ရေကျောက်ပေါက်ခြင်းဟာ တစ်သက်မှာတစ်ခါသာဖြစ်တတ်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ အထူးသဖြင့် ရေကျောက်ဟာ ငယ်ရွယ်စဥ်ကလေးဘဝမှာ အဖြစ်များကြပါတယ်။ ရေကျောက်ဟာ အရေပြားပေါ်မှာ အရည်ကြည်ဖုအနာလေးတွေတစ်ကိုယ်လုံးအနှံ့ပေါက်ခြင်းဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးအရေပြားချင်းထိမှကူးတာမဟုတ်ဘဲ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်တာကြောင့် ကူးစက်လွယ်တဲ့ရောဂါဘဲဖြစ်ပါတယ်။ Varicella-zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးဟာ ရေကျောက်ဖြစ်စေတဲ့ တရားခံပဲဖြစ်ပါတယ်။
ရေကျောက်ဟာ ကလေးတွေမှာအဖြစ်များပေမဲ့ အချို့လူကြီးတွေမှာလည်း ဖြစ်တတ်လေ့ရှိပါတယ်။ အရည်ကြည်ဖုလေးတွေပေါက်ရင် ၁၀ရက်ကနေ ၂၁ရက်လောက်ထိကြာမြင့်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အတွက်အဖျားလည်း တက်နိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေပေါက်ထွက်သွားရင်တော့ အမာရွတ်တွေကျန်ခဲ့လေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့်အမာရွတ်တွေပျောက်ကင်းဖို့ ၆ လကနေ ၁ နှစ်လောက်ထိ ကြာမြင့်နိုင်ပါတယ်။
တချို့ရေကျောက်အမာရွတ်တွေဆိုရင် အချိန်အတော်ကြာမြင့်တဲ့အထိမပျောက်ဘဲကျန်နေတာမျိုးတွေလည်းရှိတတ်ပါတယ်။ အနာဖြစ်နေစဥ် ယားလို့ကုတ်ထားတဲ့အခါ ပိုကြီးပြီးပိုနက်တဲ့အမာရွတ်တွေဖြစ်လာစေတတ်ပါတယ်။ ဒီလိုအမာရွတ်တွေဟာ သိသာထင်ရှားတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ၊ လည်ပင်း၊ လက်စတာတွေမှာ ထင်ရှားနေမယ်ဆိုရင် အလွန်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမာရွတ်တွေသက်သာစေနိုင်ဖို့ မိမိအိမ်မှာတင် အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။
၁။ ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပက်ဟာ ရေဓာတ်ဖြည့်ဆည်းပေးနိုင်တဲ့ နာမည်ကြီး သဘာဝပစ္စည်းဖြစ်ပါတယ်။ ဒါ့ပြင် ရှားစောင်းလက်ပပ်ဟာ ဗိုင်းရပ်စ်ပိုးတွေကိုသတ်နိုင်စွမ်းရှိပြီး Anti Oxidants တွေလည်းပါဝင်လို့ အပြစ်အနာအဆာတွေကို သက်သာစေပါတယ်။ ရှားစောင်းလက်ပက်မှာပါဝင်တဲ့ အင်ဇိုင်းတွေဟာ အရေပြားထဲကို စိမ့်ဝင်သွားတဲ့အခါ အရေပြားအတွင်းပိုင်းကဆဲလ်လေးတွေကို ရေဓာတ်ဖြည့်တင်းပေးပြီး ဆဲလ်အသစ်ရှင်သန်နိုင်အောင်လည်း အားပေးပါတယ်။
