မိုးရာသီရောက်တော့မယ် မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတွေအများကြီးရှိတဲ့အထဲကမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို ပြောပြချင်ပါတယ်
သွေးလွန်တုပ်ကွေးရောဂါဟာ Flavi ဗိုင်းရပ်စ်ပိုးတွေထဲကမှ DHF ဗိုင်းရပ်စ် ကြောင့်ဖြစ်တာပါ Aedes aegypti လို့ခေါ်တဲ့ခြင်တွေကိုက်တာကနေတဆင့် သွေးလွန်တုပ်ကွေးရောဂါကူးပါတယ်
ဒီ ခြင်အမျိုးအစားကို မြန်မာလိုခေါ်တော့ ခြင်ကြားပေါ့ ခြင်တွေကိုကြည့်လိုက်တဲ့အခါ ကိုယ်ထည်မှာအစင်းကြားတွေရှိနေလို့ပါ ဒီခြင်တွေက နေ့လည်းဘက်မှာ ထွက်လာတတ်ကြတယ် အစားရှာစားကြတယ် လူတွေရဲ့သွေးကိုစုပ်ယူတတ်ကြတယ် ဒီခြင်တွေက သိပ်ဝေးဝေးမပျံနိုင်ဘူး နီးနီးနားနားလောက်မှာပဲ ပျံနေတတ်ကြတယ် ဒါကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်နေတယ်ဆို တခြားအနားမှာဘယ်သူတွေဖြစ်သေးလဲ မေးတတ်ကြတာပါ ခြင်ဆေးဖျန်းတဲ့အခါလည်း တစ်အိမ်ထဲဖျန်းတာမဟုတ်ဘဲ အနားဝန်းကျင်တွေပါ ဖျန်းတတ်ကြတာပါ
သွေးလွန်တုပ်ကွေးရောဂါမှာ အမျိုးအစားလေးမျိုးရှိပါတယ် တစ်မျိုးတည်းတော့ခဏခဏပြန်မဖြစ်တတ်ပေမယ့် တစ်မျိုးပြီးတစ်မျိုး တော့ ဖြစ်တတ်ပါတယ် ဒါကြောင့်တချို့သောကလေးတွေမှာ သွေးလွန်တုပ်ကွေးကိုနှစ်တိုင်းဖြစ်နေတယ်ဆိုပြီးပြောတတ်ကြတာပါ
သွေးလွန်တုပ်ကွေးရောဂါက အရင်ကတော့ကလေးတွေ မြီးကောင်ပေါက်အရွယ်တွေလောက်မှာပဲ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်
သွေးလွန်တုပ်ကွေးရောဂါမှာ အဆင့်တွေသတ်မှတ်ထားပါတယ် ဒါကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်တိုင်းဆေးရုံတင်စရာမလိုတာပါ အရေးကြီးတဲ့ အဆင့်မှသာ ဆေးရုံတင်ဖို့လိုတတ်ပါတယ်
သွေးလွန်တုပ်ကွေးရောဂါက ကူးစက်ခံရပြီး၅ရက်ကနေ ၈ရက်အတွင်း အများဆုံးနှစ်ပတ်အတွင်း ဖြစ်ပွားတတ်ကြတယ်
သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ အဖျားကြီးပါတယ် အဖျားကတောက်လျှောက်ဖျားနေတတ်ပါတယ် ဆေးသောက်တုန်းခဏကျမယ် အဖျားကျတဲ့အခါ လုံးဝအကောင်းတိုင်းထိကျတတ်ပါတယ် နောက်မှ တခါထပ်ပြီးအပူပြန်ကြီးပါမယ် ဗိုင်းရပ်စ်ပိုးဆိုပေမယ့် နှာစေးချောင်းဆိုးမဖြစ်ပါဘူး
အဖျားကြီးတာကြောင့်မျက်နှာနီနေတတ်တယ် ကိုယ်လက်တွေကိုက်ခဲမယ် ခေါင်းကိုက်တတ်တယ် ဗိုက်အောင့်တတ်တယ် အန်တတ်တယ်
