ကိုယ်အပူချိန် မြင့်တက်ခြင်းသည် ကိုယ်ခန္ဓာသို့ ၀င်ရောက်လာသော ရောဂါပိုးမွှားများအား ပြန်လည်ခုခံတိုက်ခိုက်သော ဖြစ်စဥ်တစ်ခု ဖြစ်သည်။ ကိုယ်အပူချိန်မြင့်တက်နေပါက လူသည် နုံးခြင်း၊ မောပန်းခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများခံစားရတတ်သည်။
မြန်မာလူမျိုးအများစုသည် ဖျားနာခြင်းနှင့် ပတ်သက်၍အယူအဆအလွဲများကို လက်ခံထားကြသည်။
၁။ မက်ကလောင်ဖောက်ခြင်း(သို့မဟုတ်) မက်ကလောင်ခြစ်ခြင်း အယူအဆကို ရှေးနှစ်ပေါင်းများစွာကပင် ပြုလုပ်ကြသည်။ လည်ပင်း၊ ကျော၊ ခါး၊ ပေါင်၊ တင်ပါး စသော နေရာများကို တုံးသည့်ပစ္စည်းတစ်ခုခုနှင့် ခြစ်ကြသည်။ အချို့ကမူ လက်ထိပ်၊ ခြေထိပ်များနှင့် စအို၀များကို အပ်ဖြင့် ဖောက်ကြသည်။ သွေးပုပ်များထွက်လာကာ ရောဂါပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။
သို့သော် ကောင်းကျိုးထက် ဆိုးကျိုးသည်က ပိုများပါသည်။ အရေပြား ပွန်းပဲ့သွားသည့်အတွက် အပြင်မှ ရောဂါပိုးမွှားများ အလွယ်တကူ ၀င်ရောက်နိုင်သည်။ မက်ကလောင်ဖောက်ပြီးမှ ရောဂါပိုး၀င်က ပိုးဆိပ်တက်ပြီး သေဆုံးသည့် အဖြစ်အပျက်များ အများကြီးရှိလေသည်။
၂။ အချို့က အဖျားတက်လျှင် အ၀တ်ထူကြီးများ၀တ်ကာ စောင်အထူကြီး ခြုံထားတတ်ကြသည်။ အခန်းထဲရှိ ပြတင်းပေါက်များ အားလုံးပိတ်ကာ အဖျားတက်နေသူအား အခန်းလုံလုံထဲတွင် ထည့်ထားတတ်သူများလည်းရှိသည်။ မှားယွင်းသော အယူအဆဖြစ်သည်။
အဖျားရှိပြီဆိုပါက အ၀တ်အစား ပါးပါးချောင်ချောင်ချိချိများကို ၀တ်ဆင်ထားရမည်။ အခန်းကို လေ၀င်လေထွက်ကောင်းအောင် ပြတင်းတံခ့ါးများ ဖွင့်ထားရမည်။ Air Corn ရှိလျှင် မပူလွန်းမအေးလွန်းသည့် အနေအထားနှင့်ဖွင့်ထားသင့်သည်။
အဖျားအလွန်ကြီးလွန်းလျှင် ပေါင်ခြံနှင့် ချိုင်းကြားများထဲသို့ ရေစို၀တ် ၁၀ မိနစ်ခန့်ထည့်ထားလို့ရသည်။ ကလေးငယ်များတွင် ရေပတ်တိုက်ခြင်း၊ ရေချိုးခြင်းးမျိုးလည်းပြုလုပ်ပေးလို့ရသည်။
၃။ အစားများများစားလျှင် အဖျားတက်သည်ဟုဆိုကာ အစားလျှော့စားခြင်းသည်လည်း မှားယွင်းသော အချက်ဖြစ်သည်။ အဖတ်စားလျှင် အဖျားတက်သည်ဟုဆိုကာ တစ်ချို့ကား အရည်ပဲသောက်ကြသည်။
ကလေးသူငယ်များတွင် အဖျားကြီးလွန်းလျှင် နို့ဆို့နည်းသွားတတ်သည်။ နို့မစို့နိုင်ဖြစ်လျှင် ဇွန်းဖြင့် ဖြည်းဖြည်းချင်း တိုက်သင့်သည်။ ကလေးငယ်များတွင် အဖျားတက်လျှင် ပမာဏနည်းနည်းကို အကြိမ်များစွာ ကျွေးမွေးရမည်။ ကလေးအစာကြေနိုင်သော အစားအစာများကို နူညံ့ပျော့ပျောင်းအောင်ပြင်ဆင်၍ ကျွေးမွေးသင့်သည်။။
၄။ အဖျားရှိလျက် ရုံးတက်ခြင်း၊ လူအများကြားတွင် လျှောက်သွားခြင်းသည် မိမိအတွက်သာမက တစ်ခြားသူများကိုပါ ရောဂါကူးနိုင်သောအခြေအနေ ဖြစ်သည်။ အဖျားရှိလျှင် အလုပ်မှခွင့်ယူကာ အိမ်တွင် ကိုယ်ရောစိတ်ပါ အပြည့်အအပြည့်အ၀အနားယူရမည်ဖြစ်သည်။ အိမ်တွင်နားနေခြင်းသည် နာလန်ထမြန်ရုံမက တစ်ခြားသူများအား ရောဂါကူးစက်နိုင်ခြင်းမှလည်း ကာကွယ်ပြီး ဖြစ်သည်။
၅။ အဖျားရှိလျှင် ပျို့ချင်အန်ချင်သည်ဟုဆိုကာ အချို့က မစားမသောက်ဘဲ နေတတ်ကြသည်။ ချွေးထွက်များလျှင် ကိုယ်ခန္ဓာမှ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုများတတ်သည်။ ဓာတ်ဆားရည် ပြန်သောက်ပေးရမည်။ အရည်များများနှင့် အရည်ရွှမ်းသော အသီးအနှံများလည်း စားသုံးသင့်သည်။
ကလေးငယ်များတွင်အဖျားတက်ခြင်းနှင့်အတူ အစားမ၀င်ခြင်းအန်ခြင်း၊ အသက်ရှူမြန်နေခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း၊ ကလေးမိန်းနေခြင်း၊ နုံးနေခြင်းနှင့် အဖျားတာရှည်နေလျှင် နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားရောက်ကာ ကုသမှုခံယူရမည်။ လူကြီးများတွင်မူ ချောင်းဆိုးသွေးပါခြင်း၊ ၂ ပတ်ကျော် ဖျားနေခြင်းမျိုးများရှိလျှင် ဆေးကုသမှုခံယူရမည်ဖြစ်သည်။
Author: Dr. Aye Chan Moe