ဝမ်းတလုံးကောင်းခေါင်းမခဲစေရာ
မြန်မာလူမျိုးတွေက ဝမ်းသွားခြင်းမသွားခြင်းကို အရမ်းဂရုတစိုက်ရှိတတ်ကြတယ်။ နေ့တိုင်းဝမ်းပုံမှန်သွားနေတဲ့သူတစ်ယောက်က တစ်ရက်လောက်ဝမ်းချုပ်သွားရင် နေမထိထိုင်မသာ အီလည်လည်ကြီးဖြစ်တတ်ကြတယ်။ ဒီလိုပဲ ဝမ်းနည်းနည်းပျော့ပျော့သွားတာနဲ့လည်း ဝမ်းပျက်ဝမ်းလျှောများဖြစ်နေလားဆိုပြီးပိုးသတ်ဆေးတွေသောက်ဖို့တာဆူတတ်ကြတယ်။
ဝမ်းသွားတဲ့အကျင့်က တယောက်နဲ့တယောက်မတူပါဘူး။ တချို့တွေမှာ နေ့တိုင်း တစ်ခါလောက် ပုံမှန်သွားတတ်ကြတယ်။ အချိန်တောင်တိကျတတ်ကြတာလည်းရှိတယ်။ မိုးလင်းတာနဲ့ အိမ်သာသွားလိုက်ရမှ ဆိုတာလည်းရှိတယ်။ တချို့ကတော့လည်း နှစ်ရက်နေမှတခါ သုံးရက်နေမှတခါ စသဖြင့် သွားတတ်ကြတယ်။ ဝမ်းချုပ်နေတာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း လျှောလျှောရှူရှူ သွားတာမျိုး ပါ။
တချို့တွေကျတော့အစားအသောက်နဲ့ ဆိုင်တယ်။ တခုခုစားပြီးတဲ့အခါ အိမ်သာသွားချင်သလိုဖြစ်တတ်တယ်။ အပူအစပ်တွေပဲစားမှမဟုတ်ဘူး။ ကော်ဖီလေးသောက်လိုက်တာ လက်ဘက်ရည်လေးသောက်လိုက်တာတွေမှာလည်းဖြစ်စေတယ်။ ထမင်းတစ်ခါစားပြီးတိုင်းလည်းဖြစ်နိုင်တယ်။ ဝမ်းလွယ်နေတာမျိုးပါ။
တချို့တွေကျတော့လည်း လမ်းလျှောက်များတဲ့အခါ ဝမ်းသွားချင်တယ်။ တချို့တွေမှာ ခြံအလုပ်လုပ်တဲ့အခါ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ အိမ်သာတက်ချင်တတ်ကြတယ်။ ထိုင်နေတုန်းမှာငြိမ်နေတုန်းမှာ ဘာမှမဖြစ်ဘူး။ တစ်ခုခုကိုထလုပ်လိုက်မှ အိမ်သာသွားချင်တာမျိုးတွေလည်းရှိတယ်။ တချို့တွေကတော့ အပြင်သွားတဲ့အခါမှာမှ ဝမ်းသွားချင်တတ်ကြတယ်။
တစ်ယောက်ချင်းစီမှာ အိမ်သာသွားတာနဲ့ ပက်သက်ပြီး မတူညီတဲ့အကျင့်တွေ ဖြစ်နေကြတယ်။ တစ်ယောက်က ဒီလိုသွားနေလို့ ငါတော့ ရောဂါဖြစ်နေပြီလားလို့မထင်ပါနဲ့။
ဝမ်းကိုနှစ်ရက်သုံးရက်မှ ပုံမှန်သွားလည်းထားလိုက်ပါ။ ဝမ်းမာနေတယ်ဆိုရင်တော့ ရေပိုသောက်ဖို့ အသီးအရွက်စားဖို့ လမ်းလျှောက်ဖို့ လိုတတ်ပါတယ်။
ဝမ်းခဏခဏသွားနေတာကိုလည်း ဝမ်းပိတ်ဆေးတွေသောက်ဖို့မလိုပါဘူး။ ဝမ်းလျှောနေရင်တောင်မှ ဝမ်းပိတ်ဆေးပုံမှန်မှာမပေးပါဘူး။ အရမ်းများပြီးရေဓာတ်ခမ်းခြောက်နေတာတွေပါဖြစ်လာမှ လိုမလိုစဉ်းစားတာပါ။ ခဏခဏသွားတတ်တဲ့သူတွေအနေနဲ့ကတော့ အပူအစပ်အချဉ်တွေ လျှော့စားရမှာပါ။
တချို့စိတ်ပူတတ်တဲ့သူတွေ ဝမ်းခဏခဏသွားတတ်ကြတယ်။ တချို့တွေမှာ စိတ်ထဲဘဝင်မကျတာဖြစ်လာရင် မူးသလိုလိုဖြစ်လာပြီးချွေးစေးပြန်တာတွေ အိမ်သာတက်ချင်တာတွေပါဖြစ်တယ်။ ဒါတွေကတော့ အာရုံ ခံစားစိတ်တွေနဲ့လည်းဆိုင်တယ်။ ပုံမှန်ဆေးသောက်ဖို့လည်းမလိုတတ်ပါဘူး။
ဝမ်းချုပ်နေလို့လည်း ဝမ်းနှုတ်ဆေးတောက်လျှောက်သောက်သွားရမယ် မဟုတ်ပါဘူး။ လိုအပ်သလိုပဲထိန်းပြီးချိန်ကြည့်ရမှာပါ။ ဝမ်းလျှောတိုင်း ဝမ်းခဏခဏသွားတိုင်းလည်း ဆေးသောက်ဖို့မလိုပါဘူး။
တချို့သူတွေမှာတော့ ဝမ်းသွားတာနဲ့ပက်သက်တဲ့ ရောဂါလေးတွေဖြစ်တတ်ကြတယ်။ အူလမ်းကြောင်းဆိုင်ရာရောဂါတွေလည်းပါတယ်။ ဒါမျိုးတွေမှာဆိုရင် ရောဂါဟုတ်မဟုတ် သေချာစစ်ဆေးပြီး ဟုတ်တယ်ဆိုရင်ဆေးတွေစွဲသောက်ရတာလည်းရှိပါတယ်။
မြန်မာလူမျိုးတွေအတွက်ကတော့ ဝမ်းကောင်းမှ နေလို့ထိုင်လို့ကောင်းနေကြဦးမှာပါ။ ဒါပေမယ့် မိမိတိုရဲ့ဝမ်းသွားတဲ့အကျင့်က တခြားသူတွေနဲ့မတူတာအတွက်တစ်ခုထဲနဲ့တော့ ခေါင်းမခဲကြစေချင်ပါဘူး။
Author; Dr. CST