အရေပြားယားယံခြင်းဟာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး သက်တောင့်သက်သာမရှိသောအခြေအနေတစ်ခုဖြစ်တယ်။ National Eczema Association(NEA)အရ မကြာခဏ အရေပြားယားယံလေ့ရှိသူတွေဟာ အိပ်ရေးပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊စိတ်ပူပန်မှုလွန်ကဲခြင်းအခြေအနေတွေအပြင် ကုတ်ဖဲ့မိရာမှ အနာများဖြစ်၍ပိုးဝင်ခြင်းအခြေအနေတွေပါ ကြုံတွေ့ရတယ်လို့ဆိုပါတယ်။
အရေပြားယားယံခြင်း အခြေအနေကိုဖြစ်စေတဲ့ အကြောင်းအရင်းအများစုကတော့ အင်းဆက်ပိုးကိုက်ခြင်း၊ ဓာတ်မတည့်ခြင်း၊စိတ်ပူပန်မှုများခြင်းနဲ့ အရေပြားရောဂါတွေကြောင့်ဖြစ်တယ်။
အရေပြားယားယံခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ
၁။ Menthol လိမ်းခြင်း
Menthol ဟာ ရနံ့ဆီ(Essential Oil)တစ်မျိုးဖြစ်ပြီး ပူရှိန်းအနွယ်ဝင်( Mint Family)အပင်တွေကနေ ရရှိပါတယ်။ Menthol မှာ အေးမြတဲ့အာနိသင်ရှိပြီး နာကျင်မှုနဲ့ ယားယံမှုတွေကိုသက်သာစေပါတယ်။
Menthol ပါဝင်တဲ့ Peppermint ရနံ့ဆီကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီနဲ့ရောပြီးလိမ်းပေးခြင်းက ကိုယ်ဝန်ဆောင်မိခင်များအရေပြားယားယံခြင်းကို သက်သာစေတယ်လို့ဆိုပါတယ်။
၂။ ယားယံနေတဲ့အရေပြားကို အေးမြအောင်ထားခြင်း
အေးမြမှုဟာ ရောင်ရမ်းမှုကိုကျစေပြီး ယားယံမှုကို သက်သာစေပါတယ်။ ယားယံနေတဲ့အရေပြားနေရာကို ၅ မိနစ်မှ ၁၀ မိနစ်ခန့် အေးမြပြီးစိုစွတ်နေတဲ့အဝတ်ကပ်ပေးခြင်း ဒါမှမဟုတ် ရေခဲကပ်ခြင်းဟာ အရေပြားယားယံခြင်းကို သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ American Academy of Dermatologyကဆိုပါတယ်။
အခြားနည်းလမ်းတစ်ခုကတော့ ရေဓာတ်ဖြည့်ပေးတဲ့ Cream ဒါမှမဟုတ် Lotion တွေကို ရေခဲသေတ္တာထဲသို့ထည့်ပြီးလိမ်းပေးခြင်းပဲဖြစ်ပါတယ်။
၃။ WWTကုသနည်း
WWT ( Wet Warp Thrapy ) ကုသနည်းဆိုတာ ရေစိမ်ထားတဲ့ပတ်တီးစကို ယားယံနေတဲ့ အရေပြားနေရာကို ရစ်ပတ်ထားပေးခြင်းဖြစ်တယ်။
ဒီကုသနည်းဟာ အရေပြားကို ရေဓာတ်ပြန်ဖြည့်ပေးပြီးမကုတ်ဖဲ့မိအောင် အကာအကွယ်အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ ဒ့ါပြင် လိမ်းဆေးတွေကို အရေပြားမှ ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
Wet warp therapy ပြုလုပ်သည့်အခါ –
– ပထမဦးစွာ ပတ်တီးစကို ရေနွေးနွေးမှာ အစိုဓါတ်ဝင်သည်အထိစိမ်ပါ။
-အဲဒီပတ်တီးစကို ယားယံနေသောအရေပြားနေရာတွင်ပတ်ပါ။
-ထိုပတ်တီးစိုအပေါ်မှာ ပတ်တီးအခြောက်ထပ်ပတ်ပါ။
-အဲဒီနောက် သတိထားပြီး အဝတ်အစားဝတ်ပေးပါ။
-ပတ်တီးကို နာရီများစွာ သို့မဟုတ် တစ်ညခန့် ပတ်ထားလို့ရပါတယ်။
၄။ အုတ်ဂျုံမှုန့်အချော(Colloidal Oatmeal)
အုတ်ဂျုံမှုန့်အချောဟာ ရေမှာအလွယ်တကူပျော်ဝင်နိုင်ပြီး အရောင်အရမ်းကျစေတဲ့ Antioxidant ဓာတ်တွေအများကြီးပါဝင်ပါတယ်။ အုတ်ဂျုံမှုံ့အချောကိုရေနဲ့ဖျော်ပြီးလိမ်းပေးခြင်းဟာ ရေဓာတ်ကိုထိန်းပေးပြီး အရေပြားခြောက်သွေ့ခြင်းနဲ့ ယားယံခြင်းကိုသက်သာစေပါတယ်။
၅။ အစိုဓာတ်ဖြည့်တင်းခြင်း(Moisturizing )
