တရားထိုင်ခြင်းဆိုသည်မှာ မြန်မာလူမျိုးများအတွက် ရင်းနှီးသော အလေ့အကျင့်တစ်ခု ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်၀န်းရှိ လူပေါင်းများစွာတို့သည် တရားထိုင်ခြင်း ခေါ် Mindfulness Exercises ကို ဘာသာရေးအနေဖြင့်မဟုတ်ဘဲ ကျန်းမာရေးအနေဖြင့် လုပ်ဆောင်သင့်သောအလေ့အကျင့်တစ်ခုအဖြစ် စွဲမြဲစွာ လုပ်ဆောင်နေကြသည်။ တရားထိုင်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများများစွာရှိသည်။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းရန်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါသည်။
တရားထိုင်ခြင်းဆိုသည်မှာ မိမိ၏ စိတ်ကလေးအား အာရုံတစ်ခုတည်းပေါ်တွင် စူးစိုက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိ၏ စိတ်ကို ၀င်လေထွက်လေပေါ်တွင် အာရုံပြုနေခြင်းဖြစ်သည်။
တရားထိုင်ခြင်း ကြောင့် ရရှိသော အကျိုးကျေးဇူးများ များစွာရှိသည်။
၁။ သွေးဖိအားကို ထိန်းညှိပေးခြင်း
သွေးတိုးခြင်းဆိုသည်မှာ နှလုံးနှင့် သွေးကြောများအတွင်း ဖိအားများနေခြင်းကြောင့် ဖြစ်သည်။ တရားထိုင်ခြင်းကြောင့် နှလုံးနှင့် သွေးကြောများကို ထိန်းချုပ်ပေးသည့် အာရုံကြောများကို ဖြေလျှော့ပေးသည့် အတွက် နှလုံးနှင့် သွေးကြောအတွင်းရှိ သွေးဖိအားကို လျော့ကျစေပါသည်။
နေ့စဥ် တရားထိုင်ပေးခြင်းဖြင့် သွေးဖိအားကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
၂။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်ခြင်း
တရားထိုင်ခြင်းကြောင့် စိတ်ဖိစီးဖိမှုကို လျှော့ချပေးရုံသာမက သွေးဖိအားကိုလည်း ထိန်းချုပ်ပေးသည်။ ထို့ပြင် အသက်ရှူသွင်း ရှူထုတ်ကို ပုံမှန် စူးစိုက်လုပ်ဆောင်နေခြင်းကြောင့် ကိုယ်ခန္ဓာအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေသောကြောင့် နှလုံးရောဂါနှင့် လေဖြတ်ရောဂါများကို ကာကွယ်ပေးပါသည်။
၃။ အနာသက်သာစေခြင်း
တရားထိုင်ခြင်းသည် စိတ်ငြိမ်းချမ်းမှု စိတ်တည်ငြိမ်မှုကို ရရှိစေရုံသာမက ဦးနှောက်မှ
Endorphins ဟော်မုန်းကို ထွက်စေသည်။ Endorphins သည် သဘာ၀အလျောက် အနာသက်သာစေသော ဟော်မုန်း ဖြစ်သည်။ ထို့ကြောင့် ကင်ဆာ ရောဂါဝေဒနာရှင်များနှင့် နာကျင်မှု ကို ခံစားနေရသောလူနာများတွင်တရားထိုင်ခြင်းကြောင့် အနာသက်သာစေပါသည်။
၄။ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း
တရားထိုင်နေစဥ်တွင် မကောင်းသောအတွေးများနှင့် အဆိုးမြင်အတွေးများကို လျှော့ချပေးသည်။ တရားထိုင်နေစဥ်တွင် စိတ်သည် ၀င်လေထွက်လေပေါ်တွင် အာရုံစူးစိုက်နေရသောကြောင့် စိုးရိမ်ကြောင့်ကြများကို မေ့ပျောက်ကာ စိတ်ဖိစီးမှုကို လျှော့ချပေးပါသည်။ ထို့ကြောင့် စိတ်ကျရောဂါ ရှိသူများအနေနှင့် တရားထိုင်ခြင်း အလေ့အကျင့်ကို ပြုလုပ်ခြင်းပေးခြင်းဖြင့် အကောင်းမြင်စိတ်များ တိုးပွားလာပြီး လူ့လောက တွင် ပို၍ နေပျော်လာမည်။
၅။ အိပ်ပျော်စေခြင်း
ညဘက် အိပ်ရာ၀င်ခါနီး အတွေးများနေခြင်းများသည် အိပ်မပျော်ခြင်း၏ အဓိကသော့ချက်ဖြစ်သည်။ မိသားစု အရေး၊ ကျန်းမာရေး၊ အလုပ်ကိစ္စများနှင့် များမြောင်လှသော လူ့ဘောင်တွင် အတွေးကိုယ်စီနှင့် စိတ်ဖိစီးမှုကို ခံစားကြရသည်။ တရားထိုင်ခြင်းအလေ့အကျင့်ဖြစ်လာပါကာ စိတ်သည် ပျံ့နှံ့ခြင်းမရှိဘဲ အာရုံတစ်ခုတည်းတွင်သာ ထားရှိနိုင်ပြီး အတွေးများဖယ်ရှားနိုင်မည်။ မတည်ငြိမ်သော စိတ်ကို ထိန်းချုပ်လာနိုင်ပြိး လှုပ်ရှားနေသည့်စိတ်ကို တည်ငြိမ်စေကာ ညဘက်အိပ်မပျော်ခြင်းကို ပျောက်ကင်းစေသည်။
၆။ မှတ်ဥာဏ် ကောင်းမွန်လာခြင်း
စိတ်လှုပ်ရှာခြင်းး၊ ဂနာမငြိမ်ခြင်းနှင့် အာရုံစူးစိုက်မှု မရှိခြင်းတို့သည် မတည်ငြိမ်သောစိတ်ကို ဖော်ပြနေသည်။
မတည်ငြိမ်သော စိတ်သည် အတွေးပေါင်းစုံနှင့် စိတ်ခံစားမှုမျိုးစုံကို ခံစားရမည်။ စိတ်ဓာတ်အတက်အကျနှင့် လှုပ်ရှားနေသော စိတ်တို့ကြောင့် အာရုံစူးစိုက်မှု မရှိ ဖြစ်တတ်သည်။ တရားထိုင်ခြင်းဖြင့် မတည်ငြိမ်သော စိတ်ကို အေးချမ်းအောင် ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် မနက်တစ်ကြိမ် ညတစ်ကြိမ် ၁၀ မိနစ်ခန့် တရားထိုင်ပေးခြင်းအားဖြင့် မှတ်ဥာဏ် အားကောင်းလာပြီး လေ့လာမှတ်သားရာတွင် တိုးတက်လာမည်။ ထို့ပြင် စိတ်အေးချမ်းမှုရရှိနေပြီး စိတ်တည် ငြိမ်နေခြင်းဖြင့် အသက်ကြီးလာသောအခါတွင်လည်း သတိမေ့ခြင်း၊ မှတ်ဥာဏ် ပျောက်ဆုံးခြင်းနှင့် Alzheimer ရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါသည်။
တရားထိုင်ခြင်းကြောင့် စိတ်တည်ငြိမ်မှု ရရှိကာ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းကို ရရှိနိုင်သောကြောင့် တရားထိုင်ခြင်း အလေ့အကျင့်ကို နေ့စဥ် လုပ်ဆောင်ကာ အလုံးစုံ ငြိမ်းချမ်းခြင်းကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။
Author: Dr. Aye Chan Moe