မေမေတို့ဟာ ကလေးလေးကျန်းမာစွာမွေးဖွားလာနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရပြည့်ဝမျှတအောင် စားသုံးကြရပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အန်ခြင်း၊ ရင့်ပြည်ရင်ကယ်ဖြစ်ခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ကြောင့် အစာကောင်းကောင်းမစားနိုင်တာမျိုးဖြစ်လေ့ရှိကြပါတယ်။ ဒါကြောင့် အစားအစာတွေစားသုံးရုံနဲ့ လုံလောက်တဲ့ ဗီတာမင်တွေပြည့်ဝစွာရရှိနိုင်ဖို့က မေမေတို့အတွက်ခဲယဥ်းနိုင်ပါတယ်။ ဒါကြောင့် မေမေတို့က မိမိအတွက်ရောကလေးလေးအတွက်ပါ လုံလောက်တဲ့ပမာဏပါဝင်တဲ့ဗီတာမင်အားဆေးတွေကို သောက်သုံးလေ့ရှိကြပါတယ်။ ဒီဗီတာမင်ဓာတ်တွေကို မေမေတို့ကိုယ်ဝန်ဆောင်ကာလအတွက်သာမက ကလေးမွေးဖွားပြီးနို့တိုက်ကျွေးချိန်ထိပါ လိုအပ်နေပါတယ်။ မေမေတို့သောက်လေ့ရှိကြတဲ့ ဗီတာမင်ဓာတ်တွေအကြောင်းကို အားလုံးသိရှိနားလည်သွားအောင် ပြောပြပေးသွားပါမယ်။
ကိုယ်ဝန်ဆောင်ကာလမှာလိုအပ်တဲ့ဗီတာမင်ဓာတ်တွေက ဘာတွေလဲ
(၁) ဖောလစ်အက်စစ်
မေမေတို့အစောဆုံးရရှိဖို့လိုတဲ့ဓာတ်တစ်မျိုးကတော့ ဖောလစ်အက်စစ်ပဲဖြစ်ပါတယ်။ ဖောလစ်အက်စစ်ဟာ ကလေးလေးကျန်းမာပြည့်စုံစွာ မွေးဖွားလာနိုင်ဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တစ်နေ့ကို ၄၀၀-၈၀၀ mg လောက်ရရှိဖို့လိုပါတယ်။ မေမေကဖောလစ်အက်စစ်ကို လုံလောက်အောင်မရရှိခဲ့ရင် မွေးလာတဲ့ကလေးလေးရဲ့အာရုံကြောပြွန်မကြီးမှာ ချို့ယွင်းချက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် ကလေးရဲ့ ဦးနှောက်နဲ့ကျောရိုးအာရုံကြောမကြီးဖွံ့ဖြိုးမှုကိုလည်းထိခိုက်လာစေမှာဖြစ်ပါတယ်။
(၂) ကယ်လ်စီယမ်
မေမေတို့ဟာ တစ်နေ့ကိုကယ်လ်စီယမ်အနည်းဆုံး ၁၀၀၀ mg(Milligram) လောက် ရရှိဖို့လိုပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာ ကလေးလေးရဲ့ အရိုး၊ သွားနဲ့ ကြွက်သားတွေတည်ဆောက်ဖို့အတွက် အလွန်အရေးပါပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်ဟာ ကလေးအတွက် ကျန်းမာသန်စွမ်းသောနှလုံး၊ အာရုံကြောများနှင့်ကြွက်သားများကို ကြီးထွားစေတဲ့အပြင် နှလုံးခုန်နှုန်းပုံမှန်ဖြစ်စေဖို့အထောက်အပံ့ဖြစ်စေပါတယ်။
(၃) သံဓာတ်
ကိုယ်ဝန်ဆောင်မေမေတို့ဟာ အခြားသူတွေထက် သံဓာတ်ကို ၂ ဆပိုပြီးလိုအပ်နေပါတယ်။ သံဓာတ်လုံလောက်ခြင်းက မေမေတို့သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးသလို ပေါင်မပြည့်တဲ့ကလေးမွေးဖွားခြင်းကိုလည်း တားဆီးပေးပါတယ်။ ဒါ့ပြင် ကလေးလေးဆီကို အောက်စီဂျင်ပို့ပေးနိုင်မယ့် သွေးနီဥဆဲလ်လေးတွေတည်ဆောက်နိုင်ဖို့လည်း သံဓာတ်ကိုလိုအပ်ပါတယ်။
(၄) ငါးကြီးဆီ
ငါးကြီးဆီက ကိုယ်ဝန်ဆောင်ပြီးနောက်ကြုံတွေ့ရနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တစ်မျိုးဖြစ်ပြီး ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။
