သော ဂုဏ်သတ္တိကို တိုးတက်ကောင်းမွန်စေကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုမဖြစ်စေရန် တားဆီးကာကွယ်ပေးနိုင်ပါသည်။
ထို့ပြင် ဗီတာမင်စီသည် အရေပြားနှင့် အသားအရေအပေါ်တွင် ဆဲလ်အသစ်များကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် နေလောင်ကွက်၊ အမည်းစက်ကဲ့သို့သော အရေပြား ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသည့်အရာများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိသော ဗီတာမင်စီသည် အရေပြားကင်ဆာအပါအဝင် အခြားသောကင်ဆာအမျိုးမျိုးကိုလည်း ကာကွယ်နိုင်စွမ်းရှိပါသည်။
ဗီတာမင်စီကို အထူးသဖြင့် အချဉ်အရသာရှိသော အသီးအနှံများတွင် ပေါများစွာ ရရှိနိုင်သကဲ့သို့ ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးဝါးများအဖြစ်လည်း နီးစပ်ရာ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။
ဗီတာမင် အီး
ယနေ့ခေတ်တွင် အလှအပရေးရာနှင့် ပတ်သက်လျှင် ဗီတာမင်အီးသည် လူအများ၏ ပါးစပ်ဖျားတွင် တစ်နေ့တခြား ပိုမိုရေပန်းစားလာနေပြီဖြစ်ပါသည်။ အသားအရေကို အားဖြည့်ပေးရုံသာမက ဆံသားကို ပျော့ပျောင်းသန်စွမ်းစေသည့်အတွက်လည်း အလှအပကို ဂရုစိုက်တတ်သူများကြားတွင် ဗိုက်တာမင်အီးသည် မပြောမဖြစ်သည့် အကြောင်းအရာတစ်ခုပင် ဖြစ်ပါသည်။
ဗိုက်တာမင်အီးသည် အသားအရေ ခြောက်သွေ့မှုကို ကာကွယ်ပေးသည့်အတွက် အရေပြားကို စိုပြည်လှပစေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့မှုကြောင့် ဖြစ်ပေါ်လာတတ်သော အသားအရေ မညီညာခြင်း၊ အမည်းကွက်ဖြစ်ပေါ်ခြင်း စသည့် မလိုလားအပ်သော ပြဿနာများကို သက်သာပျောက်ကင်းစေပါသည်။ နေရောင်ခြည် ကြာမြင့်စွာ ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာတတ်သော နေလောင်ကွက်၊ အမည်းစက်၊ အရေးအကြောင်းများကိုလည်း လျော့နည်းစေပါသည်။ ဝက်ခြံများကို သက်သာစေသည့်အပြင် အမာရွတ်များရှိပါကလည်း အမြန်ဆုံး ပျောက်ကင်းစေပါသည်။
ဗီတာမင် အီးကို အစေ့အဆန်များနှင့် အခွံမာသီးများမှ အများအပြား ရရှိနိုင်သကဲ့သို့ အလှကုန်ပစ္စည်းအများစုတွင်လည်း ထည့်သွင်းထုတ်လုပ်လာကြပါသည်။ ဗီတာမင်စီကဲ့သို့ပင် ဗီတာမင်အီးကိုလည်း နီးစပ်ရာဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ သို့သော် ဗီတာမင်အီးသည် ရေတွင်မပျော်ဝင်နိုင်သည့် ဗီတာမင်များထဲမှ တစ်မျိုးဖြစ်သည့်အတွက် အလွန်အကျွံသောက်သုံးပါက ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အကြမ်းဖျင်းအားဖြင့် တစ်နေ့လျှင် 400 IU ထက် ပိုမို မသောက်သုံးသင့်ပါ။
ဗီတာမင် ဒီ
ဗီတာမင်ဒီသည်လည်း ဗီတာမင်စီနှင့် အီး တို့ကဲ့သို့ပင် အသားအရေနှင့် အရေပြားအပေါ်တွင် ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါသည်။
ခန္ဓာကိုယ်အတွင်းတွင် ဇီဝရုပ်ဖြစ်ပျက်ခြင်း ဖြစ်စဉ်များ အချိန်နှင့်အမျှ ဖြစ်ပျက်နေပါသည်။ ဇီဝရုပ်ပျက်ခြင်းဖြစ်စဉ်ကြောင့် ပျက်စီးသွားသော ဆဲလ်များ၏နေရာတွင် ဇီဝရုပ်ဖြစ်ခြင်းဖြစ်စဉ်ဖြင့် ဆဲလ်အသစ်များကို လုံလုံလောက်လောက် အစားမထိုးနိုင်သည့်အခါ အိုမင်းရင့်ရော်သည့် လက္ခဏာများ ပေါ်ပေါက်လာပါတော့သည်။
ဗီတာမင်ဒီသည် ဆဲလ်အသစ်များထုတ်လုပ်ခြင်းကို အားပေးကူညီပေးသည့်အတွက် အရွယ်တင်နုပျိုစေရန် များစွာအထောက်အကူပြုပေးပါသည်။ ထို့ပြင် အရေပြားပေါ်တွင် အစက်အပြောက်များကိုလည်း သက်သာစေကာ အရေပြားကို ချောမွေ့စေနိုင်ပါသည်။အရေပြားနှင့် နေရောင်ခြည် ထိတွေ့သည်အခါ ခန္ဓာကိုယ်အတွင်းတွင် ဗီတာမင်ဒီများ ပေါ်ပေါက်လာပါသည်။ သို့သော် နေရောင်ခြည်သည် အသားအရေကို ပျက်စီးစေနိုင်သည့်အတွက် အချိန်များစွာ မထိတွေ့စေဘဲ တစ်နေ့လျှင် ၁၀ မိနစ်ခန့်သာ ထိတွေ့စေသင့်ပါသည်။ ထိုသို့ ထိတွေ့သည့်အခါတွင်လည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန်အတွက် နေလောင်ကာ လိမ်းဆေးများကို လိမ်းထားသင့်ပါသည်။
အစားအသောက်အနေဖြင့် ဆယ်လ်မွန်၊ တူးနား စသည့် ငါးအမျိုးမျိုးတွင် ဗီတာမင် ဒီ ပါဝင်သကဲ့သို့ Cereals၊ ဒိန်ချဉ်၊ လိမ္မော်ရည် စသည့်အစားအစာများတွင်လည်း ပါဝင်ပါသည်။ ဗီတာမင်ဒီကိုလည်း ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ ဗီတာမင်အီးကဲ့သို့ပင် ဗီတာမင်ဒီသည်လည်း ရေတွင် မပျော်ဝင်နိုင်သည့်အတွက်ကြောင့် တစ်နေ့လျှင် 1000 IU မှ 2000 IU အတွင်းသာ ချင့်ချိန်၍ သောက်သုံးသင့်ပါသည်။