Creams နဲ့ Lotions တွေဟာ အရေပြားခြောက်သွေ့ယားယံခြင်းမဖြစ်အောင် အစိုဓာတ်ကိုထိန်းသိမ်းပေးပါတယ်။ အဲဒီ Moisturizerတွေကို လိမ်းဖို့အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးစ အရေပြားအနည်းငယ်စိုနေတဲ့အချိန်ဖြစ်ပါတယ်။
NEA က အကြံပြုတဲ့ ကောင်းမွန်တဲ့အစိုဓါတ်ဖြည့်တင်ခြင်းအတွက် –
-အဆီပါဝင်မှုများတဲ့ Moisturizer သုံးပါ။
-ရေနဲ့ထိတွေပြီးတိုင်း လက်ကို Moisturizer လိမ်းပါ။
-အိပ်ရာမဝင်ခင် Moisturizer တစ်ခုခု လိမ်းအိပ်ပါ။
၆။ မုန့်ဖုတ်ဆိုဒါ ( Baking Soda )
မုန့်ဖုတ်ဆိုဒါမှာ မှိုကိုသေစေနိုင်တဲ့ (Antifungal) အကျိုးအာနိသင်ရှိပါတယ်။ ဒါကြောင့် မှိုကြောင့်ဖြစ်သော အရေပြားရောဂါတွေရဲ့ယားယံခြင်းကို ကုသရာမှာ သုံးလေ့ရှိပါတယ်။
NEA က မုန့်ဖုတ်ဆိုဒါ ခွက် ၄ ပုံတစ်ပုံခန့်ကို ရေနွေးရေချိုးဇလုံထဲထည့်၍ရေချိုးခြင်း ဒါမှမဟုတ် ရေနဲနဲနဲ့ရောပြီး ယားယံတဲ့အရေပြားနေရာသို့လိမ်းခြင်း များပြုလုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။
၇။ ယားယံမှုကို အားပေးတဲ့အရာတွေကို ရှောင်ပါ
American Academy of Dermatology အရ အရေပြားယားယံလေ့ရှိသူတွေဟာ ယားယံမှုပိုဆိုးစေတဲ့၊ အားပေးတဲ့ အရာတွေကို ရှောင်ရမယ်လို့ဆိုပါတယ်။
အရေပြားယားယံမှုကို အားပေးသောအရာတွေကတော့ –
-ရေပူများ(Hot Water)
-ရေပူဖြင့် ရေချိုးခြင်းဟာ အရေပြားမှ ရေဓာတ်ကို ဖယ်ရှားပေးတဲ့အတွက် အသားရဲခြင်း၊ အသားခြောက်ခြင်းနဲ့ အရေပြားယားယံခြင်းကို ပိုဖြစ်စေပါတယ်။
-အပူချိန်နှင့်စိုထိုင်းမှုအပြောင်းအလဲ
အပူချိန်နဲ့ စိုထိုင်းမှုအပြောင်းအလဲ လွန်ကဲခြင်းဟာ အရေပြားကိုခြောက်သွေ့စေပြီး အက်ကွဲခြင်းနဲ့ ယားယံမှုကိုပါဖြစ်စေပါတယ်။ ပူနွေးခြောက်သွေ့တဲ့ နွေရာသီတွေမှာ Humidifier လို့ခေါ်တဲ့ စိုထိုင်းမှုထိန်းစက်လေးတွေက စိုထိုင်းမှုအပြောင်းအလဲကို ထိန်းပေးရာမှာကူညီပါတယ်။
-ရနံ့ပါသော အလှပြင်ပစ္စည်းများ
ရနံ့ပါသောအလှပြင်ပစ္စည်းတွေမှာ ရေမွှေးနဲ့ အရောင်တွေပါဝင်နေတတ်ပါတယ်။ ဒါတွေဟာ အခန့်မသင့်လျှင် အရေပြားယားယံခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားယားယံတတ်သူများ နှင့် Sensitive ဖြစ်သူများဟာ ရနံ့မပါတဲ့၊ အရောင်မပါတဲ့ အလှပြင်ပစ္စည်းတွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။
-သိုးမွေးချည်မျှင်နဲ့ သဘာဝမဟုတ်သော အမျှင်များ
သိုးမွေးချည်မျှင်နဲ့ သဘာဝမဟုတ်တဲ့အမျှင်တွေနဲ့ပြုလုပ်ထားတဲ့အဝတ်အစားတွေဟာ အရေပြားယားယံခြင်းကို အားပေးပါတယ်။ ချည်ထည်တွေကတော့ အရေးပြားအတွက် ပိုမိုအသက်ရှူလို့ကောင်းစေပြီး မပူအောင်ကူညီပေးပါတယ်။ ဒါကြောင့် အရေပြား ယားယံတတ်သူတွေဟာ ပွပြီးချောင်ချိတဲ့ချည်ထည်တွေကို ပိုမိုအသားပေးဝတ်ဆင်သင့်တယ်လို့ဆိုပါတယ်။
-စိတ်ဖိစီးမှုများ
စိတ်ဖိစီးမှုတွေကလည်း အရေပြားယားယံမှုကို အားပေးတယ်လို့ စစ်တမ်းတွေကဆိုပါတယ်။ စိတ်ဖိစီးမှုများချိန် အရေပြားယားယံလေ့ရှိသူတွေအတွက် တတ်နိုင်သမျှစိတ်ဖိစီးမှုလျှော့ချပေးတဲ့ နည်းလမ်းတွေကို ကျင့်သုံးသင့်တယ်လို့ဆိုပါတယ်။ (ဥပမာ-ယောဂဆော့ခြင်း၊ တရားထိုင်ခြင်း)
Author: Dr. Yin Yin Win