မေမေတို့က ဒီ၄မျိုးကို အဓိကလိုအပ်တာဖြစ်လို့ အစားအစာတွေစုံလင်စွာစားသုံးပေးရမှာဖြစ်တဲ့အပြင် ကိုယ်ဝန်ဆောင်တွေအတွက်ထုတ်လုပ်ထားတဲ့ အားဆေးလေးတွေကိုပါ သောက်သုံးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်အားမေမေတို့လိုအပ်တဲ့ အခြားဗီတာမင်တွေကတော့ –
(၁) ဗီတာမင် စီ
ဗီတာမင် C ဟာ မေမေတို့အတွက် ခုခံအားကောင်းမွန်စေတဲ့အပြင် အနာကျက်ခြင်းကိုလည်း လျင်မြန်စေပါတယ်။
(၂) ဗီတာမင် ဒီ
ဗီတာမင်ဒီ ဟာခန္ဓာကိုယ်က ကယ်လ်စီယမ်စုပ်ယူမှုကို ကူညီပေးပြီး ကလေးရဲ့ အရိုးနဲ့ သွားတွေကို တည်ဆောက်ရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။
(၃) အိုင်အိုဒင်း
ကလေးရဲ့ဦးနှောက်နဲ့အာရုံကြောတွေကောင်းစွာဖွံဖြိုးစေဖို့အတွက် မေမေတို့ကအိုင်အိုဒင်းဓာတ်လုံလောက်အောင်စားသုံးပေးဖို့လိုအပ်ပါတယ်။
(၄) ဇင့်ဓာတ်
ဇင့်ဓာတ်က ကိုယ်ခံအားမြင့်တက်စေသလို လမစေ့ဘဲကလေးမွေးဖွားခြင်းကို ကာကွယ်ပေးပါတယ်။
ဒီဗီတာမင်တွေကို လိုအပ်တဲ့ပမာဏထက်မများအောင် စားသုံးရပါမယ်။ လိုအပ်တာထက် ပိုမိုစားသုံးခဲ့ရင် ကလေးရောမေမေအတွက်ပါ အန္တရာယ်ရှိစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ဗီတာမင်အားဆေးတွေဟာ ရိုးရိုး Multivitamin အားဆေးတွေနဲ့တူတူပဲလား
အားဆေးနှစ်မျိုးစလုံးမှာ ဗီတာမင်များစွာပါဝင်တာချင်းတူပေမဲ့ မေမေတို့အတွက် အားဆေးကတော့ ကိုယ်ဝန်ဆောင်ကာလမှာ အထူးလိုအပ်တဲ့ ဖောလစ်အက်စစ်၊ သံဓာတ် စတာတွေပမာဏပိုမိုပါဝင်လေ့ရှိပါတယ်။
ဘယ်အချိန်လောက် ကိုယ်ဝန်ဆောင်ဗီတာမင်တွေစသောက်သင့်လဲ
ရင်သွေးလေးယူမယ်လို့ကြိုတင်စဥ်းစားထားခဲ့ရင်တော့ မယူခင် ၁လအလိုလောက်ကတည်းကစတင်သောက်သုံးထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမ ၃ လတာဟာ ကလေးအဖွံ့ဖြိုးဆုံးကာလဖြစ်တဲ့အတွက် ဒီကာလမှာ မေမေတို့ကဗီတာမင်နဲ့သတ္တုဓာတ်တွေလုံလောက်စွာရရှိနေဖို့လိုပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးနဲ့ ကလေးနို့တိုက်ချိန်အထိ ဗီတာမင်လုံလောက်စွာစားသုံးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။
ဗီတာမင်အားဆေးတွေသောက်ရင် ဆိုးကျိုးဘာတွေခံစားရနိုင်လဲ
ဗီတာမင်အားဆေးတွေသောက်ရင်ခံစားရတတ်တာတွေကတော့ ဝမ်းချုပ်ခြင်း၊ ရင့်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အသားခြောက်ခြင်း၊ အရေပြားယားယံခြင်းတို့ဖြစ်ပါတယ်။
မေမေတို့အနေနဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြင်အာဟာရစုံလင်စွာရရှိနိုင်ဖို့ အစားအစာတွေကိုစုံလင်အောင်ပြည့်ပြည့်ဝဝစားသုံးနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်။ အစားသေချာမစားနိုင်လို့ ဗီတာမင်အားဖြည့်ဆေးသောက်သုံးတော့မယ်ဆိုရင် မိမိသောက်သုံးလိုတဲ့ဆေးအမျိုးအစားကို သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးတာကအကောင်းဆုံးဖြစ်ပါတယ်။ မေမေတို့ကဗီတာမင်ဓာတ်လုံလောက်စွာရရှိပါမှ ကျန်းမာပြည့်စုံသောကလေးလေးတွေ့မွေးဖွားလာနိုင်မှာဖြစ်လို့ ဒီနေ့ကစပြီး မေမေစားသုံးနေကြအစားအသောက်၊ အားဆေးတွေကို သေချာစွာပြန်လည်ဆန်းစစ်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။