ရေနွေးဖြင့်ရေချိုးခြင်းကြောင့် ရရှိနိုင်သောကောင်းကျိုးများ
၁။ အညောင်းအညာကို ပြေစေခြင်း
ရေနွေးသည် ကြွက်သားများကို ပြေလျော့စေနိုင်သည့် အစွမ်းသတ္တိရှိပါသည်။ ထို့ကြောင့် အညောင်းအညာများကိုလည်း ပြေစေနိုင်ပါသည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်ပြီးနောက် အိမ်ပြန်ရောက်သည့်အချိန်တွင် ရေခပ်နွေးနွေးလေးဖြင့် ရေချိုးခြင်း၊ ရေစိမ်ခြင်းများကို ပြုလုပ်ပါက ကြွက်သားများ ပြေလျော့ကာ၊ အညောင်းအညာများကို ပြေစေသဖြင့် လွန်စွာမှ နေသာထိုင်သာ ရှိစေပါသည်။
၂။ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း
တစ်ခါတစ်ရံတွင် အကြောအခြင်များ တက်ခြင်း၊ တင်းခြင်း၊ ကြွက်သားများ တောင့်တင်းခြင်းများကြောင့် နှစ်ခြိုက်စွာ အိပ်စက်၍ မရနိုင်သည့် အခြေအနေများ ရှိတတ်ပါသည်။ ရေနွေးဖြင့် ရေချိုးခြင်းသည် အကြောအခြင်များကို ပြေလျော့စေသည့်အပြင် ကြွက်သားများ တောင့်တင်းမှုကိုလည်း ပြေလျော့စေသည့်အတွက်ကြောင့် နှစ်ခြိုက်စွာ အိပ်စက်နိုင်စေရန် အထောက်အကူပြုနိုင်ပါသည်။
ထို့ပြင် ရေနွေးဖြင့် ရေချိုးခြင်းသည် စိတ်ဖိစီးမှုများကိုလည်း လျော့နည်းစေနိုင်သည့်အတွက် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အထောက်အကူပြုနိုင်ပါသည်။ ထို့ကြောင့် ပင်ပန်းနွမ်းနယ်သော နေ့များတွင် ညအိပ်ရာဝင်ခါနီးအချိန်တွင် ရေနွေးဖြင့် ရေချိုးပေးသင့်ပါသည်။
၃။ နှာစေး၊ နှာပိတ်ခြင်းများကို သက်သာစေနိုင်ခြင်း
ရေနွေး၏ အပူရှိန်ကြောင့် အနွေးဓာတ်များကိုရရှိကာ အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ အချွဲ၊ သလိပ်များ၊ နှပ်ချေးများကို ပျော်ကျစေကာ ပြင်ပသို့ စွန့်ထုတ်ရန် လွယ်ကူစေနိုင်ပါသည်။ ထို့ပြင် ရေနွေးငွေ့ကို ရှူရှိုက်ပေးခြင်းကလည်း အလားတူ အကျိုးသက်ရောက်မှုများကို ရရှိစေနိုင်ပါသည်။ ထို့ကြောင့် ရေနွေးဖြင့် ရေချိုးပေးခြင်းအားဖြင့် နှာစေး၊ နှာပိတ်ခြင်းများကို သက်သာစေနိုင်ပါသည်။
ရေနွေးဖြင့်ရေချိုးခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ
၁။ အသားအရေကို ခြောက်သွေ့စေနိုင်ခြင်း
