ပွေးရောဂါဟာ အတွေ့များတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ဦးမှတစ်ဦးကူးစက်တတ်ပြီး တစ်နေရာမှတစ်နေရာ ပျံ့နှံ့လွယ်ပါတယ်။ အရေပြားအပေါ်ယံလွှာရှိ ဆဲလ်များကို မှိုတစ်မျိုးစွဲကပ်ရာမှ ပွေးပေါက်ခြင်းဖြစ်လာပါတယ်။ အသက်အရွယ်မရွေး ပွေးရောဂါ ဖြစ်နိုင်ပါတယ်။ ၁၀-၂၀ % သောလူတွေဟာ ဘဝရဲ့အချိန်တစ်စိတ်တစ်နေရာမှာ ပွေးရောဂါဖြစ်လေ့ရှိတယ်လို့ National Health Service of UK ကဆိုပါတယ်။
ပွေးပေါက်ခြင်းအခြေအနေဟာ လူတွေမှာသာမကဘဲ တိရစ္ဆာန်တွေမှာပါ ပေါက်တတ်ပါတယ်။
ဘာကြောင့်ပွေးပေါက်တာလဲ
Trichophyton, Microsporum နဲ့ Epidermophyton ဆိုတဲ့ မှိုအမျိုးအစား ၃မျိုးကြောင့် ပွေးပေါက်ခြင်းဖြစ်တယ်။ ဒီမှိုများဟာ မြေကြီးတွေမှ မျိုးမှုန်(Spore)တွေအနေနဲ့ အချိန်ကြာမြင့်စွာရှိနေပါတယ်။
-လူသားတွေနဲ့ တိရစ္ဆာန်တွေဟာ ဒီမြေကြီးတွေနဲ့ထိတွေ့ရမှ ကူးစက်ခံရပါတယ်။ (Soil to Human)
-ပွေးပေါက်နေတဲ့တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်မိရာကနေလည်း ကူးစက်တတ်ပါတယ်။ (Animal to Human)
-လူလူချင်းကူးစက်ခြင်းကတော့ ပွေးပေါက်နေတဲ့သူနဲ့ တိုက်ရိုက်အရေပြားချင်းထိတွေ့မိလျှင် ကူးစက်ပါတယ်။ (Human to Human)
-ပွေးပေါက်နေတဲ့လူနဲ့ တိရစ္ဆာန်တို့ထိတွေ့ပွတ်တိုက်ထားတဲ့အရာတွေ၊ မျက်နှာပြင်တွေကို ထိတွေ့မိလျှင်လည်း ကူးနိုင်ပါတယ်။(Object to Human)
(ဥပမာ-အဝတ်အစားတွေ၊ ကိုယ်သုတ်တဘက်တွေ၊ မွေ့ရာနဲ့ အိပ်ရာခင်းတွေ၊ဘီးတွေ၊ဝက်မှင်ဘီးတွေ စသဖြင့်)
ပွေးပေါက်ခြင်းပိုဖြစ်နိုင်တဲ့ လူအုပ်စု
-ပူနွေးတဲ့ဒေသမှာ နေထိုင်သူများ
-ပွေးပေါက်နေသူ ဒါမှဟုတ် တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်ရှိသူများ
-ပွေးပေါက်သူနဲ့ အဝတ်အစား၊ တဘက်၊ အိပ်ရာ၊ အိပ်ရာခင်း အစရှိသဖြင့်မျှဝေသုံးစွဲနေသူများ
-အရေပြားချင်းထိတွေ့ရတဲ့ အားကစားတစ်မျိုးမျိုးကစားနေသူများ
(ဥပမာ-နပန်းအားကစား)
-အဝတ်အစားကျပ်ကျပ်ဝတ်လေ့ရှိသူများ
-ကိုယ်ခံအားကျဆင်းနေသူများ
-ချွေးထွက်များသူများ
-ကလေးငယ်များ
-ခွေးများကြောင်တွေ မွေးထားသောသူများ
ပွေးရောဂါလက္ခဏာများ
ပွေးရောဂါကူးခံရပြီးပြီးချင်း လက္ခဏာပြလေ့မရှိပါဘူး။ ကူးစက်ခံရပြီး ၂ပတ်လောက်ကြာမှ အောက်ပါလက္ခဏာတွေကို စတင်သတိထားမိလာပါလိမ့်မယ်။
ပွေးပေါက်တဲ့အခါ
-ယားယံခြင်း
-စက်ဝိုင်းပုံစံ အကွက်တွေပေါ်ခြင်း
-ပွေးကွက်တွေဟာ အလယ်မှာပုံမှန်အတိုင်းရှိနေတတ်ပြီး ဘေးအနားသတ်များသိသာထင်ရှားလေ့ခြင်း