သွေးလွန်တုပ်ကွေးလို့သံသယရှိတဲ့အခါ ဆေးခန်းတွေမှာသွေးလွန်တုပ်ကွေးစမ်းသပ်တတ်ကြတယ် များသောအားဖြင့်တော့ အဖျားကြီးထားတဲ့အခါတိုင်းမှာ လက်မှာ သွေးပေါင်ချိန်တိုင်းတဲ့လက်ပတ်ပတ်ပြီးစမ်းတယ်ဆို အနီစက်ထွက်မှာပါပဲ အနီစက်ထွက်တိုင်းတော့သွေးလွန်တုပ်ကွေးမဟုတ်ဘူး သတ်မှတ်ထားတဲ့အတိုင်းဖြစ်မှသာသွေးလွန်တုပ်ကွေးလို့ပြောမှာပါ
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် သွေးဥမွှားပမာဏ ကျလာတတ်တယ် သွေးရည်ကြည်တွေ သွေးကြောကနေ အသားတွေထဲ စိမ့်တတ်တယ်
သွေးဥမွှား ပမာဏနည်းလာတာနဲ့အမျှ သွေးထွက်တာတွေ ဖြစ်လာနိုင်တယ် ခန္ဓာကိုယ်မှာအနီစက်ထွက်ရုံမကဘဲ ကော်ဖီရောင်တွေအန်မယ် သွားဖုံးသွေးယိုမယ် နှာခေါင်းသွေးလျှံမယ် ဆီးနီမယ် ဝမ်းမည်းမည်းတွေသွားမယ် ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တဲ့သူကို ပန်းရောင်၊ အညှိရောင်၊ အနီရောင်၊ အမဲရောင်ပါတာတွေ မကျွေးခိုင်းတာပါ အန်တဲ့အခါ အစာလားသွေးလားမကွဲပြားလို့ပါ
သွေးရည်ကြည်နည်းလာတာနဲ့အမျှ သွေးပေါင်ကျမယ် Shock ရနိုင်တယ် အဆုတ်ထဲ ရေဝင်တာတွေ ဖြစ်နိုင်တယ် ဗိုက်ထဲအရည်စုတာတွေဖြစ်နိုင်တယ် မောလာတတ်တယ်
သွေးလွန်တုပ်ကွေး ဖြစ်တဲ့အခါ အဖျား သုံးရက်နဲ့ ခုနှစ်ရက်မြောက်တွေမှာ အရမ်းသတိထားရပါတယ် အဲ့ရက်တွေမှာ shock ရတတ်တယ် ကလေးမှိန်းလာတယ် သွေးပေါင်တွေကျတယ် ခြေလက်တွေအေးလာတတ်ပါတယ်
သွေးလွန်တုပ်ကွေးက ခုနှစ်ရက်ဆိုပြန်ကောင်းပါတယ် ပြန်ကောင်းတဲ့အခါမှာလည်း ခြေထောက်မှာ အနီစက်တွေ ထွက်တတ်ပါတယ် ဒါတွေ့တယ်ဆို ပြန်ကောင်းနေပါပြီ
သွေးလွန်တုပ်ကွေးက အဆင့်အလိုက်ကုသမှုလိုပါတယ် ဖျားရုံအနီစက်ထွက်ရုံကတော့ ဓာတ်ဆားသောက်နေရင်ရပါတယ် သွေးပေါင်တွေပါကျလာတာတို့ တခြားသွေးထွက်တာတွေဆိုရင်တော့ ဆေးရုံတင်ဖို့လိုတတ်ပါတယ် ဆေးရုံတင်ရတဲ့အခါမှာလည်း ပုလင်းချိတ်ရုံလည်းရှိသလို လိုအပ်လာရင် သွေးသွင်းတာတွေ လုပ်ရပါတယ်
ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး က ဖြစ်မှာပဲ ဒါကြောင့်မိုးတွင်းရောက်တော့မယ် ခြင်တွေမလာအောင်တော့ တတ်နိုင်သလောက်ရှင်းထားဖို့လိုပါတယ် ခြင်အကုန်မရှင်းနိုင်ဘူးဆိုရင်တောင် ကိုယ့်အိမ်မှာ ခြင်မအောင်းဖို့ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ခြင်မကိုက်အောင်နေဖို့လိုပါတယ်
ကြိုတင်ပြင်ဆင်ထားကြပါ
Author; Dr. CST