ရေနွေးဖြင့် ရေချိုးခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများအနက် အထင်ရှားဆုံးမှာ အရေပြားကို ခြောက်သွေ့စေနိုင်ခြင်း ဖြစ်ပါသည်။ရေနွေးသည် အရေပြားပေါ်တွင်ရှိသော အစိုဓာတ်ကို လျော့နည်းစေနိုင်သည့် အစွမ်းသတ္တိရှိပါသည်။ ထို့ကြောင့် ရေနွေးဖြင့် ကာလကြာရှည်စွာ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းများကို ပြုလုပ်ပါက အသားအရေ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်း၊ ပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။
၂။ အသားအရေကို ယားယံစေနိုင်ခြင်း
ရေနွေးနှင့် ကာလရှည်ကြာ ရေချိုးလေ့ရှိပြီးနောက် အသားအရေ ယားယံလာခြင်း၏ အဓိက အကြောင်းရင်းမှာ အသားအရေ ခြောက်သွေ့လာခြင်းနှင့် ရေနွေး၏ အပူဓာတ်ကြောင့် ဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရေနွေးသည် အရေပြား၏ အစိုဓာတ်ကို လျော့နည်းစေကာ အရေပြားကို ခြောက်သွေ့စေနိုင်ပါသည်။ ထိုသို့ ခြောက်သွေ့လာခြင်းသည် ယားယံခြင်းကို ပိုမို ဖြစ်ပွားအောင် အားပေးအားမြှောက် ပြုလုပ်ပေးနိုင်ပါသည်။ ထို့ပြင် ရေနွေး၏ အပူရှိန်ကြောင့် ယားယံခြင်းသည်လည်း ပိုမိုဆိုးရွားလာတတ်ပါသည်။
၃။ ချွေးပေါက်များကို ကျယ်စေနိုင်ခြင်း
ရေနွေးဖြင့် ရေချိုးသည့်အခါ ရေနွေး၏ အပူရှိန်ကြောင့် ချွေးပေါက်များကို ကျယ်လာစေနိုင်ပါသည်။ မျက်နှာတွင်ရှိသော ချွေးပေါက်များ အလွန်အကျွံကျယ်လာပါက အရေပြား၏ အလှအပကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေနွေးဖြင့် ရေချိုးမည်ဆိုပါက မျက်နှာကို ရေနွေးနှင့် တိုက်ရိုက်မထိတွေ့စေရန် ဂရုပြု၍ ရှောင်ရှားသင့်ပါသည်။
ရေအေးဖြင့်ရေချိုးခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုးများ
၁။ စိတ်ကို လန်းဆန်းစေခြင်း
အေးမြသောရေသည် စိတ်ကို ကြည်လင် လန်းဆန်းစေနိုင်ပါသည်။ တစ်ညတာလုံး အနားယူပြီးနောက် မနက်စောစောတွင် ရေအေးအေးဖြင့် ရေချိုးပါက စိတ်လက် လန်းဆန်း ကြည်လင်မှုကို ဖြစ်စေကာ မင်္ဂလာရှိစွာဖြင့် နေ့သစ်တစ်နေ့ကို အစပြုနိုင်ပါသည်။
ထို့ပြင် အလုပ်မှအပြန် ညနေခင်း အိမ်ပြန်ရောက်ချိန်တွင် ရေအေးအေးဖြင့် ရေချိုးမည် ဆိုပါကလည်း တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေကာ စိတ်ကို ပြန်လည် ကြည်လင်လန်းဆန်းစေနိုင်ပါသည်။
၂။ အရေပြား ယားယံခြင်းကို သက်သာစေခြင်း
ရာသီဥတု ပူပြင်းသည့်အခါ အရေပြားကို ယားယံစေသည့် မိတ်အဖုအပိန့်များ ထွက်လာတတ်ပါသည်။ ထို့အတူ ဓာတ်မတည့်ခြင်း၊ အရေပြားဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခြင်း စသည်တို့ ဖြစ်ပွားသောအခါတွင်လည်း အရေပြား ယားယံခြင်း ဖြစ်ပွားလေ့ရှိတတ်ပါသည်။