-ပွေးကွက်အရောင်ဟာ အနီ၊နီညို၊အညို၊မီးခိုး၊အမဲ အစရှိသဖြင့် လူ့အသားအရောင်ပေါ်မူတည်ပြီးရှိနေခြင်းတို့ တွေ့ရပါတယ်။
ပွေးပေါက်လေ့ရှိတဲ့ နေရာများ
၁။ခန္ဓာကိုယ်( Tinea Corporis) – ကိုယ်လုံး၊ခြေ၊လက်
၂။ ဦးခေါင်း(Tinea Capitis) – ဦးရေပြား(ဒက်ပေါက်ခြင်း)
၃။ (Tinea Cruris) – တင်ပါး၊ပေါင်ခြံ နှင့် ပေါင်အတွင်းပိုင်းနေရာများ
ကုသခြင်းနည်းလမ်းများ
ပွေးရောဂါဟာ အရမ်းကူးလွယ်တာကြောင့် သတိထားမိသည်နဲ့ မြန်မြန်ကုသသင့်ပါတယ်။ မကုသဘဲ ပစ်ထားပါလျှင် ဗက်တီးရီးယားပိုးဝင်ခြင်း၊ လက်သည်းခြေသည်းတွေ ပျက်စီးလာခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ထိပ်ကွက်ခြင်းတို့ ဖြစ်စေပါတယ်။
ပွေးရောဂါကုသဖို့အတွက် သင့်ဆရာဝန်ဟာ ဆေးဝါးများပေးရုံမက အနေအထိုင်ပြုပြင်ပြောင်းလဲဖို့ပါ ညွှန်ကြားပါလိမ့်မယ်။
-ဆေးဝါးများ
-သင့်ရဲ့ ပွေးရောဂါအတိမ်အနက်ပေါ်မူတည်ပြီး ဆေးအမျိုးအစားကွာသွားပါလိမ့်မယ်။
-ကိုယ်လုံး၊ ခြေလက်၊ တင်ပါး ၊ပေါင်ခြံ၊ ပေါင်နဲ့ ခြေဖဝါးနေရာတွေအတွက် လိမ်းဆေးတွေပေးလေ့ရှိပါတယ်။ ဥပမာ- creams, Gels, Ointments, Sprays
-ဦးရေပြားနဲ့ ခြေသည်းလက်သည်းတွေအတွက် သောက်ဆေးပါ ပေးလေ့ရှိပါတယ်။
ဥပမာ-Terbinafine, Griseofulvin
ပွေးလိမ်းဆေးအများစုမှာ အများအားဖြင့် Clotrimazole, Miconazole, Terbinafine စတဲ့ ဆေးတွေပါဝင်ပါတယ်။
အနေအထိုင်ပြုပြင်ခြင်း
-ပွေးပေါက်နေစဥ်အိပ်ရာခင်းတွေနဲ့ အဝတ်အစားတွေကိုနေ့စဥ်လျှော်ဖွတ်ပါ။
-ရေချိုးပြီးလျှင် သေချာခြောက်အောင်သုတ်ပါ။
-ပွပွချောင်ချောင်ရှိတဲ့အဝတ်အစားတွေကိုသာ ဝတ်ပါ။
-ပွေးပေါက်နေတဲ့နေရာအားလုံးကိုမကျန်အောင် သေချာကုပါ။
-စိုစွတ်နေတဲ့အဝတ်အစား၊ အတွင်းခံနဲ့ ခြေအိတ်တွေကို ချက်ချင်းလဲပါ။
ပွေးရောဂါမဖြစ်အောင်
-တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
-သင့်အရေပြားကို သန့်ရှင်းပြီးခြောက်သွေ့အောင် ထားပါ။
-တစ်ကိုယ်ရေသုံးအသုံးအဆောင် (ဥပမာ-အဝတ်အစား၊ တဘက်၊ ဘီး) တွေကို မျှဝေသုံးစွဲခြင်းရှောင်ပါ။
-ဖိနပ်စီးပါ။
-ကိုယ်ခံအားနည်းနေလျှင် ပွေးပေါက်နေသူ ဒါမှမဟုတ် ပွေးပေါက်နေတဲ့တိရစ္ဆာန်တွေနဲ့ ထိတွေ့ခြင်းရှောင်ပါ။
-အိမ်မွေးတိရစ္ဆာန်တွေနေတဲ့နေရာကို ပိုးသတ်ခြင်းနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။
-တိရစ္ဆာန်တွေကိုင်တွယ်ပြီးလျှင် လက်ဆေးပါ။
-ရာသီဥတုပူတဲ့အခါ အဝတ်ထူထူတွေကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ခြင်းရှောင်ပါ။
-စိုစွတ်တဲ့ အဝတ်၊အတွင်းခံ၊ခြေအိတ်တွေကို ချက်ချင်းလဲပါ။
Author: Dr. Yin Yin Win