မျက်နှာပေါ်က တင်းတိပ်တွေဟာ ကျန်းမာရေးကို မထိခိုက်နိုင်ပေမဲ့ အလှအပအတွက်တော့ အလွန်စိတ်ရှုပ်စရာကောင်းပါတယ်။ တစ်ခါတစ်ရံတင်းတိပ်တွေဟာ မျက်နှာပေါ်မှာသာမက လည်ပင်း၊ လက်ဖျံတို့မှာပါ တွေ့ရတတ်ပါတယ်။
ဘာကြောင့် တင်းတိပ်တွေပေါ်လာရသလဲ
အရေပြားပေါ်မှာရှိတဲ့ ဆဲလ်လေးတွေဟာ အရောင်ကို ထုတ်သင့်တာထက်ပိုထုတ်နေခြင်းကြောင့် Melasma (ခေါ်) တင်းတိပ်တွေဖြစ်ပေါ်လာရပါတယ်။ အထူးသဖြင့် တင်းတိပ်တွေဟာ မဟော်မုန်းအပြောင်းအလဲနဲ့ မညီမျှမှုတွေကြောင့် ဖြစ်ပေါ်လေ့ရှိတာမို့ အမျိုးသမီးတွေမှာ တင်းတိပ်တွေပိုတွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် ဟော်မုန်းဆေးသောက်နေသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် တင်းတိပ်တွေပိုဖြစ်ပေါ်နိုင်ပါတယ်။
ဒါ့ပြင် နေလောင်ဒဏ်ခံရခြင်းကလည်း တင်းတိပ်တွေဖြစ်လာစေနိုင်တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။
တင်းတိပ်တွေဟာ များသောအားဖြင့် ယားခြင်း၊ နာခြင်းတွေမရှိတတ်ပါဘူး။ အထူးသဖြင့် ပါးနှစ်ဖက်၊ နဖူး၊ နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။
တင်းတိပ်တွေမဖြစ်လာအောင် ဘယ်လိုကာကွယ်ရမလဲ
တင်းတိပ်တွေဟာ နေလောင်ဒဏ်ကြောင့် ဖြစ်လာတတ်တာမို့ နေ့စဥ် spf 30 or 50 ပါဝင်တဲ့ Sunscreen ကို မဖြစ်မနေလိမ်းပေးသင့်ပါတယ်။ ဒါ့ပြင် နေပူထဲထွက်မယ်ဆိုရင် ထီး၊ ဦးထုပ်စသဖြင့် အသုံးပြုပေးရပါမယ်။ ဒါ့ပြင် စိတ်ဖိစီးမှုကြောင့် ဟော်မုန်းမညီမျှမှုတွေ ဖြစ်မလာအောင် ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ မိမိနှစ်သက်ရာဝါသနာပါရာကို နေ့စဥ်ပြုလုပ်ပေးသင့်ပါတယ်။
တင်းတိပ်တွေသက်သာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်လဲ
၁။ Kojic Acid သို့မဟုတ် Melaplex ပါဝင်တဲ့ lotions တွေဟာအသားဖြူလာစေနိုင်တာကြောင့် တင်းတိပ်တွေကို မှေးမှိန်သွားစေပါတယ်။
၂။ Chemical peel လုပ်ခြင်းဟာလည်း တင်းတိပ်တွေကို သက်သာစေမယ့် နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ Chemical Peeling တွေထဲမှာ ပါဝင်လေ့ရှိတဲ့ Glycolic Acid ဟာ တင်းတိပ်တွေရှိနေတဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာကို ကွာကျသွားစေပါတယ်။
၃။ လေဆာပစ်ခြင်းဟာလည်း တင်းတိပ်တွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့လည် တစ်ခါတစ်ရံ ဆိုးကျိုးတွေရှိလာနိုင်တာကြောင့် လေဆာပစ်လိုတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
တင်းတိပ်တွေကို အိမ်တွင်းသဘာဝပစ္စည်းတွေနဲ့ရောကုသနိုင်လား
သဘာဝပစ္စည်းအချို့နဲ့လည်း မျက်နှာပေါ်က တင်းတိပ်တွေကို သက်သာအောင် ကုသနိုင်ပါတယ်။
(၁) နနွင်း
နနွင်းမှာပါဝင်တဲ့ Curcumin လို့ခေါ်တဲ့ Antioxidant တစ်မျိုးဟာ အသားအရောင်ကို ဖြူဝင်းလာကာ တင်းတိပ်တွေကို သက်သာလာစေနိုင်ပါတယ်။
(၂) သံပရာသီး
သံပရာသီးဟာ အရေပြားပြဿနာတော်တော်များများကို ကုသတဲ့နေရာမှာ နာမည်ကြီးပါတယ်။ သံပရာသီးဟာ မျက်နှာပေါ်က တင်းတိပ်၊ အညိုစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(၃) သင်္ဘောသီး
သင်္ဘောသီးမှာပါဝင်တဲ့ Papain ဟာ တင်းတိပ်တွေကို ထိရောက်စွာ သက်သာစေနိုင်ပါတယ်။ သင်္ဘောသီးကို ပျားရည်နဲ့ရောပြီး မိနစ်၂၀ခန့် ပေါင်းတင်ပေးရပါမယ်။ တစ်ပတ်ကို တစ်ကြိမ် ၃ လခန့်ပြုလုပ်ပေးရင် တင်းတိပ်တွေ သက်သာလာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
(၄) ရှားစောင်းလက်ပပ်
မျက်နှာစိုပြည်ဝင်းပဖို့ ရှားစောင်းလက်ပပ်နဲ့ မကြာခဏပေါင်းတင်လေ့ရှိကြပါတယ်။ ရှားစောင်းလက်ပပ်ဟာလည်း တင်းတိပ်တွေကို သက်သာစေနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
(၅) ကြက်သွန်နီ
ကြက်သွန်နီထဲမှာ ပါဝင်တဲ့ Sulfoxides နဲ့ Cepaenes တို့ဟာ တင်းတိပ်တွေကို သက်သာစေနိုင်သလို နီမြန်းမှုနဲ့ ညိုညစ်မှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။
(၆) သခွားသီး
သခွားသီးမှာ ရေဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် အသားအရေကို စိုပြည်ဝင်းပလာစေပြီး တင်းတိပ်တွေကို မှေးမှိန်သွားစေနိုင်ပါတယ်။
တင်းတိပ်တွေ သက်သာလာစေဖို့ ဆိုရင် သဘာဝပစ္စည်းတွေကို စိတ်ရှည်ရှည်နဲ့ ပုံမှန်အသုံးပြုပေးရမှာဖြစ်ပါတယ်။ တင်းတိပ်တွေပိုမဆိုးလာအောင် နေလောင်ဒဏ်မခံရအောင် ကာကွယ်နေထိုင်ဖို့လည်း လိုပါတယ်။ မိမိရဲ့တင်းတိပ်တွေဟာ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စေပြီး နေ့စဥ်ဘဝကိုပါထိခိုက်နေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။