အရေပြားယားယံခြင်းသည် အပူချိန်မြင့်မားခြင်းနှင့် သဟဇာတ မဖြစ်ပေ။ အိုက်စက် ပူလောင်လာသည့် အချိန်မျိုးတွင် ယားယံခြင်းများ ပိုမို ဆိုးရွားလာတတ်ပါသည်။ ယင်းကဲ့သို့ အချိန်မျိုးတွင် အရေပြားကို အေးမြအောင် ပြုလုပ်ပေးလိုက်ခြင်းဖြင့် ယားယံခြင်းများကို သက်သာစေနိုင်ပါသည်။
အေးမြစေသော လိမ်းဆေးများကို လိမ်းပေးနိုင်သကဲ့သို့ ရေအေးအေးလေးကို ချိုးပေးလိုက်ခြင်းအားဖြင့်လည်း ယားယံခြင်းများ သက်သာစေနိုင်ပါသည်။
၃။ ကိုယ်အလေးချိန်ကို ကျစေနိုင်ခြင်း
ရေအေးဖြင့် ရေချိုးသည့်အခါ ခန္ဓာကိုယ်၏ အပူချိန်ကျဆင်းလာပါသည်။ ထို့ကြောင့် ကိုယ်အပူချိန် ပြန်လည်မြင့်တက်စေရန်အတွက် လိုအပ်သော အပူဓာတ်ကို ခန္ဓာကိုယ်တွင်ရှိသော အညိုရောင် အဆီဆဲလ်များကို ဖြိုခွဲကာ ရယူလေ့ရှိပါသည်။
ထိုသို့ အဆီဆဲလ်များ ပြိုကွဲ ပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်၏ အလေးချိန်သည် ကျဆင်းလာပါတော့သည်။ သို့သော် ဝိတ်ချရန် ရည်ရွယ်ချက်ဖြင့် ရေအေးဖြင့် အချိန်ကြာမြင့်စွာ ချိုးခြင်း၊ စိမ်ခြင်းများကိုမူ မပြုလုပ်သင့်ပေ။
ရေအေးဖြင့်ရေချိုးခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ
ရေအေးနှင့် ရေချိုးခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများအနက် အအေးမိဖျားနာခြင်းသည် အဓိကတွေ့ရလေ့ရှိသော ဆိုးကျိုးတစ်မျိုးဖြစ်ပါသည်။
အအေးမိဖျားနာနိုင်ခြင်း
“ရေချိုးမှားသွားလို့” ဆိုသည့်စကားကို မိမိတို့ ကိုယ်တိုင်လည်း ပြောသကဲ့သို့ အခြားသူများ ပြောသည်ကိုလည်း လူအများ မကြာခဏကြားဖူးကြပါလိမ့်မည်။ အေးမြနေသောရေကို ချိုးပြီးနောက် အအေးမိ ဖျားနာခြင်း ဖြစ်ပွားသည့်အခါ လူအများပြောတတ်သည့် စကားတစ်ခွန်းပင်ဖြစ်ပါသည်။
ရေအေးဖြင့် အထူးသဖြင့် အချိန်ကြာမြင့်စွာ ရေချိုးမိသည့်အခါတွင် အခန့်မသင့်လျှင် အအေးမိခြင်း၊ ဖျားနာခြင်းများ ဖြစ်ပွားတတ်ပါသည်။ မိမိ၏ ကိုယ်ခံအား အားနည်းနေသည့်အချိန်တွင် ပိုမို ဖြစ်ပွားလေ့ရှိပါသည်။ ရာသီဥတုအေးမြသည့်အချိန်များတွင် သို့မဟုတ် ရာသီဥတု အပြောင်းအလဲ ဖြစ်ပွားသည့်အချိန်များတွင်လည်း အအေးမိ ဖျားနာနိုင်သည့်အတွက်ကြောင့် အဆိုပါ အချိန်များတွင် ရေအေးဖြင့် ရေချိုးခြင်းကို ဂရုပြုသင့်ပါသည်။
Author: ဒေါက်တာမိုး (ဆေး ၁)