ရှားစောင်းလက်ပပ်ကို အမာရွတ်ရှိတဲ့နေရာပေါ်မှာ ၅ မိနစ်ခန့်ကြာအောင်ပွတ်လိမ်းပေးရပါမယ်။ ၁၀ မိနစ်ခန့်ထပ်စောင့်ပြီးနောက် ရေဆေးချရပါမယ်။ ဒီနည်းအတိုင်း ၁နေ့ ၃ ကြိမ်အထိပြုလုပ်ပေးနိုင်ပါတယ်။
၂။ ပျားရည်
ပျားရည်မှာလည်းရေဓာတ်ဖြည့်တင်းနိုင်စွမ်းရှိပြီး ရေကျောက်အမာရွတ်တွေကို အရောင်ဖျော့သွားစေနိုင်ပါတယ်။ ပျားရည်ကိုလည်း ရှားစောင်းလက်ပက်ကဲ့သို့ ၁၀မိနစ်ထားပြီးနောက်ရေဆေးချရပါမယ်။
၃။ သံပရာသီး
သံပရာသီးမှာပါဝင်တဲ့ ဗီတာမင်စီဟာ အသားအရေကြည်လင်နုပျိုနိုင်ဖို့ Collagen ထုတ်လုပ်မှုကိုအားပေးပြီး မကောင်းတဲ့ Free Radicals တွေထုတ်လုပ်ခြင်းကိုလည်း တားဆီးပေးပါတယ်။ ဒါ့ပြင် အရေပြားကို အာဟာရဓာတ်တွေဖြည့်တင်းပေးနိုင်ပြီး ရေကျောက်အမာရွတ်တွေသက်သာစေကာ အသားအရေကိုဝင်းလက်လာစေပါတယ်။
၄။ အုန်းဆီ
အုန်းဆီဟာ အနာတွေကိုလျင်မြန်စွာခြောက်သွေ့စေနိုင်တဲ့ အစွမ်းရှိပါတယ်။ ရေကျောက်ပေါက်နေစဥ်ဖြစ်တတ်တဲ့ နီမြန်းမှုနဲ့ ယားယံမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။
၅။ ထောပတ်သီး
ထောပတ်သီးမှာ ဗီတာမင်အီး များစွာပါဝင်နေပါတယ်။ ရေကျောက်အမာရွတ်တွေကိုမှေးမှိန်စေပြီး အရေပြားအတွက် ရေဓာတ်နဲ့အာဟာရဓာတ်တွေကိုလည်း လုံလောက်အောင်ဖြည့်တင်းပေးနိုင်ပါတယ်။
အမာရွတ်ပေါ်ကို ထောပတ်သီးလေးနဲ့ သုတ်လိမ်းထားပြီး ညင်သာစွာနှိပ်နယ်ပေးနိုင်ပါတယ်။
၆။ သခွားသီး
သခွားသီးဟာ အရေပြားကို နူးညံ့ချောမွတ်စေပြီး ရေဓာတ်ပြည့်ဝအောင်ဖြည့်တင်းပေးနိုင်ပါတယ်။ သခွားသီးကိုချေပြီး သံပရာသီးနဲ့ရောလိမ်းပါက ရေကျောက်အမာရွတ်တွေကို သက်သာလာစေမှာဖြစ်ပါတယ်။
၇။ မုန့်ဖုတ်ဆိုဒါ
ရေကျောက်ဖြစ်တဲ့အခါ အမာရွတ်ဖြစ်ရခြင်းမှာ ယားယံမှုကိုသက်သာစေရန် အရည်ကြည်ဖုတွေကိုကုတ်ခြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ ယားယံမှုတွေကို သက်သာစေပြီး အမာရွတ်များဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါသည်။ အရေပြားရဲ့ pH အဆင့်ကိုလည်း ထိန်းညှိပေးပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ရေရောစပ်ပြီးလိမ်းပေးပါက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမာရွတ်တွေသက်သာစေနိုင်ပါတယ်။
အထက်ပါသဘာဝပစ္စည်းလေးတွေဟာ ရေကျောက်အမာရွတ်တွေကို သက်သာလာအောင် ပြုလုပ်ပေးနိုင်ပြီး အသားအရေကိုလည်း စိုပြေကြည်လင်လာစေနိုင်ပါတယ်။
Author: Dr. Aye Myat